သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ လူကုန်ကူးမှုအခြေအနေ စိုးရိမ်ရဆဲ


မြန်မာနိုင်ငံမှာ လူကုန်ကူးမှုအခြေအနေတွေ ရှိနေတာနဲ့ ပတ်သက်လို့ ဒေါ်လှလှသန်းက စုစည်းတင်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက အခုလာမယ့် ကြာသပတေးနေ့မှာ ထုတ်ပြန်ဖို့ရှိတဲ့ ၂၀၁၆ နိုင်ငံတကာ လူကုန်ကူးမှု နှစ်ပတ်လည်အစီရင်ခံစာမှာ မြန်မာနိုင်ငံအနေနဲ့ အနိမ့်ဆုံး Tier-3 အဆင့်ကို ပြန်ချခံထားရတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ဝင်း က စိတ်ပျက်မိတယ်လို့ အခုလို ဗွီအိုအေကို ပြောခဲ့ပါတယ်။

“အစီရင်ခံစာ ထွက်မယ်လို့ပဲ ကျနော်တို့ သိရသေးပါတယ်။ ဒါပေမဲ့ အခု သတင်းတွေ ထွက်ပေါ်တာကို အခြေခံမယ်ဆိုရင် ကျနော်တို့ ဒီဥစ္စာနဲ့ ပတ်သက်ပြီးတော့ တော်တော်ကို စိတ်ပျက်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ ကျနော်တို့က လူကုန်ကူးမှုတိုက်ဖျက်ရေးကို ကျနော်တို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနဲ့လည်း ပူးပေါင်း ဆောင်ရွက်နေတယ်။ အမေရိကန်ပြည်ထောင်စုဟာ ဒီအစီရင်ခံစာ မထွက်ခင်ကတည်းက ကျနော်တို့ကို အသိပေးတာရှိတယ်။ ဒီဥစ္စာနဲ့ ပတ်သက်ပြီးတော့ ပြုပြင်ဖို့ လိုအပ်တယ်ဆိုတာကို။ ဒါပေမဲ့ သူတို့ဘက်က ပြုပြင်ဖို့ လိုအပ်တယ် ဆိုတဲ့ဟာမှာ ဘာတွေ ပြုပြင်ဖို့ လိုအပ်တယ် ဆိုတာမျိုးလေးကိုတော့ ကျနော်တို့ကိုတော့ အတိအကျ ပြောဖို့ လိုအပ်ပါတယ်။ အဲဒါမှပဲ သူတို့ ဘာတွေ လိုအပ်တယ်ဆိုတဲ့ဟာကို ကျနော်တို့ အတူတူ လုပ်ကိုင်ဖို့ အဆင်သင့် ရှိနေပါတယ်။”

မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု အခြေအနေနဲ့ ပတ်သက်လို့ ဝါရှင်တန်နဲ့ ဘန်ကောက်ရှိ သတင်းရပ်ကွက်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနရဲ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့သတင်းမှာ မြန်မာနိုင်ငံမှာ ကလေးစစ်သားများနဲ့ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု လျှော့ချနိုင်ရေးအတွက် အစိုးရအနေနဲ့ လက်ရှိထက်ပိုပြီး လုပ်ဆောင်စေဖို့ ဖိအားပေးလိုတဲ့ သဘောရောက်စေဖို့ အခုလို အဆင့် ချခဲ့တာဖြစ်တယ်လို့ ကိုးကား ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ မြန်မာနိုင်ငံမှာ ကလေးစစ်သားများ အသုံးပြုမှု ပပျောက်ရေးအတွက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ် Leila Zerrougui နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး action plan တွေ ချမှတ်ကာ ကလေးစစ်သားတချို့ကိုလည်း မိဘတွေထံ ပြန်အပ်ပေးခဲ့တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ရှိပါတယ်။

ဒါပေမဲ့လို့ ကလေးစစ်သားများ ပပျောက်ရေးနဲ့ ပတ်သက်လို့ ၂၀၁၆ ဧပြီလက ထုတ်ပြန်ခဲ့တဲ့ မစ် Zerrougui ရဲ့ အစီရင်ခံစာမှာတော့ မြန်မာအစိုးရအနေနဲ့ ကလေးစစ်သားများ အသုံးပြုမှု လျှော့ချရေးနဲ့ ပတ်သက်လို့ တိုးတက်မှုတွေ ရရှိခဲ့ပေမဲ့လို့လည်း တပ်မတော်အတွင်းမှာ ကလေးစစ်သားများ အသုံးပြုဆဲရှိတာ တွေ့ရတဲ့အတွက် ကလေးစစ်သားများ စုဆောင်းခြင်း မပြုဖို့နဲ့ ထွက်ပြေးဖို့ ကြိုးစားကြတဲ့ ကလေးတွေကို ပြန်ဖမ်းခြင်းမပြုဖို့ တိုက်တွန်းထားပြီး ကလေးစစ်သားများ ပပျောက်ရေးအတွက် ချမှတ်တဲ့ ခြေလှမ်းတွေကိုလည်း အမြဲတစေ စောင့်ကြည့်လေ့လာဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လူကုန်ကူးခံရသူတွေ ထွက်တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ အိမ်နီးချင်း ထိုင်း၊ တရုတ်နဲ့ တခြား အာရှအပြင် အရှေ့အလယ်ပိုင်း ဒေသတွေမှာ ရောင်းစားခံကြရတဲ့ မြန်မာနိုင်ငံက အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအနေနဲ့ ငါးဖမ်းလုပ်ငန်းတွေ၊ ပြည့်တန်ဆာလုပ်ငန်းတွေ ကုန်ထုတ်လုပ်ငန်းတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ စသဖြင့်တို့မှာ အတင်းအဓမ္မ ခိုင်းစေခံကြရတာ ဖြစ်ပါတယ်။ ထိုင်း ငါးဖမ်းလှေတွေမှာ လူကုန်ကူးခံရတဲ့ မြန်မာလုပ်သားအချို့ကို ကယ်တင်မှုမှာ သတင်းယူခဲ့တဲ့ Pulitzer ဆုရှင်တဦးဖြစ်တဲ့ အေပီသတင်းထောက် အက်စတာ ထုဆန် ပြောပြခဲ့တာကတော့ -

“လူကုန်ကူးတဲ့လူတွေက တအားဆင်းရဲတဲ့ ဧရာဝတီတိုင်းတို့၊ ရခိုင်ပြည်နယ်တို့က လူကုန်ကူးခံရတဲ့ အများစုကို ကြည့်လိုက်မယ်ဆိုရင် အဲဒီရွာတွေက လူတွေကို သူတို့က သွားပြီးတော့မှ အလုပ်အကိုင် အခွင့်အလမ်းတွေကို သွားပြောပြတာပေါ့။ ထိုင်းနိုင်ငံမှာ အလုပ်တွေ လုပ်ရမယ်။ စက်ရုံတွေမှာပဲ လုပ်ရမှာ။ သူတို့ လိမ်ညာခေါ်သွားပြီးတော့မှ ထိုင်းနိုင်ငံကိုရောက်တာနဲ့ တခါတည်း သူတို့က သင်္ဘောဆိပ်ကို ခေါ်သွားတယ်။ ထိုင်းနိုင်ငံ သင်္ဘောဆိပ် အဓိက နှစ်နေရာရှိတယ်။ မဲခေါင်ဆိပ်ကမ်းနဲ့ ဒီ မဟာချိုင်ဆိပ်ကမ်းဆိုတာ ရှိတယ်။ အဲ့ကိုရောက်တာနဲ့ တခါတည်း ဆိပ်ကမ်းကို ခေါ်သွားပြီးတော့မှ တခါတည်းကို ငါးဖမ်းလှေပေါ်မှာ ရောင်းစားပစ်လိုက်တာ။ ပါသွားတဲ့သူတွေက သိကို မသိလိုက်တာ။”

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမူဆလင်တွေအပေါ် နှိပ်ကွပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့အတွက်လည်း ပြီးခဲ့တဲ့နှစ်အတွင်းက လှေနဲ့ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတဲ့ ရိုဟင်ဂျာတွေဟာ လူကုန်ကူးပွဲစားတွေရဲ့ ခေါင်းပုံဖြတ်မှုတွေကို ခံခဲ့ကြရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၁၅ နိုင်ငံတကာ လူကုန်ကူးမှု အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ Tier-2 အဆင့်နဲ့ စောင့်ကြည့်ခံနိုင်ငံ အဆင့်ဖြင့် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီအဆင့်မှာ သတ်မှတ်ခြင်းခံရတဲ့ နိုင်ငံတွေအနေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ဆောင်ရာမှာ အနိမ့်ဆုံး သတ်မှတ်ချက်တွေကို အပြည့်အ၀ လိုက်နာခြင်းမရှိပေမဲ့ ကြိုးပမ်းလုပ်ဆောင်ဖို့ ခြေလှမ်းတွေယူခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။

အခုအနိမ့်ဆုံး Tier-3 အဆင့်ကတော့ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ လုံး၀ ပူးပေါင်း ဆောင်ရွက်မှုမရှိတဲ့ နိုင်ငံအဆင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီအဆင့်မှာ သတ်မှတ်ခြင်းခံရရင် ဖွံ့ဖြိုးရေးဆိုင်ရာ အထောက်အကူတွေ အပါအဝင် တခြားဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရင်ဆိုင်ရဖွယ်ရှိပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနက နှစ်ပတ်လည် လူကုန်ကူးမှု အစီရင်ခံစာကို ၂၀၀၁ ခုနှစ်က စတင်ထုတ်ပြန်ခဲ့ရာမှာ စစ်အစိုးရခေတ် အဆက်ဆက် လက်ထက် မြန်မာနိုင်ငံဟာ Tier-3 အဆင့်မှာ သတ်မှတ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ဒီနောက် သမ္မတ ဦးသိန်းစိန် တက်လာပြီး ပြုပြင်ပြောင်းလဲရေး စတင်ခဲ့ပြီးတဲ့နောက်ပိုင်း ၂၀၁၂ ခုနှစ်မှာ အဆင့်-၂ Tier-2 စောင့်ကြည့်ခံအဆင့်မှာ တိုးမြှင့်သတ်မှတ်ခြင်း ခံခဲ့ရပြီး အခုတခါ အဆင့်ပြန်ချခြင်း ခံရတာဖြစ်ပါတယ်။

အခု ဒီသီတင်းပတ်ထုတ်ပြန်မယ့် ၂၀၁၆ နိုင်ငံတကာ လူကုန်ကူးမှု အစီရင်ခံစာကတော့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က အခြေအနေပေါ် သုံးသပ်ထားတဲ့ အတွက်ကြောင့်လည်း ယခင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ဖြစ်ခဲ့တဲ့အခြေအနေအပေါ် အဓိက မူတည်တာဖြစ်ပြီး၊ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ခြင်းမရှိဘဲ စစ်တပ်ကြီးစိုးတဲ့ အရပ်ဘက် အစိုးရကိုသာ ရည်ရွယ်ခြင်းဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG