သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအတွက် ဒေါ်လာသန်း ၂၀၀ နီးပါး အမေရိကန် ထပ်မံကူညီမည်


ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းမြင်ကွင်း (စက်တင်ဘာ ၁၂၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းမြင်ကွင်း (စက်တင်ဘာ ၁၂၊ ၂၀၂၄)

ရိုဟင်ဂျာအရေး နောက်ထပ် အကူအညီအဖြစ် ဒေါ်လာ သန်း ၂၀၀ နီးပါး သုံးစွဲမယ့်အကြောင်း အမေရိကန်က ကြေညာလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ၊ အကူအညီပေးနေတဲ့ ဒေသခံလူမှုအသိုက်အဝန်းနဲ့ ဒေသတွင်းအတွက် ဒေါ်လာ ၁၉၉ သန်း ပေးမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန် သီးသန့်အစည်းအဝေးမှာ ကြေညာလိုက်တာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံပေးထားတဲ့ လူ့အဖွဲ့အစည်းတွေ အတွက် ဒီအကူအညီမှာ အမေရိကန် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ (USAID) အပါအဝင် အမေရိကန် အေဂျင်စီတွေကနေတဆင့် အကူအညီတွေကို သုံးစွဲမှာ ဖြစ်ကြောင်းလည်း အမေရိကန် အရပ်ဘက်လုံခြုံရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Uzra Zeya ကပြောပါတယ်။

USAID အတွက် ဒေါ်လာ ၁၂၉ သန်းကျော်နဲ့ အမေရိကန် နိုင်ငံခြားရေးဌာန ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာဌာနအတွက် ဒေါ်လာသန်း ၇၀ နီးပါးကိုလည်း လျာထားခဲ့တာပါ။ USAID က သုံးစွဲမယ့်အထဲက ဒေါ်လာ ၇၈ သန်းကိုတော့ အမေရိကန် လယ်သမားတွေဆီက လယ်ယာထွက်ကုန်တွေကိုဝယ်ယူပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်ရှိ အဖွဲ့အစည်းတွေဆီကို ပို့ဆောင် ဖြန့်ဝေပေးဖို့လည်း စီစဉ်ထားတာပါ။

အကူအညီသစ်ဟာ ဖိနှိပ်မှုတွေကနေ တိမ်းရှောင်လာတဲ့ ရိုဟင်ဂျာတွေကို ကယ်တင်စောင့်ရှောက်ရာမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့လည်း ဝန်ကြီး Zeya က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွက်ပြေးခဲ့ရပြီးနောက်ပိုင်း ၂၀၁၇ ခုနှစ် သြဂုတ်လကစ အမေရိကန်က အကူအညီပေးအပ်နေတာ ဒေါ်လာ သန်း ၂၅၀၀ ကျော် ရှိသွားပါပြီ။

ရိုဟင်ဂျာတွေအတွက် ဒေါ်လာသန်း ၂၀၀ နီးပါး အမေရိကန် ထပ်မံကူညီမည်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG