သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုံးခွင်းဒုံးစနစ်အပြည့်အဝချထားရေး ကန်ဗိုလ်ချုပ်ကြီး တောင်ကိုရီးယားသမ္မတနဲ့ဆွေးနွေး


 ကန်ဗိုလ်ချုပ်ကြီး နှင့် တောင်ကိုရီးယားသမ္မတ
ကန်ဗိုလ်ချုပ်ကြီး နှင့် တောင်ကိုရီးယားသမ္မတ

မြောက်ကိုရီးယားနဲ့အမေရိကန်၂နိုင်ငံအကြားတင်းမာမှုတွေတိုးမြင့်လာနေချိန်မှာ တောင်ကိုရီးယားနဲ့အမေရိကန်တို့ရဲ့ နှစ်ပတ်လည်စစ်ရေးလေ့ကျင့်မှုတွေလည်းရှိနေပါတယ်။ ဒီအချိန်မှာပဲ အမေရိကန်ထိပ်တန်း ဗိုလ်ချုပ်ကြီး Joe Dunford တောင်ကိုရီးယားနိုင်ငံကိုရောက်လာပြီး သမ္မတ မွန်းဂျေးအင်နဲ့တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်းဗွီအိုအေသတင်း ထောက် Carla Babb ရဲ့သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုကျော်အောင်လွင်က အပြည့်အစုံတင်ပြပေးပါမယ်။

ကိုရီးယားကျွန်းဆွယ်မှာ THAAD လို့ခေါ်တဲ့ ဒုံးခွင်းဒုံးစနစ်အပြည့်အ၀ ချထားရေး လုပ်ထုံး လုပ်နည်းဆိုင်ရာကိစ္စရပ်တွေကို အမေရိကန်ပြည်ထောင်စုနဲ့တောင်ကိုရီးယား မဟာမိတ်နှစ်နိုင်ငံ ပူးတွဲပြီးလုပ်ဆောင်နေကြတယ်လို့ အမေရိကန် စစ်ဦး စီးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Joe Dunfordက ပြောပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်နဲ့ မနေ့တုန်းက တွေ့ဆုံခဲ့ကြတုန်းက THAAD ဒုံးခွင်းဒုံးစနစ် အပြည့်အဝချထားရေးကိစ္စ ဘယ်အချိန်မှာလုပ်ဆောင်မယ်ဆိုတဲ့ အချိန်ဇယား အတိအကျကိုတော့ ပြောဆိုခဲ့ကြတာမရှိဘူးလို့ ဗိုလ်ချုပ်ကြီး Joe Dunfordက ပြောပါတယ်။ ပစ္စဖိတ်သမုဒ္ဒရာ အတွင်းက အမေရိကန်ပိုင် Guamကျွန်းနားကို တာလတ်ပစ် ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ရှိတယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေရှိလာပြီးရက်ပိုင်းအတွင်းမှာပဲ အမေရိကန် ဗိုလ်ချုပ်ကြီး Joe Dunford တောင်ကိုရီးယားကို ရောက်လာခဲ့တာပါ။ Guam ကျွန်းကိုထိရင်တော့ မြောက်ကိုရီးယား အကြီးအကျယ်ဒုက္ခရောက်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နလ်ထရမ့်က တုံ့ပြန်ထားပါတယ်။

“Guam ကျွန်းမှာ တခုခုဖြစ်လာလို့ကတော့ မြောက်ကိုရီးယားအနေနဲ့ အကြီးအကျယ်ဒုက္ခရောက်သွားလိမ့်မယ်”လို့ သမ္မတ ထရမ့်ကပြောသွားခဲ့တာပါ။

ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက်ကင်းစင်ရေး လုပ်ဆောင်မှုမှာ အမေရိကန်အစိုးရရဲ့ သံတမန်ရေးနဲ့ စီးပွါးရေးဆိုင်ရာကြိုးပမ်းမှုတွေကို အားပေးထောက်ပံ့သွားဖို့ဆိုတဲ့ ကိစ္စကိုပဲ အမေရိကန်စစ်တပ်က အဓိကအာရုံစိုက် ထားတယ်ဆိုပေမဲ့ တိုက်ခိုက်ရေးအစီအစဉ်တွေလည်း ရှိတယ်လို့ ဗိုလ်ချုပ်ကြီး Joe Dunfordကပြောပါတယ်။

“စီးပွားရေးနဲ့ သံတမန်ရေးဖိအားပေးဆောင်ရွက်ချက်တွေ မအောင်မြင်ခဲ့ရင် သမ္မတအနေနဲ့ စစ်ရေးအရလုပ်နိုင်မယ့် နည်းလမ်းတွေကို သေချာအောင် စစ်ခေါင်းဆောင်တဦးအနေနဲ့ ကျနော်လုပ်ထားရပါတယ်။”

အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis နဲ့ နိုင်ငံခြားရေးဝန်ကြီး Rex Tillersion တို့ကလည်း တောင်ကိုးရီးယား အစိုးရသစ်က THAAD ဒုံးခွင်းဒုံးစနစ်ချထားရေးကို ဆက်ပြီးဆောင်ရွက်နေတာကို Wall Street ဂျာနယ်မှာ ချီးကျူးထားပါ တယ်။

THAAD ဒုံးခွင်းဒုံးဟာ တာတို၊ တာလတ်နဲ့ တိုက်ချင်းပစ်မစ်ဇိုင်းဒုံးကျည်တွေကို လမ်းခုလတ်မှာ ပစ်ချနိုင်တဲ့ ဒုံးစနစ်ဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ဒေသတွင်းနဲ့ကမ္ဘာ့လုံခြုံရေးကိုပါခြိမ်းခြောက် လာနေပြီလို့ တောင်ကိုရီးယားသမ္မတက ပြောတဲ့ အကြောင်း တောင်ကိုရီးယားသမ္မတရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပါ့ခ်ဆူးဟွန်က မနေ့ကပဲ သတင်းထောက်တွေကိုပြောပါ တယ်။

“မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့မစ်ဇိုင်းဒုံးကျည်တိုးမြင့်စမ်းသပ်မှုတွေကြောင့် ကိုရီးယားကျွန်းဆွယ်ရဲ့ အခြေအနေက တခါမှမကြုံဘူးတဲ့စိုးရိမ်မှုမျိုးနဲ့ကြုံနေရတယ်။ ဒါတွေဟာ တကယ်ဖြစ်လာနိုင်တဲ့အန္တရာယ်တွေဖြစ်တယ်၊ နိုင်ငံတကာက တောက်လျှောက်ကန့်ကွက်နေတဲ့ကြားကနေ မြောက်ကိုရီးယားဘက်က ဒုံးကျည်စမ်းသပ်မှုတွေလုပ်ခဲ့ တာကြောင့် ဒေသတွင်းလုံခြုံရေးရော၊ နိုင်ငံတကာလုံခြုံရေးကိုပါ ချိန်းခြောက်လာနေပြီ"လို့ တောင်ကိုရီးယားသမ္မတရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ကိုရီးယားလိုပြောသွားတာပါ။

မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကိုရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးမှုကို ချက်ချင်းလုပ်ဖို့လည်း တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်က အပြင်းအထန်တိုက်တွန်းနေတာပါ။

အမေရိကန် စစ်ဦးစီးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Joe Dunfordရဲ့အာရှခရီးစဉ်မှာ တောင်ကိုရီးယားပြီးရင် တရုတ်နိုင်ငံကို သွားမှာဖြစ်ပြီး တရုတ်နိုင်ငံရေးခေါင်းဆောင်တွေ၊ စစ်ရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြောဆိုဖို့ရှိပါတယ်။ တရုတ်နိုင်ငံ ဟာ တောင်ကိုရီးယားမှာ THAAD ဒုံးခွင်းဒုံးစံနစ်ချထားမှုကို အပြင်းအထန်ကန့်ကွက်နေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံခရီးစဉ်ပြီးရင် ဗိုလ်ချုပ်ကြီး Joe Dunford ဂျပန်နိုင်ငံကိုခရီးဆက်မှာပါ။ လာမယ့် သြဂုတ်လ ၂၁ရက်ကနေ ၃၁ရက်အကြား အမေရိကန်နဲ့တောင်ကိုရီးယား၂နိုင်ငံ နှစ်ပတ်လည်စစ်ရေးလေ့ကျင့်မှုတခုလည်းလုပ်ဖို့ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG