သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Muller အစီရင်ခံစာနောက်ဆက်တွဲ နိုင်ငံရေးဂယက်


အမေရိကန်သမ္မတ Donald Trump နဲ့ အထူးစုံစမ်းစစ်ရေးမှူး Robert Mueller
အမေရိကန်သမ္မတ Donald Trump နဲ့ အထူးစုံစမ်းစစ်ရေးမှူး Robert Mueller

၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်နှောက်ယှက်မှုတွေကို အထူးစုံစမ်းစစ်ရေးမှူး Robert Mueller စုံစမ်းထားတဲ့ အစီရင်ခံစာ မိတ္တူကို တည်းဖြတ်မထားပဲ တင်ပြဖို့ ဒီမိုကရက် လွှတ်တော်အမတ်တွေက တောင်းဆိုနေကြပါတယ်။ အထူးစုံစမ်းရေးမှူးရဲ့ အစီရင်ခံစာ ထွက်ပေါ်လာပြီး နောက်မှာပဲ သမ္မတ Donald Trump အနေနဲ့ အမှားအယွင်းလုပ်ခဲ့တာ မရှိဘူးလို့ ဆိုနေကြတဲ့ ရီပတ်ဘလစ်ကန်ပါတီက ထောက်ခံသူတွေနဲ့ အစီရင်ခံစာထဲမှာ တရားရေးလုပ်ငန်းတွေကို သမ္မတက စွက်ဖက်ရာရောက်တဲ့ လုပ်ရပ်တွေ တော်တော်များများ ရှိနေနိုင်တယ်လို့ ယုံကြည်နေကြတဲ့ အတိုက်အခံ ဒီမိုကရက်တွေကြား သဘောထား ကွဲပြားမှုတွေလည်း ကြီးထွားလာနေတာပါ။ ဒီအကြောင်း ဗွီအိုအေ အိမ်ဖြူတော် သတင်းထောက် Jim Malone သတင်းဆောင်းပါးကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

သမ္မတရဲ့ စည်းရုံးရေးအဖွဲ့နဲ့ ရုရှားတို့ကြား ပူးပေါင်းကြံစည်ခဲ့တာ ရှိ-မရှိ၊ ရုရှားအရေး စုံစမ်းမှုတွေမှာ သမ္မတက ဝင်ရောက်စွက်ဖက်တာ ရှိ-မရှိ ဆိုတာတွေနဲ့ ပတ်သက်လို့ မယုံသင်္ကာ ဖြစ်နေတာတွေ အခုအခါ သံသယရှင်းသွားပြီဖြစ်တဲ့အကြောင်း အထူးစုံစမ်းရေးမှူး Robert Mueller ရဲ့ အစီရင်ခံစာ တရားဝင် ထွက်ပေါ်လာပြီး နောက်မှာပဲ သမ္မတ Trump ကပြောဆိုလိုက်တာပါ။

“ဒါမျိုးနောက်ထပ် ဘယ်သမ္မတမှ မကြုံသင့်တော့ပါဘူး။ ဒါက မမှန်တဲ့ကိစ္စပါ။ ဒါမျိုးနောက်ထပ် ဘယ်သမ္မတမှ မကြုံသင့်တော့ပါဘူး။”

ဒါပေမဲ့လည်း အထူးစုံစမ်းရေးမှူးရဲ့ အစီရင်ခံစာမှာတော့ သမ္မတက စုံစမ်းစစ်ဆေးမှုတွေကို စွက်ဖက်ဖို့ ကြိုးပမ်းမှုတွေ အကြိမ်ကြိမ် ရှိခဲ့တာကို ဖော်ပြထားတာပါ။ အတိုက်အခံ ဒီမိုကရက်ပါတီ အောက်လွှတ်တော်အမတ် Adam Schiff ကတော့ သမ္မတရဲ့ လုပ်ရပ်တွေအပေါ် ဥပဒေကြောင်းအရ အရေးယူနိုင်တဲ့ အဆင့်အထိ ဖြစ်ချင်မှဖြစ်လာနိုင်ပေမဲ့လည်း လက်ခံနိုင်စရာ လုပ်ရပ်မျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

“မရိုးသားမှု၊ ကျင့်ဝတ်သိက္ခာနဲ့ မျိုးချစ်စိတ်ကင်းမဲ့တဲ့ လုပ်ရပ်တွေဆိုတာ မေးနေစရာတောင် မလိုပါဘူး၊ ဒါတွေကို အမေရိကန်တိုင်းက ရှုတ်ချသင့်ပါတယ်။ ဒီကိစ္စက သက်သေထူရမယ့် ကိစ္စမျိုးမဟုတ်ပါဘူး၊ ဆန့်ကျင်ရှုတ်ချရမယ့် လုပ်ရပ်ပါ။”

အောက်လွှတ်တော် ကိုယ်စားလှယ် Al Green တို့လို ဒီမိုကရက်တွေကတော့ အထူးစုံစမ်းရေးမှူးအနေနဲ့ တာဝန်ရှိတဲ့အတိုင်း ဖော်ထုတ်တင်ပြထားတဲ့ အစီရင်ခံစာဟာ သမ္မတကို အရေးယူနိုင်လောက်တဲ့ အထောက်အထားလို့တောင် ယူဆကြပါတယ်။

“သူ့ဖက်က လုပ်စရာရှိတာ လုပ်ပြီးသွားပါပြီ၊ အခုကတော့ ကွန်ဂရက်လွှတ်တော်ဖက်က လုပ်စရာရှိတာ လုပ်ရမယ့်အချိန်ပါ။”

ဒါပေမဲ့လည်း Michiganပြည်နယ်ကRich George တို့လို သမ္မတ Trump ကို ထောက်ခံသူတွေကတော့ အိမ်ဖြူတော်အပေါ် လွှမ်းမိုးနေတဲ့ အရိပ်မည်းကြီးကို အထူးစုံစမ်းရေးမှူးရဲ့ အစီရင်ခံစာက ဖယ်ရှားပေးလိုက်ပြီလို့ မြင်ကြပါတယ်။

“အကုန်အကျ များလွန်းတဲ့ စုံစမ်းစစ်ဆေးမှုက သူ့မှာအပြစ်မရှိဘူးလို့ ဆုံးဖြတ်လိုက်တဲ့အတွက်၊ သူ့အနေနဲ့ တကယ့်ကို လွတ်လွတ်ကျွတ်ကျွတ် ဖြစ်သွားသလို ကျနော့်စိတ်လည်း ရှင်းသွားပါတယ်။”

ဥပဒေရေးရာ အလွတ်တန်း အကြံပေးပုဂ္ဂိုလ်ဟောင်းတဦးဖြစ်တဲ့ Robert Ray ကတော့ ရှေ့ဆက်လုပ်ဖို့က လွှတ်တော်အပေါ်မှာသာ မူတည်မယ်လို့ ဆိုပါတယ်။

“အခုအခြေအနေကနေ ရှေ့ဆက်ဖို့ကတော့ သမ္မတကို အရေးယူနိုင်မယ့် လုပ်ငန်းစဉ် တခုပဲကျန်ပါတော့တယ်။ နိုင်ငံရေးအရ ဒီလမ်းအတိုင်းသွားဖို့ ဒီမိုကရက်တွေဖက်က ပြင်ဆင်ထားသလား ဆိုတာကတော့ မေးစရာရှိပါတယ်။”

သမ္မတ Trump ကို အရေးယူနိုင်မယ့် လုပ်ငန်းစဉ်အပေါ်မှာတော့ ဒီမိုကရက် ကိုယ်စားလှယ်တွေကြား သဘောထားကွဲပြားမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း သမ္မတအနေနဲ့ သူ့လုပ်ရပ်အပေါ် တာဝန်ယူမှုရှိဖို့ ဒီမိုကရက်တွေဖက်က သန္နိဓာန်ချထားပုံရတယ်လို့လည်း မိုင်ယာမီတက္ကသိုလ်က နိုင်ငံရေးအကဲခတ် David Abraham ကသုံးသပ်ပါတယ်။

“လူကြိုက်များတဲ့ ဒီသဘောထားကို လက်ရှိအခြေအနေက ဘယ်လောက်အထိ တွန်းအားပေးနိုင်မလဲ ဆိုတာကတော့ ပြောရခက်ပါတယ်။ ဒါပေမဲ့လည်း ကွန်ဂရက်လွှတ်တော်နဲ့ တခြားခေါင်းဆောင်တွေ အနေနဲ့ ပြည်သူတွေအတွက် အမှန်တရားကို အပြည့်အဝ ဖော်ထုတ်နိုင်တဲ့အထိ ကြိုးပမ်းဖို့လည်း တာဝန်ရှိပါတယ်။”

ဝါရှင်တန်အခြေစိုက် Third Way သုတေသီအဖွဲ့က Jim Kessler ကတော့ အထူးစုံစမ်းရေးမှူးရဲ့ အစီရင်ခံစာနဲ့ မဲဆန္ဒရှင်တွေရဲ့ သဘောထားတွေဟာ ရှေ့လာမယ့် ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ သက်ရောက်မှုတွေ ရှိလာလိမ့်မယ်လို့ သုံးသပ်ပါတယ်။

“လာမယ့်ရွေးကောက်ပွဲမှာ ရုရှားကလည်း သူ့ကိုဖယ်ရှားမှာ မဟုတ်ပါဘူး။ အစဉ်အလာ ပုံစံမျိုးပိုပြီး တွေ့ရပါလိမ့်မယ်။ ဒီမိုကရက်တွေ အနေနဲ့လည်း Donald Trump ကို အနိုင်ယူနိုင်မယ့်သူ တယောက်ယောက်ကို ရွေးချယ်ဖို့ လိုပါတယ်။ လက်ဝဲစွန်းသမား တယောက်ယောက်ထက် ပိုပြီးလက်တွေ့ကျတဲ့ ခေတ်အမြင်ရှိသူ တယောက်ယောက်လည်း ဖြစ်နိုင်ပါတယ်။”

လတ်တလောမှာတော့ အထူးစုံစမ်းရေးမှူး Mueller ရဲ့ အစီရင်ခံစာအပေါ် သမ္မတက Twitter လူမှုကွန်ရက်ကနေ အောင်ပွဲခံနေပါတယ်။ ဒါပေမဲ့လည်း တရားရေးလုပ်ငန်းတွေမှာ ဝင်စွက်ခဲ့သလားဆိုတဲ့ မေးခွန်းကတော့ နောက်တကြိမ် သမ္မတရွေးကောက်ပွဲ ကာလအထိ သမ္မတ Trump ဆက်လက် ရင်ဆိုင်ရဦးမယ့် အလားအလာတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG