သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump အပေါ် အရေးယူရေး လွှတ်တော်စစ်ဆေးမခံဖို့ သံအမတ်ကို တားမြစ်


အမေရိကန်သမ္မတ Donald Trump (အောက်တိုဘာ၊ ၀၄၊ ၂၀၁၉)
အမေရိကန်သမ္မတ Donald Trump (အောက်တိုဘာ၊ ၀၄၊ ၂၀၁၉)

အမေရိကန်သမ္မတ Donald Trump ကို အရေးယူဖို့ စုံစမ်းစစ်ဆေးတဲ့အထိ ဖြစ်လာခဲ့တဲ့ သမ္မတ Trump နဲ့ ယူကရိန်းအစိုးရ အရာရှိတွေကြား ဆက်သွယ် ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ဥရောပဆိုင်ရာ အမေရိကန်သံအမတ်ကြီး Gordon Sondland ကို လွှတ်တော်ရှေ့မှောက် စစ်ဆေး မေးမြန်းတာကို လက်မခံဖို့ သမ္မတ Trump အစိုးရက ညွှန်ကြားထားပါတယ်။

သမ္မတ နဲ့ ယူကရိန်းအစိုးရ အရာရှိတွေကြား ဆက်သွယ် ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး သံအမတ်ကြီး Sondland ကို ဒီကနေ့ မနက်ပိုင်း လွှတ်တော်မှာ တံခါးပိတ် မေးမြန်းဖို့ အောက်လွှတ်တော် ရေးရာ ကော်မတီ သုံးခုက စီစဉ်ထားတာပါ။ ဒါပေမဲ့ ဒါကို လက်မခံဖို့ နိုင်ငံခြားရေးဌာနက ညွှန်ကြားထားတာကြောင့် သံအမတ်ကြီးအနေနဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာရမှာ ဖြစ်တယ်လို့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။

လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ သံအမတ်တယောက် နိုင်ငံခြားရေးဌာနရဲ့ ဝန်ထမ်းတယောက်အနေနဲ့ ညွှန်ကြားချက်ကို လိုက်နာရတာ ဖြစ်တယ်လို့ ရှေ့နေ Robert Luskin က ပြောပါတယ်။

သမ္မတ Trump ကတော့ - သူ့ကိုအရေးယူဖို့ ခုလို အောက်လွှတ်တော်မှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတာဟာ နောက်နှစ်ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ သူ ဒုတိယသက်တမ်း ဆက်ပြီးအနိုင်မရအောင် ဒီမိုကရက်အမတ်တွေက တမင်အကွက်ဆင်တဲ့လုပ်ရပ် ဖြစ်တယ်လို့ ဆိုပြီး တနင်္လာနေ့ကပဲ ထပ်မံ စွပ်စွဲပြောဆိုခဲ့ပါတယ်။

သံအမတ်ကြီး Sondland အပေါ် အခု ညွှန်ကြားချက်ကြောင့် သမ္မတကို အရေးယူဖို့ စုံစမ်းစစ်ဆေးမှုတွေကို အနှောက်အယှက်ပေးမှု စွပ်စွဲချက်နဲ့ ဒီမိုကရက်တွေဘက်က နောက်ထပ်တောင်းဆိုတာတွေ ဖြစ်လာနိုင်ဖွယ်ရှိနေပြီး အစိုးရက အခုညွှန်ကြားချက်အတွက် တစုံတရာ မှတ်ချက်ပေးပြောဆိုတာ မရှိသေးပါဘူး။

သမ္မတ Trump ရဲ့ အဓိက နိုင်ငံရေးပြိုင်ဘက် ဖြစ်လာနိုင်ခြေရှိတဲ့ ဒုသမ္မတဟောင်း Joe Biden နဲ့ Biden ရဲ့ သား Hunter တို့အကြောင်း စုံစမ်းပေးဖို့ ယူကရိန်းတာဝန်ရှိသူတွေကို တိုက်တွန်းခဲ့တဲ့အတွက် မစ္စတာ Sondland ဟာ အခုစုံစမ်းစစ်ဆေးမှုမှာ အရေးပါတဲ့သူ တဦးဖြစ်လာခဲ့တာပါ။

[Unicode Version]







တိုက်ရိုက် လင့်ခ်
XS
SM
MD
LG