သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီးသစ် Mike Pompeo ကျမ်းသစ္စာကျိန်ဆို


အမေရိကန် CIA ညွှန်ကြားရေးမှူးဟောင်း Mike Pompeo အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ကြာသပတေးနေ့က ကျမ်းသစ္စာကျိန်ဆို (ဧပြီ ၂၆-၂၀၁၈)
အမေရိကန် CIA ညွှန်ကြားရေးမှူးဟောင်း Mike Pompeo အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ကြာသပတေးနေ့က ကျမ်းသစ္စာကျိန်ဆို (ဧပြီ ၂၆-၂၀၁၈)

အမေရိကန် CIA ညွှန်ကြားရေးမှူးဟောင်း Mike Pompeo ဟာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ကြာသပတေးနေ့က ကျမ်းသစ္စာကျိန်ဆိုလိုက်ပါပြီ။ အထက်လွှတ်တော်မှာ ထောက်ခံမဲ ၅၇ မဲ၊ ကန့်ကွက်မဲ ၄၂ မဲနဲ့ မစ္စတာ Pompeo ကို ခန့်ထားရေး အတည်ပြု လိုက်တာပါ။ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ်အားလုံး၊ ဒီမိုကရက်လွှတ်တော် အမတ် ခြောက်ယောက်နဲ့ တသီးပုဂ္ဂလအမတ် ၁ယောက်တို့က သူ့ကိုထောက်ခံ မဲပေးခဲ့ကြပြီး ကျန် ဒီမိုကရက်အမတ်အားလုံးက ကန့်ကွက်မဲပေးခဲ့ပါတယ်။

အခုလို အတည်ပြုပေးလိုက်တဲ့အပေါ် သမ္မတထရမ့်ပ်က ချီးကျူးပြောဆိုသလို ၇၀ ဦးမြောက် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာသူ Mike Pompeo ကိုလည်း ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

“နိုင်ငံခြားရေးဌာနကိုဦးဆောင်ဖို့ ကြီးမားတဲ့အစွမ်းအစ၊ စွမ်းအင်၊ ဉာဏ်ပညာတို့နဲ့ပြည့်စုံတဲ့ Mike လို မျိုးချစ်ပုဂ္ဂိုလ်တဦးကို ရလိုက်တာဟာ သမိုင်းမှာ သိပ်ကိုအရေးကြီးနေတဲ့ အခုလိုအချိန်မျိုးမှာ ကျနော်တို့တိုင်းပြည်အတွက် သိပ်ကို အဖိုးတန်လှပါ တယ်” လို့ သမ္မတထရမ့်ပ်က ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

ပြီးခဲ့တဲ့လမှာ သမ္မတထရမ့်ပ် ထုတ်ပစ်လိုက်တဲ့ Rex Tilleson အစား မစ္စတာ Pompeo နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတာပါ။ ကြာသပတေးနေ့မှာ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို စပြီးယူလိုက်တာကြောင့် ဒီကနေ့ သောကြာနေ့ ဘရပ်ဆဲလ်စ်မြို့တော်မှာ လုပ်မယ့် မြောက်အတ္တလန်တိတ်စာချုပ် NATO အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို သူ တက်ရောက်နိုင်မှာ ဖြစ်သလို တူရကီ၊ အီတလီနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ နှစ်နိုင်ငံခြင်း သီးခြားစီ တွေ့ဆုံဆွေးနွေးဖို့လည်းရှိပါတယ်။ အဲဒီနောက်မှာတော့ ဝန်ကြီး Pompeo ဟာ အစ္စရေးလ်၊ ဆော်ဒီအာရေးဘီးယားနဲ့ ဂျော်ဒန်နိုင်ငံတွေကို ခရီးဆက်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG