သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ် ၅ လအတွင်း ရုရှား သေဆုံးဒဏ်ရာရသူ ၁၀၀,၀၀၀ ကျော်ရှိ


အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ John Kirby
အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ John Kirby

ယူကရိန်းအရှေ့ပိုင်း အထူးသဖြင့် ဘက်မု (Bakhmut) ဒေသက ၅ လကြာတိုက်ပွဲတွေအတွင်း ရုရှားတပ်ဖွဲ့ဝင် ၂၀,၀၀၀ ကျော် သေဆုံးပြီး နောက်ထပ် ၈၀,၀၀၀ ဒဏ်ရာရခဲ့ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဗီ (John Kirby) က တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။

“ဘက်မုကတဆင့် ဒန်းဘေးစ် (Donbass) ကို ထိုးစစ်ဆင်ဖို့ ရုရှားဘက်က ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ပြောခွင့်ရကဆိုပြီး “ရုရှားအနေနဲ့ အမှန်တကယ် ဗျူဟာမြောက် အရေးပါတဲ့ နယ်မြေတခုမှ သိမ်းယူနိုင်တာမရှိသေးဘူး” လို့ ပြောပါတယ်။

အများပြည်သူကိုထုတ်ပြန်လိုက်တဲ့ အမေရိကန်ထောက်လှမ်းရေး သတင်းအချက်အလက်တွေကိုကိုးကားပြီး ကာဗီကပြောရာမှာ သေဆုံးသူတွေရဲ့ ထက်ဝက်လောက်က ကြေးစားပုဂ္ဂလိကလက်နက်ကိုင်အဖွဲ့ ဗာ့ဂနာ (Wagner) က ရုရှားအကျဉ်းထောင်တွေကနေ စုဆောင်းထားတဲ့ စစ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ‌ အသေအပျောက်စာရင်းတွေက တိုက်ပွဲတွေ အပြင်းအထန်ဆုံးဖြစ်ခဲ့တဲ့ ဘက်မု မြို့က တိုက်ပွဲတွေအပါအဝင် ဒီဇင်ဘာလအစပိုင်းကတည်းက ဆုံးရှုံးမှုတွေကို မှတ်တမ်းတင်ထားတာပါ။ အထူးသဖြင့် ဘက်မုတိုက်ပွဲမှာ ရုရှားဘက်ကပေးဆပ်ရမှု အလွန်မြင့်မားခဲ့ပြီး ရုရှားဟာ သူ့ရဲ့ စစ်လက်နက်ခဲယမ်းသိုလှောင်မှုနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အထိနာခဲ့တယ်လို့ ကာဗီက ပြောပါတယ်။

ယူကရိန်းဘက်က အသေအပျောက်စာရင်းခန့်မှန်းချက်ကိုတော့ အမေရိကန်ဘက်က ထုတ်ပြန်ခြင်းမရှိဘဲ ဒီစစ်ပွဲမှာ ယူကရိန်းက ကျူးကျော်ခံရတဲ့သားကောင်ဖြစ်ပြီး ရုရှားက ရန်လိုကျူးကျော်သူဖြစ်တယ်လို့ ကာဗီကဆိုပါတယ်။

အခု ထုတ်ပြန်ချက်တွေထဲမှာ အမေရိကန်ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့က လက်နက်ပံ့ပိုးပေးပြီး လေ့ကျင့်သင်ကြားပေးတဲ့ မဟာမိတ်အဖွဲ့အတွက် လုံခြုံရေးအခက်အခဲတွေ့စေမယ့် အချက်အလက်တွေကိုတော့ အများပြည်သူ ကြည့်ရှုအသုံးပြနိုင်မယ့်မှတ်တမ်းထဲမှာ ထည့်သွင်းမှာမဟုတ်ဘူးလို့လည်း အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG