သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံကာကွယ်ရေးလုပ်ဆောင်ခြင်းဖြစ်လို့ ကန်အရေးယူမှု မှတ်ချက်မပေးလိုဟု တပ်မတော်တုံ့ပြန်


အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး- သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန MOI
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး- သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန MOI

ရခိုင်မြောက်ပိုင်းအရေး လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတယ်ဆိုပြီး အမေရိကန်က ဒဏ်ခတ်အရေးယူမှုဟာ အမေရိကန်အစိုးရရဲ့ မူဝါဒသာဖြစ်တဲ့အတွက် တပ်ဘက်က မှတ်ချက် မပေးလိုဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတုံ့ပြန်ပါတယ်။ အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအပေါ် နယ်မြေရှင်းလင်းတာကို ခိုင်လုံတဲ့ အထောက်အထားမရှိပဲစွပ်စွဲပြောဆိုမှု တရပ်သာဖြစ်တယ်လို့ ရခိုင်ပြည်သူ့ လွှတ်တော် အမတ်တဦးကလည်း ဝေဖန်လိုက်ပါတယ်။ ဒါပေမဲ့လို့ စစ်ဗိုလ်ချုပ်တဦးတည်း ကိုပဲ ဒီကိစ္စတွေ အားလုံးမှာ တာဝန်ရှိတယ်ဆိုပြီး ဒဏ်ခတ် အရေးယူလိုက်တာဟာ မြန်မာ့နိုင်ငံရေး အနေအထားအပေါ် သတိပေးတဲ့သဘော ချင့်ချင့်ချိန်ချိန် ဆုံးဖြတ်ချက် ချလိုက်တာဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး အကဲခတ်ကလည်း သုံးသပ်ပါတယ်။ သုံးသပ်ချက် အမြင်တွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

ကမ္ဘာတဝှမ်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်နွယ်ပြီး အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်မှုအသစ်တွေ ချမှတ်လိုက်တဲ့ လူပုဂ္ဂိုလ် (၁၃) ယောက်အနက် မြန်မာနိုင်ငံက ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေမှာ ကြီးကြပ်တာဝန်ယူခဲ့တဲ့ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုးကို လူ့အခွင့်အရေးချိုးဖောက် မှုတွေမှာ တာဝန်ရှိသူအဖြစ် ဒဏ်ခတ်အရေးယူတဲ့စာရင်းထဲ ထည့်သွင်းလိုက်တာပါ။

အခုလို အမေရိကန်ဘက်က စစ်ဗိုလ်ချုပ်တဦးအပေါ် ဒဏ်ခတ်အရေးယူမှုနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ထွန်းထွန်းညီကတော့ အမေရိကန် အစိုးရဘက်က သူတို့ရဲ့ မူဝါဒအတိုင်း ဆောင်ရွက်လုပ်ဆောင်မှုဖြစ်တဲ့အတွက် တစုံတရာ မှတ်ချက်ပေးရန်မရှိဘူးလို့ ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“ဒီ Sanction နဲ့ ပတ်သက်လို့တော့ ပြောစရာမရှိဘူးနဲ့တူပါတယ်။ ဘာလို့ဆိုတော့ သူတို့ ပေါ်လစီက ပေါ်လစီအတိုင်းပဲ သူတို့လည်း ပေါ်လစီအတိုင်းပဲ သူတို့သွားကြမှာပေါ့နော် ဒါကတော့ သူတို့နိုင်ငံပေါ်လစီအတိုင်းပဲ ဖြစ်မှာပေါ့။ သူတို့ရည်ရွယ်ချက်ကို ကျနော်တို့က ဘာမှ မသိရသေးတာလေ။ သူတို့က ဘာရည်ရွယ်ချက်နဲ့ လုပ်သလဲ ဆိုတာတော့ ရှိဦး မှာပေါ့နော်။ ကျနော်တို့ကတော့ တပ်မတော်သားဆိုတော့ တာဝန်ပေးတဲ့အချိန်မှာ တာဝန်ပေး တာကိုပဲ လုပ်ရတာပဲလေ တာဝန်ပေးတဲ့အပေါ်မှာ လုပ်ရကိုင်ရတာပဲလေ။ တာဝန်ပေးတဲ့အပေါ်မှာ လုပ်ရကိုင်ရတာက ကျနော်တို့က အလုပ်လုပ်တဲ့နေရာမှာ Personal မှ မပါတာလေ ။ ကျနော်တို့ အလုပ်လုပ်နေတာက နိုင်ငံနဲ့ တပ်မတော်အတွက် အထက်ကပေးတဲ့ အမိန့်အတိုင်း အလုပ်လုပ်နေကြတာလေ။”

ရခိုင်မြောက်ပိုင်းအရေး လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတယ်ဆိုပြီး အမေရိကန်က ဒဏ်ခတ်အရေးယူတာဟာ အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း နယ်မြေ ရှင်းလင်းရေးလုပ်တာကို နိုင်ငံကြီးတနိုင်ငံဖြစ်ပြီး ခိုင်လုံတဲ့အထောက်အထား မရှိဘဲ စွပ်စွဲပြောဆိုမှု တရပ်သာဖြစ်တယ်လို့ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးဖေသန်းကတော့ ဝေဖန်လိုက်ပါတယ်။

“ အထောက်အထားမဲ့ စွပ်စွဲပြီးတော့ Sanction လုပ်တယ်ဆိုတာကတော့ နိုင်ငံတနိုင်ငံ အနေနဲ့ နိုင်ငံကြီးတနိုင်ငံအနေနဲ့ အဲလိုလုပ်တယ်ဆိုတာကတော့ တော်တော်ကို အဓိပ္ပါယ် မရှိဘူးလို့ မြင်တယ်။ အဲဒါကြောင့် ကျနေ့ာအနေနဲ့ ဝေဖန်လိုတာကတော့ ဒီအပေါ်မှာ ကျနော်တို့ ဘာမှ မထူးဆန်းဘူး သူတို့လုပ်နေကြအတိုင်းပဲ လုပ်တယ်လို့ မြင်တယ်။ ဒါပေမယ့် အဲဒီအပေါ်မှာ သူ့ကို ဘယ်လိုကျူးလွန်မှုနဲ့ ဘယ်လို တာဝန်ပေးသလဲ ၊ နိုင်ငံတော်က တပ်မတော်က တာဝန်ပေးရင်တော့ သူ့အနေနဲ့ လုပ်ရမှာပဲ။ ဒါပေမယ့် သူ့အနေနဲ့ ဘယ်လောက်အထိ ကိုယ်ထိလက်ရောက် အဲဒီအပေါ်မှာ ကျူးကျူး လွန်လွန် လုပ်ခဲ့သလဲ။ အဲဒီ သူတို့ ရထားတဲ့ သတင်းတွေကရော တကယ့်စိတ်ချရတဲ့ မှန်ကန်တဲ့ သတင်းတွေလား။ အဲဒီလို အထောက်အထား မပြနိုင်ပဲနဲ့ တဖက်သတ် လူ ပုဂ္ဂိုလ် တယောက် ကို တာဝန်ရှိတယ်ဆိုပြီးတော့ အရေးယူခြင်း Sanction လုပ်တယ်ဆိုတာကတော့ မရှိသင့်ဘူးပေါ့။”

အမေရိကန်အစိုးရဘက်ကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ ရခိုင်မြောက်ပိုင်းအရေး သတိပေးတဲ့သဘောမျိုးလောက်ပဲ စတိသဘော ဒဏ်ခတ် အရေးယူလိုက်တာဖြစ်ပြီး အခုလို ဗိုလ်ချုပ်မောင်မောင်စိုးလို အထက်က အမိန့်ကို နာခံရ တဲ့ စစ်ဗိုလ်ချုပ်တဦးတည်းကိုပဲ ဒီကိစ္စတွေ အားလုံးမှာ တာဝန်ရှိတယ်ဆိုပြီး ဒဏ် ခတ် အရေးယူ လိုက်တာဟာ အာဏာလက်ကိုင်ရရှိနိုင်မှု အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာ့နိုင်ငံရေး အနေအထားအပေါ် ချင့်ချင့်ချိန်ချိန် ဆုံးဖြတ်ချက်ချလိုက်တာဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး အကဲခတ်ဒေါက်တာရန်မျိုးသိမ်းကလည်းသုံးသပ်ပါတယ်။

“အမေရိကန်ရဲ့ Targeted Sanction က တကယ်တမ်းပြောမယ်ဆိုရင် သူက စတိ လောက် ချမှတ်လိုက်တဲ့ အနေအထားလို့ ကျနော်မြင်ပါတယ်။ အဲဒီတော့ တကယ်တမ်း ကတော့ အမေရိကန်အစိုးရအနေနဲ့ ဒီမြန်မာနိုင်ငံရဲ့ လက်ရှိဒီမိုကရေစီ အပြောင်းအလဲ အပေါ်မှာ တကယ့်ကို နှိုင်းနှိုင်းချိန်ချိန်နဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုကို လုပ်လိုက်တယ်လို့ မြင်ပါတယ်။ နောက်တဖက်ကလည်း မြန်မာနိုင်ငံနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ ဆက် ဆံရေး ပိုပြီးတော့ နီးကပ်သွားနိုင်တဲ့ အခြေအနေပေါ်မှာ ချင့်ချင့်ချိန်ချိန်စဉ်းစားပြီးတော့ Targeted Sanction ကို လုပ်လိုက်တာလို့ မြင်ပါတယ်။”

ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေအပေါ် ဥပဒေမဲ့သတ်ဖြတ်မှု လိင်ပိုင်းဆိုင်ရာ အနိုင် ကျင့် စော်ကားမှု ဖမ်းဆီးမှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိ ကြောင်း ခိုင်လုံတဲ့အထောက်အထားတွေ တွေ့ရှိခဲ့တာကြောင့် ဆိုပြီး ဒီကနေ့ အိမ်ဖြူတော် က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အထူးသဖြင့်ကတော့ သြဂုတ်လ အတွင်း ARSA အစွမ်းရောက်အဖွဲ့တွေကို လိုက်လံရှင်းလင်းတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင် ရေးတွေမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်သားတွေဟာ ရိုဟင်ဂျာကျေးရွာတွေကို ဝင်ရောက်ပြီး ပစ်ခတ်သတ်ဖြတ်တာ အဓမ္မပြုကျင့်တာတွေ ရှိခဲ့ကြောင်း မျက်မြင် ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသူတွေဆီက သက်သေအထောက်အထားတွေရတယ်လို့ ထုတ်ပြန်ချက်ထဲ ပြောဆိုထားပါတယ်။

ရခိုင်အမတ်တွေနဲ့ ရခိုင်ဒေသခံတွေဘက်ကတော့ပြီးခဲ့တဲ့ သြဂုတ်လမှာဖြစ်ခဲ့တဲ့ ရခိုင်မြောက် ပိုင်း ဘူးသီးတောင် မောင်တောဒေသတွင်း ARSA အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပြန်ကာကွယ်တဲ့ စစ်တပ်ဘက်က နယ်မြေလုံခြုံရေးအရ အချုပ်အခြာကို စောင့်ရှောက်ကာကွယ်မှုအဖြစ်ပဲ မြင်တယ်လို့ ရခိုင်အမတ် ဦးဖေသန်းက ပြောပါတယ်။

“အခုကျနော်တို့ ရခိုင်ဒေသခံတွေအနေနဲ့ကတော့ ဒီစစ်ဆင်ရေးမှာ တဖက်က ကျူးလွန် လာလို့ ပြန်ပြီးတော့ တိုက်ထုတ်ရတဲ့ စစ်ဆင်ရေးဖြစ်တဲ့အတွက် ကျနော်တို့လည်း တပ်မတော်အပေါ်မှာ အဲဒီလို မတော်မတရားလုပ်တယ်၊ အကြမ်းဖက်ဖြိုခွဲတယ် ဆိုတဲ့ အမြင်မျိုးမမြင်ပါဘူး။”

အခုလို စစ်ဗိုလ်ချုပ်အပေါ် ဒဏ်ခတ်အရေးယူမှုတွေ ကို အမေရိကန်ဘက်က ဆောင်ရွက် ပေမဲ့လို့ မြန်မာအစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်တာဝန်ရှိသူတွေဘက်ကတော့ အမေရိ ကန်လို အနောက်နိုင်ငံတွေက မြန်မာပြည်လူ့အခွင့်အရေးအပေါ်စိုးရိမ်မှုတွေအပေါ် ရှင်း လင်းနိုင်ဖို့ မြေပြင် ပကတိ အခြေအနေခိုင်လုံတဲ့ သတင်းအချက်အလက်တွေ မျှဝေပေးနိုင် ဖို့ ဒီ့ထက်ကျယ်ကျယ်ပြန့်ပြန့် သံတမန်ရေးအရ ဆောင်ရွက်သင့်တယ်လို့လည်း ဒေါက်တာ ရန်မျိုးသိမ်းက အကြံပြုပါတယ်။

အမေရိကန်သမ္မတ Donald Trump ကြာသပတေးနေ့က လက်မှတ်ရေးထိုးပြီး အမေရိ ကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ အမိန့်အရ ဒီလို အရေးယူ ဒဏ်ခတ်မှု ချမှတ်ခံလိုက်ရသူတွေအနေနဲ့ အမေရိကန်မှာ ပိုင်ဆိုင်မှုတွေရှိရင် ချိတ်ပိတ် ထိန်းချုပ်ခံရမှာ ဖြစ်တဲ့အပြင် အမေရိကန်နဲ့ နိုင်ငံတကာ ငွေကြေးစနစ် ဘဏ္ဍာရေးအသုံးပြုမှု မှာလည်း ကန့်သတ်ခံရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG