သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump ရဲ့ပြဿနာများ


သမ္မတ Donald Trump
သမ္မတ Donald Trump

သမ္မတ Donald Trump ဟာ ၁၉၈၅ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်အတွင်းဒေါ်လာ ၁.၂ ဘီလီယံ အခွန်ဌာန ကို အရှုံးပြခဲ့တယ်လို့ New York Times သတင်းစာမှာ ဖော်ပြထားပါတယ်။ အဲဒါကြောင့် အဲဒီနှစ်ကာလ အများစုမှာ သူဟာ ဝင်ငွေခွန် မပေးခဲ့ရပါဘူး။ မစ္စတာထရမ့်ပ်ရဲ့ အခွန်ပေးဆောင်မှုဆိုင်ရာမှတ်တမ်းကို ထုတ်ပေးဖို့ အတိုက်အခံ ဒီမိုကရက်တွေက ဆက်ပြီးတောင်းဆိုနေချိန်မှာပဲ တခြား ထိပ်တိုက်အခြေအနေတွေလည်း ဖြစ်နေပါတယ်။ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ဗွီအိုအေ အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara ပေးပို့ထားတဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ကိုယ်တိုင်ကြိုးစားခဲ့တဲ့ အိုးအိမ်ဆောက်လုပ်ရေး လုပ်ငန်းရှင်၊ အပေးအယူလုပ် ညှိနှိုင်းတာမှာ ဆရာတဆူ၊ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဆိုတာတွေက ၁၉၈၀ နဲ့ ၉၀ ပြည့်နှစ်တွေမှာ မစ္စတာထရမ့်ပ် ကိုယ့်ကိုယ်ကို ပုံဖော်ပြောဆိုခဲ့တာတွေပါ။

ဒါပေမယ့် ၁၉၈၅ ကနေ ၁၉၉၄ ခုနှစ်အတွင်း မစ္စတာထရမ့်ပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဒေါ်လာ ၁.၂ ဘီလီယံ အရှုံးပြခဲ့တာ ကြောင့် အမေရိကန်အခွန်ထမ်း ဘယ်သူ့ထက်မဆို ပိုရှုံးခဲ့ပြီးတော့ အဲဒီ ၁၀ နှစ်ထဲက ၈ နှစ်မှာ သူဟာ ဖက်ဒရယ်အခွန်တွေ မဆောင်ဘဲနေလို့ရခဲ့ပါတယ်။

သမ္မတအနေနဲ့ အခွန်မှတ်တမ်း ထုတ်ပြန်ပေးဖို့ငြင်းတာ သိပ်မကြာသေးခင် အမေရိကန် သမိုင်းမှာ သူတယောက်ထဲပဲရှိပါတယ်။ ဘာ့ကြောင့် အခွန်မှတ်တမ်းထုတ်ပေးဖို့ ငြင်း တာပါလဲ။ Brennan တရားရေးှဆိုင်ရာဌာနက Rudy Mehrbani ရဲ့အမြင်က

“သူပြောသလောက် တကယ်တမ်း မချမ်းသာဘူးဆိုတာ သူ့အခွန်မှတ်တမ်းမှာ ပြနေနိုင် ပါတယ်။ အဲဒါဆိုရင် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်ချိန်က သူပြောခဲ့တဲ့ အဓိက အချက် အားပျော့သွားမှာပါ။”

သမ္မတထရမ့်ပ်ရဲ့ အခွန်မှတ်တမ်းကို အတိုက်အခံ ဒီမိုကရက်တွေ တောင်းနေတာကြာပါပြီ။ ပြည်ပစီးပွားရေးလုပ်ငန်းတွေနဲ့ အပေးအယူလုပ်တာမှာ အကျိုးစီးပွားပဋိပက္ခတွေ ရှိခဲ့ သလား၊ အခွန်ဆောင်တာမှာ လိမ်ထားသလား၊ ၂၀၁၇ ခုနှစ်က အခွန်စနစ် ပြုပြင် ပြောင်းလဲတာကနေ သူ့အတွက် အကျိုးဖြစ်စေခဲ့သလားဆိုတာတွေကို ဆန်းစစ်ဖို့ တောင်းနေတာပါ။

သမ္မတထရမ့်ပ်က မပေးဘူးလို့ ငြင်းထားတာကြောင့် တရားရုံးမှာ ရင်ဆိုင်ကြရမယ့်ပုံ ရှိနေပါတယ်။

“ကျနော်လုပ်ထားသမျှ အပေးအယူတိုင်းကို သူတို့က သိချင်နေကြတယ်။ အခုဆို ဒေါ်လာ ၃၅ သန်းကုန်ထားတဲ့ Mueller စုံစမ်းစစ်ဆေးမှုက ကျနော့် အခွန်မှတ်တမ်းတွေ၊ ငွေရေး ကြေးရေးတွေကို စစ်ထားပါတယ်။ စကား မစပ် အဲဒါက သိပ်ကောင်းပါတယ်။ မှတ်တမ်း မှတ်ရာတွေကို ပြန်ကြည့်ရုံသက်သက်ပါပဲ။”

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာတော့ နောက်ထပ်အခြေအတင်ကိစ္စတခု ထပ်ဖြစ်လာပါတယ်။ ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ရုရှား ဝင် နှောက်ခဲ့တယ်ဆိုတာနဲ့ သမ္မတက တရားရေးပိုင်းကို ဝင်စွက်ဖက်ခဲ့သလားဆိုတာတွေအပေါ် စုံစမ်းစစ်ဆေးပြီး ရေးသားထားတဲ့ အထူးစုံစမ်း စစ်ဆေးရေးမှူး Robert Mueller ရဲ့ အစီရင်ခံစာအပြည့်အစုံကိုပေးဖို့ ရှေ့နေချုပ် William Barr က ငြင်းတာကြောင့် သူဟာ လွှတ်တော်ကို မထေမဲ့မြင်လုပ်တယ်လို့ အောက် လွှတ်တော် ဒီမိုကရက်အမတ်တွေက ဆုံးဖြတ်လိုက်တာပါ။

အောက်လွှတ်တော် တရားရေးကော်မတီဥက္ကဌ Jerry Nadler က

“လက်ရှိမှာ ကျနော်တို့ဟာ အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းတခုကို ရင်ဆိုင်နေရ ပါပြီ။”

အဲဒီဆုံးဖြတ်ချက်ကို သမ္မတက အုပ်ချုပ်ရေး လုပ်ပိုင်ခွင့်အာဏာသုံးပြီး ပိတ်လိုက်ပါတယ်။ အဓိပ္ပါယ်ကတော့ လွှတ်တော်က ဆင့်ခေါ်တာနဲ့ ရင်ဆိုင်ရရင်တောင်မှ သတ်မှတ် သတင်း အချက်အလက်တွေကို အများပြည်သူသိအောင် ထုတ်ပြန်မပေးဖို့ သမ္မတက တားဆီး လိုက် တဲ့ သဘောပါ။ အဲဒါကြောင့် လွှတ်တော်နဲ့အစိုးရကြား ဥပဒေရေးရာ တာရှည် လွန်ဆွဲပွဲတခု ဖြစ်လာမယ့် အခြေ အနေရှိနေပါတယ်။

ဒီအပေါ် လူထုရဲ့အမြင်က ကောင်းမှာမဟုတ်ပေမယ့် သမ္မတရွေးကောက်ပွဲဝင်မယ့်သူတွေ အတွက်တော့ အခွင့်ကောင်း ဖြစ်နိုင်တယ်လို့ ဂျော့ဂျ်ဝါရှင်တန်တက္ကသိုလ်က သမ္မတရေးရာ ပညာရှင် Todd Belt ကပြောပါတယ်။

“ဒီလိုမျိုးဖြစ်လာတိုင်းမှာ အုပ်ချုပ်ရေးပိုင်းပေါ် ယုံကြည်မှု ကျ သွားပါတယ်။ အစိုးရဟာ လူတွေ အတွက် လုပ်ဆောင်ရမယ့်အစား သူတို့အချင်းချင်း ချနေကြတယ်လို့ လူထုက မြင် လာပါတယ်။ နောက်သမ္မတရွေးကောက်ပွဲ နီးလာတာနဲ့အမျှ သူတို့ကိုယ်သူတို့ လက်ရှိ သမ္မတနဲ့မတူဘူးလို့ ပုံဖော်ချင်တဲ့ သမ္မတကိုယ်စားလှယ် လောင်းတွေအတွက်တော့ ဒီအချက်က အခွင့်အလန်းတချို့ဖြစ်စေနိုင်ပါတယ်။”

လွှတ်တော်က ဆင့်ခေါ်တာတွေကို လိုက်နာဖို့ သမ္မတထရမ့်ပ်က ငြင်းနေတာကြောင့် အရေးယူဖို့ တောင်းဆိုတာတွေ ပိုတိုးလာ နေပါတယ်။ သမ္မတထရမ့်ပ်ဟာ သူ့ကို ထောက်ခံသူတွေကို စည်းရုံးနိုင်ဖို့ သူ့ကိုအရေးမယူ ယူအောင် ဒီမိုကရက်တွေကို ဆွပြီး တွန်းနေတယ်လို့ အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi က အင်္ဂါနေ့မှာ စွပ်စွဲပြော ဆိုပါတယ်။

Donald Trump ရဲ့ပြဿနာများ
please wait

No media source currently available

0:00 0:04:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG