သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လူထုစစ်တမ်းမှာ သမ္မတလောင်းကလင်တန် အသာစီးရ


 ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Hillary Clinton
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Hillary Clinton

အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ယှဉ်ပြိုင်နေတဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Hillary Clinton ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ပါတီညီလာခံ ကျင်းပပြီး နောက်မှာပဲ ပြိုင်ဘက် ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Donald Trump အပေါ် ပြန်လည် အသာရလာတဲ့ အကြောင်း နိုင်ငံရေး သဘောထား စစ်တမ်းသစ်တွေက တွေ့ရှိခဲ့ကြပါတယ်။

ဒီမိုကရက်တစ်ပါတီ ညီလာခံ မတိုင်ခင် သီတင်းတပတ်မှာ ကျင်းပခဲ့တဲ့ ရီပတ်ဘလစ်ကန်ပါတီ ညီလာခံ နောက်ပိုင်းမှာ တုန်းကလည်း အိမ်ခြံမြေလုပ်ငန်းရှင် Trump က နိုင်ငံခြားရေးဝန်ကြီးဟောင်း ကလင်တန် အပေါ် အသာရခဲ့ဖူးပါတယ်။ ၄ နှစ်တကြိမ် ကျင်းပတဲ့ ပါတီညီလာခံတွေ အဆုံးသတ်ပြီးနောက် ကောက်ယူခဲ့တဲ့ CBS သတင်းဌာနရဲ့ စစ်တမ်းမှာတော့ လူထုထောက်ခံမှုမှာ ကလင်တန်က ၄၆ ရာခိုင်နှုန်း၊ Trump က ၃၉ ရာခိုင်နှုန်း ရရှိထားပြီး၊ ဒါဟာဆိုရင် ဇွန်လလယ်တုန်းက ၄၃ ရာခိုင်နှုန်းနဲ့ ၃၇ ရာခိုင်နှုန်း ရခဲ့တဲ့ အခြေအနေမျိုး ပြန်ရောက်ခဲ့တာပါ။

ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် Trump ကို တရားဝင်ရွေးချယ်ခဲ့ပြီးနောက်၊ လွန်ခဲ့တဲ့ သီတင်းတပတ်ကျော်က ကောက်ယူခဲ့တဲ့ CBS သတင်းဌာနရဲ့ စစ်တမ်းမှာတော့ ၄၂ ရာခိုင်နှုန်းစီ ရှိနေတာ တွေ့ခဲ့ရပါတယ်။ ပါတီညီလာခံတွေနောက်ပိုင်း သမ္မတလောင်းတွေရဲ့ ရပ်တည်ချက်တွေမှာ တိုးတက်မှုတွေ ရှိတယ်လို့ စစ်တမ်းမှာ သဘောထားပေးသူတွေ က ပြောဆိုခဲ့ကြပေမဲ့လည်း ၂ ယောက်စလုံးအပေါ် မဲဆန္ဒရှင်တွေက သဘောမကျတဲ့ အမြင်တွေ ရှိနေဆဲ ဖြစ်တာကိုလည်း စစ်တမ်းကောက်ယူသူတွေ တွေ့ရှိခဲ့ကြပါတယ်။

နောက်ဆုံး စစ်တမ်းအရ သမ္မတလောင်း ကလင်တန်ကို သဘောကျတဲ့ မဲဆန္ဒရှင် ၃၆ ရာခိုင်နှုန်းနဲ့ မကြိုက်တဲ့သူ ၅၀ ရာခိုင်နှုန်း ရှိနေပြီး၊ Trump ကို ကြိုက်တဲ့သူက ၃၁ ရာခိုင်နှုန်းနဲ့ မကြိုက်တဲ့သူက ၅၂ ရာခိုင်နှုန်း ရှိနေပါတယ်။ ပါတီညီလာခံ ၂ ခုအပြီး ကောက်ယူခဲ့တဲ့ Public Policy Polling စစ်တမ်းမှာလည်း လူထုထောက်ခံမှုမှာ ကလင်တန်က ၄၆ ရာခိုင်နှုန်း Trump က ၄၁ ရာခိုင်နှုန်း ရထားတာ တွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG