သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် စစ်ဦးစီးအဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ကြီး Dunford တောင်ကိုရီးယားရောက်ရှိ


အမေရိကန်နဲ့ မြောက်ကိုရီးယားကြား တင်းမာမှုတွေ ပေါ်ပေါက်နေချိန်၊ နောက် အမေရိကန်နဲ့ တောင်ကိုရီးယားကြား နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုတွေကြောင့် တင်းမာမှုတွေ ထပ်တိုးလာနိုင်ခြေ ရှိနေတဲ့ အချိန်မှာဘဲ အမေရိကန် ထိပ်တန်း ဗိုလ်ချုပ်ကြီး ကိုရီးယား ကျွန်းဆွယ်ကို သွားရောက်ပါတယ်။

ကိုရီးယားကျွန်းဆွယ် နျူးကလီးယား ကင်းစင်ရေး အတွက် အစိုးရရဲ့ သံတမန်ရေး၊ စီးပွားရေး အရ ဆောင်ရွက်ချက်တွေကို စစ်တပ်အနေနဲ့ အဓိက ဦးစားပေးပြီး တပြိုင်တည်းမှာဘဲ ဒီဆောင်ရွက်ချက်တွေ မအောင်မြင်ခဲ့ရင် စစ်ရေးနည်းလမ်းအတွက်လည်း ပြင်ဆင်နေတယ်လို့ အမေရိကန် စစ်ဦးစီးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Joe Dunford က ကိုရီးယားကျွန်းဆွယ် ခရီးစဉ် အတွင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

အကောက်အယူ မလွဲစေရေး ကြိုတင် ကာကွယ်တဲ့ အနေနဲ့ တရုတ်နဲ့ အမေရိကန်ကြား စစ်တပ်ချင်း ဆက်ဆံရေးကို တဖက်က တည်ဆောက်နေချိန်မှာ မဟာမိတ် တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ကို ထပ်လောင်းအာမခံချက်ပေးဖို့ ဒီသတင်းပတ်သူ့ခရီးစဉ်က ရည်ရွယ်သွားရောက်တာလို့လည်း ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ ဒေသတွင်း မဟာမိတ်တွေကို ခြိမ်းခြောက်မှု ဖြစ်စေတဲ့ မြောက်ကိုရီးယား အစိုးရ လက်ထဲမှာ နျူးကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားတဲ့ အခြေအနေမျိုးကို သူ့အနေနဲ့ လက်သင့်မခံနိုင်ဘူးလို့ ပြောဆိုပေမယ့်လည်း စစ်တိုက်စရာ မလိုဘဲ ဒီအခြေအနေကနေ လွန်မြောက်နိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်လို့လည်း ဗိုလ်ချုပ်ကြီး Dunford က ပြောပါတယ်။

Ulchi-Freedom Guardian လို့ အမည်ပေးထားတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားစစ်တပ်တို့ရဲ့ နှစ်ပတ်လည် ပူးတွဲစစ်ရေးလေ့ကျင့်မှုက လာမယ့် ဗုဒ္ဓဟူးနေ့မှာ စတင်မှာပါ။ ဒီနှစ်နိုင်ငံ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေကို မြောက်ကိုရီးယားဘက်က အစဉ်တစိုက် ရှုတ်ချပြောဆိုနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG