သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး လူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက် အတည်ပြုရေး မကြာမီ အဖြေထွက်မည်


လူ့အခွင့်အရေးကောင်စီညီလာခံ ကျင်းပနေစဉ်
လူ့အခွင့်အရေးကောင်စီညီလာခံ ကျင်းပနေစဉ်

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူ့အခွင့်အရေးချိူးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ ပြင်းထန် တဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အမေရိကန်အစိုးရဘက်က စိုးရိမ်မကင်းဖြစ်မှု ဟာ အမြဲပဲရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ကြာသာပတေးနေ့ လူ့အခွင့်အရေးကောင်စီညီလာခံမှာမြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်း ဆွေးနွေးဆုံးဖြတ်ဖို့ ရှိနေတဲ့အချိန်မှာပဲ အမေရိကန်ဘက်က အဲဒီလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အရေးအဓိကပါဝင်နေတဲ့ ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ အတည်ပြုမယ့် အလားအလာနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာပါ။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာကျင်းပနေတဲ့ (၄၇)ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ဒီကနေ့ မတ်လ (၂၂)ရက် မှာ အီးယူ ဥရောပသမဂ္ဂကဦးဆောင်ရေးဆွဲ ထားတဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းကို ဆွေးနွေးအတည်ပြုဖို့ရှိနေပါတယ်။ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင် (၄၇)နိုင်ငံထဲမှာပါဝင်နေတဲ့ အမေရိကန်ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ သူတို့ရဲ့ သဘောထားရပ်တည်ချက်ကို အမေရိကန်နိုင်ငံခြားရေးဌာန အာရှရေးရာဆိုင်ရာ ပြောခွင့်ရအမျိုးသမီးက ဗွီအိုအေကို အခုလိုပြောပါတယ်။

" ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးကာလအတွင်း လုံခြုံရေးတပ်တွေဘက်က ရိုဟင်ဂျာ မွတ်စလင်တွေကို ညှမ်းပမ်းနှိပ်စက်တာအပါအဝင် ပြင်းထန်တဲ့ လူ့အခွင့်အရေးချိူးဖောက်မှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အထူးပဲ စိုးရိမ်မကင်းဖြစ်မိကြောင်း အမြဲပဲ ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်တုန်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင် ထုတ်ပြန်ခဲ့တဲ့ ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်တွေကို လိုက်နာအကောင်အထည်ဖေါ်မှာဖြစ်တယ်လို့ မြန်မာအစိုးရက တုန့်ပြန်ပြောကြားချက်ကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုပါတယ်။ အဲဒီအကြံပြုချက်ထဲမှာလည်းပါနေတဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူသားချင်းစာနာထောက်မှု အကူအညီတွေ ပုံမှန်အတိုင်း ခွင့်ပြုဖို့နဲ့ လွတ်လွတ်လပ်လပ် သတင်းယူခွင့် ပြုဖို့ မြန်မာအစိုးရကို အမေရိကန်ကဆက်ပြီး တောင်းဆိုပါတယ်။"

လူ့အခွင့်အရေး ကောင်စီညီလာခံမှာ ဒီနှစ် မြန်မာ့အရေးဆုံးဖြတ်ချက်ဟာ အရင်လိုမဟုတ်ပဲ မြန်မာအစိုးရ အပါအဝင် အဖွဲ့ဝင်နိုင်ငံတွေကြားမှာ အကြိတ်အနယ် အပြန်အလှန်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာ့လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည့်နေတဲ့ နယူးရောက်အခြေစိုက် HRW နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာတာဝန်ခံ Brad Adams က အခုလို သုံးသပ်ပါတယ်။

"ဆုံးဖြတ်ချက်မူကြမ်းကို ဥရောပသမဂ္ဂက ဦးဆောင်ရေးဆွဲပြီး အခြားနိုင်ငံတွေကလည်း ထောက်ခံထားကြပါတယ်။ မြန်မာအစိုးရဘက်က တရားဝင်ကန့်ကွက်ပြောဆိုတာမျိုးမရှိဘဲဒီဆုံးဖြတ်ချက်မှာပါတဲ့ အသုံးအနှုန်းတွေကို သဘောတူဖို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေဘက်ကလည်း မြန်မာအစိုးရရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေကြပါတယ်။"

တကယ်လို့ မဲခွဲဆုံးဖြတ်မယ်ဆိုရင် ဆုံးဖြတ်ချက်ကို အတည်ပြုမယ့် အလားအလာနဲ့ ပတ်သက်လို့ မေးကြည့်တော့-

"လူ့အခွင့်အရေးကောင်စီအပါအဝင် နိုင်ငံအများစုဟာ သူတို့ပြည်တွင်းမှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး လေးစားမှုမရှိသလို၊ လူ့အခွင့်အရေးကိစ္စရပ်တွေမှာ ကုလသမဂ္ဂက ပါဝင်တဲ့ အခန်းကဏ္ဍကိုလည်း ကြိုက်နှစ်သက်ခြင်းမရှိပါဘူး။ တရုတ်လိုမျိုး နိုင်ငံတချို့ကနေ နိုင်ငံချင်းအလိုက် ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေကို မကြာခဏ ကန့်ကွက်ကြပါတယ်။ ဒါပေမဲ့ ကာယကံရှင် နိုင်ငံက ကန့်ကွက်မှုမရှိဘူးဆိုရင် အဲဒီနိုင်ငံတွေကလည်း ကန့်ကွက်လေ့တော့ မရှိပါဘူး။ တကယ်လို့ အဲဒီနိုင်ငံက ကန့်ကွက်မယ်ဆိုရင် တရုတ်၊ ကျူဘားနဲ့ ရုရှား နိုင်ငံတွေက အစဉ်တစိုက် လိုက်ပြီး ကန့်ကွက်ပါတယ်။ မွတ်စလင်နိုင်ငံတချို့လဲ မကြာခဏ အဲဒီလိုမျိုး လုပ်ပါတယ်။ဒါပေမဲ့ အခု မြန်မာ့အရေးဆုံးဖြတ်ချက်မှာ အဓိကကိစ္စက ရိုဟင်ဂျာဖြစ်နေတော့ အီဂျစ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ အခြား နိုင်ငံတွေက ဘယ်လိုရပ်တည်မလဲဆိုတာတော့ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။ သူတို့နိုင်ငံတွေမှာ ပြည်သူတွေကိုယ်တိုင် ရိုဟင်ဂျာကိစ္စကို စာနာထောက်ထားတဲ့ ဆန္ဒပြပွဲတွေလုပ်ခဲ့ကြပါတယ်။ တဘက်မှာလည်း သူတို့ နိုင်ငံခြားရေးမူဝါဒအရ ဒီဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်နိုင်ပါတယ်။"

ဒါ့အပြင် မြန်မာအစိုးရဘက်က အဓိက ကန့်ကွက်ခဲ့တဲ့ COI (Commission of Inquiry) ခေါ် နိုင်ငံတကာစုံစမ်းရေးအဖွဲ့ အမည်နဲ့ ပတ်သက်လို့ အခု ဆုံးဖြတ်ချက်မူကြမ်းမှာ အမည်ပြောင်းလဲပြီး ဖေါ်ပြခဲ့တာနဲ့ပတ်သက်လို့လည်း Brad Adams ကအခုလိုပြောပါတယ်။

"COI (Commission of Inquiry) ခေါ် နိုင်ငံတကာစုံစမ်းရေးအဖွဲ့ ဆိုတာကတော့ ပိုပြီး ပြင်းထန်ပါတယ်။ ညှမ်းပမ်းနှိပ်စက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွားဖြစ်နေတဲ့ နိုင်ငံတွေကို သွားရောက်စုံစမ်းလေ့လာတဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းဖြစ်ပါတယ်။ မြန်မာအစိုးရဘက်ကတော့ COI ကို သုံးတဲ့ ကိစ္စကို အပြင်းအထန် ကန့်ကွက်ထားပါတယ်။ ဒါကြောင့် နိုင်ငံတကာကိုယ်စားလှယ်တချို့ကနေ အသုံးအနှုန်းပြောင်းပြီးသုံးဖို့ ကြားဝင်ညှိုပေးခဲ့ပါတယ်။ အခု ဆုံးဖြတ်ချက်မူကြမ်းထဲမှာတော့ COI အစား International Facts Finding Commission နိုင်ငံတကာ အချက်အလက်ရှာဖွေရေး အဖွဲ့ဆိုပြီး သုံးထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရေးကြီးတာကတော့ လွတ်လပ်တဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ဖြစ်ဖို့ပါပဲ။ ပြီးတော့ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် သူတို့ တွေ့ရှိလာမယ့် အထောက်အထားအချက်အလက်တွေကို မြန်မာအစိုးရကို ဖြေကိုဖြေရှင်းရမှာဖြစ်ပါတယ်။"

ဒီကနေ့ မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်မယ်ဆိုရင် လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ (၄၇)နိုင်ငံ ကသာ မဲပေးခွင့်ရမှာဖြစ်ပါတယ်။ အဲဒီလိုဆုံးဖြတ်ရမှာ ဗီတိုအာဏာသုံးပိုင်ခွင့်မရှိပဲ အားလုံးသဘောတူညီချက် ဒါမှမဟုတ် မြန်မာဘက်က ကန့်ကွက်ပြီး မဲခွဲဆုံးဖြတ်ချင်တယ်လို့ ပြောလာတယ်ဆိုရင် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုကြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG