အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ ကြီးထွား လာနေတဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်တွေနဲ့ ခြိမ်းချောက်လာနေတဲ့ အန္တရာယ်ကို ခုခံကာကွယ်ရေးနဲ့ ဒေသတွင်းက မဟာမိတ်တွေနဲ့အတူ အမေရိကန်ပြည်ထောင်စုက အတူရပ်တည်ကြောင်း ထပ်လောင်း ပြရေးတို့အတွက် အာရှ ၃ နိုင်ငံခရီးစဉ်ရဲ့ ပထမခရီးတထောက်အဖြစ် ဂျပန်နိုင်ငံကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
ဝန်ကြီး Tillerson ဟာ ခရီးစဉ်အတွင်း ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီခရီးစဉ်အတွင်း အခါတိုင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနောက်မှာ ထုံးစံအတိုင်း လိုက်ပါလေ့ရှိတဲ့ သတင်းထောက်တွေ အများအပြား လိုက်ပါသွားမှာ မဟုတ်ပါဘူး။
ခရီးစဉ်မှာ လိုက်ပါဖို့အတွက် ရှေးရိုးစွဲဝါဒဘက်ကို ယိမ်းတဲ့ Independent Journal Review အွန်လိုင်း သတင်းဌာနက သတင်းထောက် Erin McPike တဦးကိုသာ ရွေးချယ် ခေါ်ဆောင် သွားဆောင်သွားပါတယ်။ နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ကို မတူညီတဲ့ ပြင်ပရှုဒေါင့်ကနေ ရှုမြင်နိုင်အောင် တာဝန်ရှိသူတွေပါဝင်တဲ့ အဖွဲ့က Erin McPike ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ယာယီ ပြောခွင့်ရ Mark Toner က သတင်းထောက်တွေရဲ့ အမေးကို ဗုဒ္ဓဟူးနေ့မှာ ပြန်လည် ဖြေကြားခဲ့ပါတယ်။
သတင်းမီဒီယာတွေအနေနဲ့ ၀န်ကြီး Tillerson ကို ကျယ်ကျယ်ပြန့်ပြန် ချဉ်းကပ်နိုင်ကြမှာဖြစ်တယ်လို့ ခရီးစဉ်နဲ့ပတ်သက်လို့ မေးခွန်းထုတ်နေကြတဲ့ သတင်းထောက်တွေကို Mark Toner က ပြန်လည် ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံက သတင်းထောက် ၁၇ ဦး အပါအ၀င် သတင်းထောက် စုစုပေါင်း ၂၃ ဦးအနေနဲ့လည်း မေးခွန်းတွေ မေးခွင့်ရကြမယ်လို့ Mark Toner က ပြောပါတယ်။