သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်စစ်သဘောၤတိုက်မှုကြောင့် ရေတပ်လုပ်ငန်းယာယီဆိုင်းငံ့


သဘောၤတိုက်မှုဖြစ်ခဲ့တဲ့ USS S. John McCain
သဘောၤတိုက်မှုဖြစ်ခဲ့တဲ့ USS S. John McCain

အမေရိကန်ရေတပ်ဖျက်သင်္ဘော USS John S. McCain နဲ့ လိုက်ဘေးရီးယားရေနံတင်သင်္ဘောတိုက်မိခဲ့တဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် တကမ္ဘာလုံးမှာရှိတဲ့ အမေရိကန်ရေတပ်သင်္ဘောတွေရဲ့ လုပ်ငန်းတွေအားလုံးကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။ တနင်္လာနေ့အစောပိုင်းက မလက်ကာရေလက်ကြားနားမှာ တိုက်မိခဲ့မှုအတွင်း အမေရိကန်စစ်သား ၅ ယောက်ဒဏ်ရာရခဲ့ပြီး ၁၀ ယောက်ပျောက်ဆုံးနေပါတယ်။ အမေရိကန်ရေတပ်မဟာ ၇ ကစစ်သင်္ဘောကြီးတွေ တိုက်မှုဖြစ်တာ ၃ လ အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်တဲ့အတွက် ရေတပ်တာဝန်ရှိသူတွေ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းသုံးသပ်နေတဲ့အကြောင်း မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

Singapore နဲ့မလေးရှားနိုင်ငံကြားက သင်္ဘောအသွားအလာရှုပ်ထွေးတဲ့ မလက်ကာရေလက်ကြားနားမှာ တနင်္လာနေ့မနက် ဒေသစံတော်ချိန် ၆ နာရီခွဲလောက်က အမေရိကန်ရေတပ်ပိုင် ပေ ၅၀၀ ကျော်ရှည်လျားတဲ့ ဖျက်သင်္ဘော USS John S. McCain နဲ့ ပေ ၆၀၀ ရှည်လျားတဲ့ လိုက်ဘေးရီးယားရေနံတင်သင်္ဘော Alnic MC တို့ တိုက်မိခဲ့တာပါ။ Singapore ဆိပ်ကမ်းမှာ အမေရိကန်စစ်သင်္ဘောကြီး ပုံမှန်အတိုင်းကမ်းကပ်ဖို့ အသွား ခုလိုတိုက်မိခဲ့တာ ဖြစ်ပါတယ်။ တိုက်မိခဲ့တဲ့အရှိန်ကြောင့် USS John S. McCain ရဲ့ ဗယ်ဖက် အနောက်ခြမ်း ဝမ်းဗိုက်ပိုင်း တော်တော်လေး ထိခိုက်ပျက်စီးသွားပါတယ်။ ရေတပ်သား ၅ ယောက်ထိခိုက်ဒဏ်ရာရခဲ့သလို ၁၀ ယောက် ပျောက်ဆုံးနေပါတယ်။ သင်္ဘောတိုက်မှုဖြစ်ခဲ့ပြီးနောက် USS John S. McCain ဖျက်သင်္ဘောကြီးဟာ စင်္ကာပူရေတပ် Changi ဆိပ်ကမ်းကို သူ့ဖာသာသွားရောက် ကမ်းကပ်ခဲ့ပါတယ်။ ထိခိုက်ပျက်စီးသွားတဲ့ သင်္ဘောကို ကူညီဖို့ ရေထဲမှာရော ကုန်းပေါ်မှာပါသွားလို့ရတဲ့ USS America တိုက်သင်္ဘောဟာ အခုစင်္ကာပူမှာ ရောက်နေပါပြီ။ ပျောက်ဆုံးနေတဲ့ အမေရိကန် ရေတပ်သားတွေကို အမေရိကန်။ Singapore။ မလေးရှားနဲ့ အင်ဒိုနီးရှားရေတပ်က သင်္ဘောတွေ ရဟတ်ယာဉ်တွေနဲ့ လိုက်လံ ရှာဖွေနေကြပါတယ်။ စင်္ကာပူရေတပ်ရဟတ်ယာဉ်နဲ့ ကယ်တင်နိုင်ခဲ့တဲ့ အမေရိကန်ရေတပ်သားတွေကို စင်္ကာပူအထွေထွေဆေးရုံကြီးမှာ ကုသပေးနေတယ်လို့ စင်္ကာပူကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ရေနံတင်သင်္ဘော Alnic MC ရဲ့ အရှေ့ဖက်အခြမ်း ရေမျက်နှာပြင်အထက် ၂၃ ပေေ လာက်မှာ ထိခိုက်ပျက်စီးခဲ့ပေမဲ့ သင်္ဘောသားတယောက်မှ ထိခိုက်ဒဏ်ရာ မရခဲ့ဘူးလို့ Singapore ဆိပ်ကမ်းနဲ့ ရေကြောင်းဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန် ရေတပ်မဟာ ၇ ကသင်္ဘောကြီးတွေ သင်္ဘောတိုက်မှုုဖြစ်တာ ၃ လ အတွင်းမှာ ၂ ကြိမ်မြောက်ဖြစ်ပါတယ်။ June လတုန်းကပဲ USS Fitzgerald ဖျက်သင်္ဘောနဲ့ဖိလစ်ပိုင်ကုနတင်သင်္ဘောတို့ဂျပန်ရေပိုင်နက်ထဲမှာ မတော်တဆတိုက်မိခဲ့တဲ့အတွက် အမေရိကန်ရေတပ်သား ၇ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒါကြောင့် နောက်ထပ်မဖြစ်အောင် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်မှုဖို့ လိုအပ်လာတဲ့အတွက် ကမ္ဘာတဝန်းမှာရှိနေတဲ့ အမေရိကန်ရေတပ်သင်္ဘောတွေအားလုံးရဲ့ လုပ်ငန်းဆောင်ရွက်မှုအားလုံးကို ခေတ္တရပ်ဆိုင်းပြီး ပြန်လည်သုံးသပ်ဖို့ ရေတပ်စစ်ဆင်ရေးမှူးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး John Richardson က တနင်္လာနေ့က အမိန့်ထုတ်ခဲ့ပါတယ်။

"ကမ္ဘာတဝန်းက အမေရိကန်ရေတပ်သင်္ဘောအားလုံးရဲ့ လုပ်ငန်းတွေယာယီရပ်ဆိုင်းထားဖို့ ကျွန်တော်ညွှန်ကြားထားပါတယ်။ တကမ္ဘာလုံးကကျွန်တော်တို့ ရေတပ်သင်္ဘောတွေအားလုံး ဘေးအန္တရာယ်ကင်းကင်းနဲ့ လုပ်ငန်းတွေ ထိထိရောက်ရောက်လုပ်နိုင်ဖို့ သင့်တော်တဲ့ အရေးယူဆောင်ရွက်မှုအားလုံး အမြန်ဆုံးဆောင်ရွက်ကြဖို့ ရေတပ်ဗိုလ်ချုပ်ကြီးတွေအနေနဲ့ အဆင့်ဆင့်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးကြစေချင်ပါတယ်။ ဒါတင်မက ဒီလိုမတော်တဆမှုတွေ ဘာကြောင့်ဖြစ်နေရသလဲဆိုတဲ့ အဓိကအကြောင်းအချက်တွေကို ပိုပြီးထဲထဲဝင်ဝင် လေ့လာသုံးသပ်ဖို့လည်း ညွန်ကြားထားပါတယ်။"

အခုနောက်ဆုံးဖြစ်ခဲ့တဲ့ သင်္ဘောတိုက်မှုသာမက ဘာကြောင့်ဒီအခြေအနေမျိုးဖြစ်ရသလဲဆိုတဲ့ အခြေအနေတွေကို ရေတပ်ဗိုလ်ချုပ်ကြီး Richardson က ကျယ်ကျယ်ပြန့်ပြန့် စတင်စုံစမ်းနေပြီလို့ ကာကွယ်ရေးဝန်ကြီး Jim Mattis ကလည်း အစောပိုင်းက ပြောကြားခဲ့ပါတယ်။

"ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ရေတပ်ဗိုလ်ချုပ်ကြီး Richardson ကျယ်ကျယ်ပြန့်ပြန့်စုံစမ်းနေပြီး ဘာကြောင့်ဒါမျိုးတွေဖြစ်နေရသလဲ။ လတ်တလော အခြေအနေတွေသာမက ဒီလိုအခြေအနေရောက်စေတဲ့ အကြောင်းအချက်တွေအားလုံးကို သုံးသပ်မှာဖြစ်ပါတယ်။

မြောက်ကိုရီယားအစိုးရရဲ့ Nuclear နဲ့ပဲ့ထိန်းဒုံးရန် မြင့်တက်နေချိန်မှာ ခုလိုအမေရိကန်ရေတပ်ရဲ့ လုပ်ငန်းတွေပြန်လည်သုံးသပ်ဖို့ ညွှန်ကြားချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်။ USS Fitzgerald တိုက်မှုဖြစ်ခဲ့တုန်းကတော့ ရေတပ်အကြီးတန်းအရာရှိ ၂ ယောက်နဲ့ အကြီးတန်းရေတပ်သား ၁ ယောက်တို့ကို ရာထူးကနေ ဖယ်ရှားခဲ့တယ်လို့ အမေရိကန်ရေတပ်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG