အမေရိကန်သမ္မတ Donald Trump ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေးအဖွဲ့နဲ့ ရုရှားတို့ကြား ဆက်နွယ်မှုတွေကို အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller ဦးဆောင်ပြီး စုံစမ်းနေတာတွေကို ရပ်ဆိုင်းဖို့ ပြောဆိုနေတဲ့အပေါ် ဒီမိုကရက်ထိပ်တန်း အထက် လွှတ်တော်အမတ် တဦးက အပြင်းအထန် ဝေဖန်လိုက်ပါတယ်။
စုံစမ်းစစ်ဆေးမှုတွေကို ရပ်ဆိုင်းဖို့ တောင်းဆိုမှုတွေဟာ တာဝန်မဲ့ပြီး အဆင်ခြင်မဲ့တဲ့ ပြောဆိုမှုတွေ ကြီးထွားလာနေတဲ့ လုပ်ရပ်အဖြစ် အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ဒုဥက္ကဋ္ဌ Mark Warner က ရည်ညွှန်းပြောဆိုလိုက်သလို၊ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးရာ ပြဿနာတခု ဖြစ်လာနိုင်တယ်လို့လည်း သတိပေးခဲ့တာပါ။
အထူးစုံစမ်းစစ်ဆေးရေးမှူး ကိုပဲဖြစ်ဖြစ်၊ စုံစမ်းမှုမှာ အဆင့်မြင့်တာဝန်ယူထားသူ တဦးဦးကိုပဲဖြစ်ဖြစ်၊ ဖယ်ရှားတာဟာ အမှန်တရားကို ဖော်ထုတ်ရမယ့် အစိုးရရဲ့ ပိုင်းဖြတ်ချက်အပေါ်မှာ သာမက၊ အခြေခံအကျဆုံးဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေး အပေါ်မှာပါ မေးခွန်းထုတ်စရာ ဖြစ်လာနိုင်ကြောင်း အထက်လွှတ်တော်မှာ မနေ့တုန်းကပဲ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးမှုအပေါ် ဝေဖန်မှုတွေဟာ မကြာသေးခင် သီတင်းပတ်တွေမှာ ပိုမိုကျယ်လောင် ကြီးထွားလာနေပြီး၊ စနစ်တကျညှိနှိုင်း လုပ်ဆောင်လာပုံ ရတယ်လို့လည်း ပြောဆိုခဲ့တာပါ။ သမ္မတအနေနဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး Mueller ကို ဖယ်ရှားဖို့ပဲဖြစ်ဖြစ်၊ အရေးကြီးတဲ့ သက်သေတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး တာဝန်ခံစရာ မလိုအောင် အကာအကွယ် ပေးတာမျိုးပဲဖြစ်ဖြစ်၊ စုံစမ်းစစ်ဆေးမှုတွေကို ရပ်ဆိုင်းလိုက်တာပဲဖြစ်ဖြစ် လုပ်ဆောင်လာမယ်ဆိုရင် အာဏာကို အလွဲသုံးစားလုပ်တဲ့ လုပ်ရပ်သာ ဖြစ်လိမ့်မယ်လို့လည်း သတိပေးခဲ့ပါတယ်။
သမ္မတအိမ်ဖြူတော်က အကျိုးဆောင်ရှေ့နေ Ty Cobb ကတော့ အစိုးရ အနေနဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူးကို တာဝန်ကနေ ဖယ်ရှားဖို့ အစီအစဉ် မရှိကြောင်း မနေ့တုန်းကပဲ ပြောဆိုခဲ့တာပါ။ ကျိုးကြောင်းဆီလျော်မှုမရှိ၊ အခြေအမြစ်လည်းမရှိတဲ့ ကောလဟလတွေကို တုန့်ပြန်ဖို့ မီဒီယာတွေက မေးခွန်းထုတ်နေသမျှ၊ အများအာရုံစိုက်ခံချင်တဲ့ နိုင်ငံရေး သမားတွေအနေနဲ့ ကောလဟလတွေကို ဖြန့်နေမှာသာ ဖြစ်ကြောင်းလည်း တုန့်ပြန်ခဲ့ပါတယ်။
ဒီနှစ်ဆန်းပိုင်း အမေရိကန် ထောက်လှမ်းရေး အသိုင်းအ၀န်းက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာတော့ ပြီးခဲ့တဲ့နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက စွက်ဖက်မှုတွေရှိခဲ့ကြောင်း ဖော်ပြခဲ့တာပါ။ ရုရှားကတော့ ပြိုင်ဘက်ဒီမိုကရက် ကိုယ်စားလှယ် Hillary Clinton နဲ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ရာမှာ သမ္မတလောင်း Trump အနိုင်ရအောင် ၀င်ရောက်စွက်ဖက်ခဲ့ကြောင်း သတင်းတွေဟာ မမှန်ဘူးလို့ ငြင်းဆန်ထားပါတယ်။