သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအရေးစုံစမ်းမှု ကန်အောက်လွှတ်တော် ကော်မတီတွေရှေ့မှောက် အထူးစုံစမ်းရေးမှူး ထွက်ဆိုမည်


အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller (မေ၊ ၂၉၊ ၂၀၁၉)
အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller (မေ၊ ၂၉၊ ၂၀၁၉)

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ရုရှားဝင်နှောက်ခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller က ဇူလိုင်လကျရင် အောက်လွှတ်တော် တရားရေးနဲ့ ထောက်လှမ်းရေး ကော်မတီတွေရှေ့မှာ မေးမြန်းတာတွေကို ပြောဆိုဖြေကြားဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီကြားနာပွဲဟာ အများပြည်သူ တက်ရောက်နိုင်တဲ့ တံခါးဖွင့်ကြားနာပွဲ ဖြစ်မှာပါ။

အောက်လွှတ်တော် တရားရေးကော်မတီဥက္ကဋ္ဌ Jerrold Nadler နဲ့ ထောက်လှမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ Adam Schiff တို့ အင်္ဂါနေ့နှောင်းပိုင်းက ထုတ်ပြန်တဲ့ ပူးတွဲစာမှာ ဇူလိုင်လ ၁၇ ရက်နေ့ မစ္စတာ Mueller ထွက်ဆိုပွဲကိစ္စ ကြေညာထားတာပါ။

မစ္စတာ Mueller ရဲ့ နှစ်နှစ်ကြာ စုံစမ်းစစ်ဆေးမှုအတွင်း ဒီစုံစမ်းစစ်ဆေးမှုကို ရပ်ပစ်ဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ကြိုးစားပြီးတော့ တရားရေးပိုင်းကို ဝင်ရောက်စွက်ဖက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း စုံစမ်းစစ်ဆေးခဲ့ပါတယ်။

တချို့အချက်အလက်တွေကို ဖုံးအုပ်ထားပြီးတော့မှ ဧပြီလက ထုတ်ပြန်တဲ့ မစ္စတာ Mueller ရဲ့ နောက်ဆုံးအစီရင်ခံစာထဲမှာ ရွေးကောက်ပွဲကာလအတွင်း မစ္စတာထရမ့်ပ်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့နဲ့ ရုရှားတို့အကြား ပူးပေါင်းကြံစည် လုပ်ဆောင်ခဲ့တာ မရှိဘူးလို့ ကောက်ချက်ချထားပေမယ့် တရားရေးပိုင်းကို ဝင်စွက်ဖက်ခဲ့သလားဆိုတာကိုတော့ အတိအကျ မှတ်ချက်ပေးမထားပါဘူး။

ဒါနဲ့ပတ်သက်ပြီး မစ္စတာ Mueller က ကြိုပြင်ထားတဲ့ ထုတ်ပြန်ချက်တခုကို မေလမှာ ဖတ်ပြခဲ့ပေမယ့် သတင်းထောက်တွေ မေးခွန်းမေးခွင့် မရခဲ့ပါဘူး။ သူ့အနေနဲ့ အများပြည်သူရှေ့ ပြောဆိုဖြေကြားတာမျိုး မလုပ်ရဘဲ သူ့အစီရင်ခံစာမှာ ရေးထားတဲ့ အတိုင်းပဲ အတည်ဖြစ်စေချင်တယ်လို့ အဲဒီအချိန်က ပြောထားခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG