ဆီးနှင်းတွေ၊ ရေခဲတွေ၊ လေပြင်းတိုက်ခတ်မှုတွေနဲ့အတူ ပြင်းထန်တဲ့ ဆောင်းမုန်တိုင်းဒဏ်ကို အမေရိကန် အလယ်ပိုင်း၊ တောင်ပိုင်းနဲ့ အရှေ့ဘက်ခြမ်း ပြည်နယ်တွေ ခံစားနေကြရပါတယ်။ ဒီကနေ့ နှင်းမုန်တိုင်းကျတဲ့နေရာတွေထဲက တချို့နေရာတွေမှာ ဆယ်စုနှစ်အတွင်း စံချိန်တင် နှင်းကျနိုင်တယ်လို့လည်း ခန့်မှန်းထားတာပါ။
နှင်းမုန်တိုင်း တနင်္ဂနွေနေ့က စတင်ဝင်ရောက်တဲ့ အလယ်ပိုင်းဒေသပြည်နယ်တွေမှာ လမ်းပမ်း သွားလာရေး အခက်အခဲတွေ ကြုံနေရပြီး အရှေ့ဘက်ခြမ်းပြည်နယ်တွေမှာ လာမယ့်ရက်တွေအတွင်း ရာသီဥတုဆိုးရွားနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ Kansas နဲ့ Missouri ပြည်နယ် နေရာတချို့မှာ နှင်းမုန်တိုင်းဒဏ် အပြင်းအထန် ခံနေရပြီး Indiana ပြည်နယ်မှာတော့ မုန်တိုင်းကြား ပိတ်မိနေတဲ့ကားတွေကိုဖယ်ရှားဖို့ ပြည်တွင်းကာကွယ်ရေးတပ်ဖွဲ့တွေကို အကူအညီခေါ်ယူခဲ့ရပါတယ်။
ဗွီအိုအေ အမေရိကန်အသံ ရုံးချုပ်ရှိရာ ဝါရှင်တန်ဒီစီနဲ့ကပ်လျက် ဗာဂျီးနီးယားနဲ့ မေရီလန်းပြည်နယ် တွေမှာလည်း မုန်တိုင်းမဝင်ခင် အရေးပေါ်အခြေအနေ ကြေညာထားပြီး ဒီကနေ့ တနင်္လာနေ့မှာ စာသင်ကျောင်းတွေကို ပိတ်ထားခဲ့တာပါ။ ဗာဂျီးနီးယားပြည်နယ်ရဲတပ်ဖွဲ့ကတော့ တနင်္ဂနွေနေ့နှောင်းပိုင်း မုန်တိုင်းဝင်ချိန်ကစလို့ ယာဉ်တိုက်မှု အနည်းဆုံး ၁၃၅ မှု ရှိခဲ့ကြောင်း ပြောပါတယ်။ မုန်တိုင်းကြောင့် လေယာဉ်နဲ့ ရထားခရီးစဉ် တော်တော်များများကိုလည်း ဖျက်ထားရပါတယ်။
Forum