အမေရိကန် ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းပဲလိုတော့တဲ့အချိန်မှာ နိုင်ငံ့အနောက်တောင်ပိုင်းက အပြိုင်အဆိုင်မဲဆွယ်နေရတဲ့ အရီဇိုးနားနဲ့ နီဗားဒါးပြည်နယ်တွေက ကြာသပတေးနေ့ မဲအခြေအနေကို ကြည့်ပြီး သမ္မတလောင်းနှစ်ဦးဖြစ်တဲ့ဒုသမ္မတ Kamala Harris နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ဟာ အမျိုးသမီးတွေအတွက် ဘယ်လို လုပ်ပေးသင့်တယ်ဆိုတာကို အပြန်အလှန်ပြောဆို မဲဆွယ် နေကြပါတယ်။
အကြိုတွက်ချက်တဲ့ မဲစစ်တမ်းတွေမှာတော့ ဒီမိုကရက်တစ်ပါတီသမ္မတလောင်းအဖြစ် ဝင်ပြိုင်မယ့် Harris နဲ့ ရီပတ်ဘလစ်ကင် သမ္မတလောင်းအဖြစ်ဝင်ပြိုင်မယ့် ထရမ့်တို့နှစ်ဦးစလုံး သူမသာကိုယ်မသာ ရှိနေတာပါ။ လာမယ့် အင်္ဂါနေ့ရွေးကောက်ပွဲမှာအနိုင်ရဖို့ အမေရိကန်ရဲ့ ပြည်နယ် ၅၀ ထဲက အရီဇိုးနားနဲ့ နီဗားဒါးအပါအဝင် ပြည်နယ် ၇ ခုမှာ သူတို့နှစ်ဦး အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ ရှိနေ ပါတယ်။ ကျန် ပြည်နယ် ၄၃ ခုက စစ်တမ်းတွေမှာတော့ ထရမ့်က အသာရတဲ့ပြည်နယ်ရှိသလို Harris အသာရနေတဲ့ ပြည်နယ်တွေလည်း ရှိနေပြီး လာမယ့်ရွေးကောက်ပွဲမှာ ဘယ်သူ အနိုင်ရနိုင်တယ်ဆိုတာကို တွက်ဆနိုင်နေတာ ဖြစ်ပါတယ်။
အခု အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် ဒီပြည်နယ်နှစ်ခုစလုံးမှာ လက်တင်အမေရိကမျိုးနွယ် မဲဆန္ဒ ရှင်တွေက အဓိကဖြစ်နေတာတွေ့ရပါတယ်။ ထရမ့်ဟာ အရီဇိုးနားမှာ ၂၀၁၆ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့ပေမယ့် ၂၀၂၀ မှာတော့ သမ္မတဂျိုးဘိုင်ဒန်ကို ရှုံးနိမ့်ခဲ့ပြီး ဒီမိုကရက်တစ်ပါတီက ဒီ ရွေးကောက်ပွဲနှစ်ခုစလုံးမှာ အနိုင်ရခဲ့ပါတယ်။ အမေရိကန်နိုင်ငံထဲကို ရွှေ့ပြောင်းလာရောက်သူတွေဟာ မက္ကဆီကိုကနေ အမေရိကန်ကိုဝင်ဖို့ အရီဇိုးနားနယ်စပ်ကို ကျော်ဖြတ်ရတာကြောင့် ဒီနေရာဟာ ရွှေ့ပြောင်းလာရောက်သူတွေအရေးနဲ့ပတ်သက်ပြီး နိုင်ငံရေးအရ အခြေအတင်ပြောဆိုရတဲ့ နေရာတခု ဖြစ်လာခဲ့တာပါ။
နာမည်ကြီး အနုပညာရှင် Jennifer Lopez က ကြာသပတေးနေ့ ညဘက် Las Vegas က လူထု စုဝေးပွဲမှာ Harris ကိုထောက်ခံကြောင်း ပြောခဲ့ပါတယ်။ အနားက နီဗားဒပြည်နယ်မှာတော့ ထရမ့်က လူထုစုဝေး- မဲဆွယ်ပွဲ ကျင်းပဖို့စီစဉ်ထားသလို Fox သတင်းဌာနမှာ တာဝန်ထမ်းဆောင်ခဲ့သူ Tucker Carlson နဲ့ အင်တာဗျူးလုပ်ဖို့ ရှိနေတာပါ။
Forum