အမေရိကန်ပြည်ထောင်စုမှာ သမ္မတကို တရားစွဲဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတာတွေရဲ့ အရင်းခံအကြောင်းဖြစ်တဲ့ ယူကရိန်းနိုင်ငံနဲ့ ပတ်သက်လို့ သမ္မတရဲ့ အစိုးရအဖွဲ့ လုပ်ဆောင်မှုတွေကို နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ကာကွယ်ပြောဆိုသွားပါတယ်။
ဒီဖြစ်ရပ်မှာဆိုရင် သမ္မတရဲ့လုပ်ရပ်က အနည်းဆုံးတော့ မသင့်တော်ဘူး၊ အဆိုးဆုံးဆိုရင်တော့ သမ္မတရဲ့အာဏာကို အလွဲသုံးစားလုပ်တာ ဖြစ်တယ်ဆိုပြီး လွှတ်တေ်ာက သမ္မတကို ရာထူးကဖယ်ရှားဖို့ထိ ဖြစ်နိုင်တဲ့ အခုစွပ်စွဲချက်တွေကို ဝန်ကြီး Pompeo က ပယ်ချသွားပါတယ်။
အတွင်းသတင်းပေး တိုင်ကြားသူတဦးရဲ့ အဆိုအရ ယူကရိန်းသမ္မတ Volodymyr Zelenskiy နဲ့ ဇူလိုင် ၂၅ ရက်နေ့က တယ်လီဖုန်းဆက် ပြောဆိုခဲ့တဲ့ သမ္မတ Trump က သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်ဖြစ်တဲ့ ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒန်နဲ့ပတ်သက်ပြီး စုံစမ်းပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ ကိစ္စမှာ သမ္မတကို တရားစွဲဆိုနိုင်လောက်သလား ဆိုပြီး အောက်လွှတ်တော် နေရာအများစုကို ထိန်းချုပ်ထားတဲ့ ဒီမိုကရက်တွေက စစ်ဆေးနေတာ ဖြစ်ပါတယ်။
အဲဒီ တယ်လီဖုန်းဆက် ပြောဆိုမှုကို သူကြားခဲ့ကြောင်း ဝန်ခံထားတဲ့ ဝန်ကြီး Pompeo ကတော့ သမ္မတ Trump အစိုးရအနေနဲ့ ယူကရိန်းနိုင်ငံနဲ့ ဆက်ဆံရေးနေရာမှာ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ဖို့ အထူးအာရုံစိုက်ခဲ့တယ်လို့ ပြောတာပါ။
သမ္မတကို တရားစွဲရေး လုပ်ဆောင်မှုနဲ့ ပတ်သတ်ပြီးပဲ နောက်ထပ်ဖြစ်ရပ်တခုမှာတော့ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စာရွက်စာတမ်းတွေ တောင်းထားတာကို အမေရိကန် နိုင်ငံခြားရေးဌာနက အစောပိုင်း တုံ့ပြန်မှုပေးထားပြီးပြီလို့ နိုင်ငံခြားရေးဝန်ကြီး Pompeo က ဒီကနေ့ စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။
နိုင်ငံခြားရေးဌာနက မနေ့ သောကြာနေ့ညက စာရေးသားပေးပို့ခဲ့သလို ဥပဒေအတိုင်း အားလုံးလိုက်နာ လုပ်ကိုင်သွားမှာဖြစ်တယ်လို့ ဝန်ကြီး Pompeo က ဂရိမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
ဥရောပတောင်ပိုင်း ခရီးစဉ် နောက်ဆုံးမှာ ဂရိနိုင်ငံကို ရောက်နေတဲ့ ဝန်ကြီး Pompeo က ဒီစုံစမ်းစစ်ဆေးမှုမှာ နိုင်ငံရေးပယောဂတွေ ပါနေတယ်ဆိုတာ သိပ်ကို ထင်ရှားတယ်လို့လည်း ပြောဆိုသွားပါတယ်။
-------------------------------
(Unicode)