သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတရွေးကောက်ပွဲ ရုရှားစွက်ဖက်မှု အထူးစုံစမ်းရေးအစီရင်ခံစာ အပြည့်အစုံတင်ပြဖို့ အောက်လွှတ်တော် ဆင့်ခေါ်စာထုတ်ပြန်


၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်စွက်ဖက်မှုတွေကို စုံစမ်းခဲ့တဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller ရဲ့ အစီရင်ခံစာ (ဧပြီ၊ ၁၈၊ ၂၀၁၉)
၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်စွက်ဖက်မှုတွေကို စုံစမ်းခဲ့တဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller ရဲ့ အစီရင်ခံစာ (ဧပြီ၊ ၁၈၊ ၂၀၁၉)

၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်စွက်ဖက်မှုတွေကို စုံစမ်းခဲ့တဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller ရဲ့ အစီရင်ခံစာ အပြည့်အစုံကို တင်ပြဖို့ အောက်လွှတ်တော် တရားရေးကော်မတီ ဥက္ကဋ္ဌ Jerrold Nadler က ဒီနေ့ပဲ ဆင့်ခေါ်စာ ထုတ်ပြန်လိုက်ပါတယ်။

အစီရင်ခံစာနဲ့ ပတ်သက်လို့ ရှေ့နေချုပ် William Barr ရဲ့ ဆောင်ရွက်ချက်တွေကြောင့် ကွန်ဂရက် လွှတ်တော်က အများစုအနေနဲ့ ဘာမှမသိရတဲ့ အခြေအနေဖြစ်နေတဲ့အကြောင်းလည်း တရားရေးကော်မတီ ဥက္ကဋ္ဌက ပြောဆိုခဲ့တာပါ။

အထူးစုံစမ်းစစ်ဆေးရေးမှူးရဲ့ တွေ့ရှိချက်တွေထဲက ခိုင်ခိုင်မာမာ တိတိကျကျ အချက်အလက်တွေကို ဒီမိုကရက် လွှတ်တော်အမတ်တွေ အခုချိန်ထိ ကြည့်ခွင့်မရသေးဘူးလို့လည်း ဆိုပါတယ်။ ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ Trump ရဲ့ စည်းရုံးရေး အဖွဲ့နဲ့ ရုရှားတို့ကြား ပူးပေါင်းကြံစည်မှုတွေ ရှိမရှိ အထူးစုံစမ်းစစ်ဆေးရေးမှူးရဲ့ တွေ့ရှိချက်တွေကို အမြန်ဆုံး ထုတ်ပြန်ပေးဖို့ လွှတ်တော်တွင်းက ဒီမိုကရက်ပါတီ ခေါင်းဆောင်တွေ လအတော်ကြာကတည်းက တွန်းအားပေးနေကြတာပါ။

တည်းဖြတ်ထားတဲ့ အစီရင်ခံစာကိုတော့ မနေ့တုန်းကပဲ တရားဝင် ထုတ်ပြန်ထားပါတယ်။ အထူးစုံစမ်းစစ်ဆေးရေးမှူး Mueller အနေနဲ့ ကော်မတီရှေ့မှောက် မေလ ၂၃ ရက်နေ့ထက် နောက်မကျပဲ လာရောက်ထွက်ဆို စေလိုကြောင်းလည်း တရားရေး ကော်မတီ ဥက္ကဋ္ဌ Nadler ကပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ လထဲမှာတုန်းကတော့ ရှေ့နေချုပ်က အစီရင်ခံစာကို အကျဉ်းရုံး ကောက်နှုတ် ဖော်ပြခဲ့ရာမှာ Trump နဲ့ စည်းရုံးရေးအဖွဲ့ဟာ ရုရှားနဲ့ ပူးပေါင်းကြံစည်ခဲ့တဲ့ အထောက်အထားတွေကို အထူးစုံစမ်းစစ်ဆေးရေးမှူးနဲ့ အဖွဲ့က မတွေ့ခဲ့ရကြောင်း ပြောဆိုခဲ့ပြီး သမ္မတအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေကို စွက်ဖက်ပြီး တရားရေးလုပ်ငန်းတွေကို နှောက်ယှက်ခဲ့တာ ရှိမရှိ ဆိုတာကိုလည်း တစုံတရာ ကောက်ချက်ချထားတာ မရှိကြောင်း ပြောဆိုထားပါတယ်။

အထက်လွှတ်တော်က ဒီမိုကရက်ခေါင်းဆောင် Chuck Schumer နဲ့ အောက်လွှတ်တော်ခေါင်းဆောင် Nancy Pelosi တို့ကတော့ အထူးစုံစမ်းရေးမှူးရဲ့ တွေ့ရှိချက်တွေကို ဖြတ်တောက်ထားပြီးမှ မှတ်ချက်ပေးခဲ့တာ ဖြစ်ကြောင်း ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ပြီး တုံ့ပြန်ခဲ့ကြပါတယ်။

XS
SM
MD
LG