သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းဆိုင်ရာ ကန်အထူးကိုယ်စားလှယ် ရာထူးကထွက်


KURT VOLKER
KURT VOLKER

အမေရိကန်သမ္မတ Donald Trump ရဲ့ ယူကရိန်းနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ သောကြာနေ့တုန်းက ရာထူးက နုတ်ထွက်သွားတယ်လို့ အိမ်ဖြူတော်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကို ကိုးကားပြီး အမေရိကန် မီဒီယာတွေမှာ ဖော်ပြကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ သောကြာနေ့မှာ တွေ့ဆုံအပြီးမှာပဲ Kurt Volker ရာထူးက နုတ်ထွက်သွားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဌာနကို ဆက်သွယ် အတည်ပြုရာမှာ ချက်ချင်း ပြန်လည်ဖြေကြားတာမျိုး မရှိပါဘူး။

၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ နိုင်ငံခြားအစိုးရတခုက ဝင်စွက်ဖက်အောင် သမ္မတ Trump က သူ့သမ္မတရာထူးကို အသုံးချ ဆောင်ရွက်နေတယ်လို့ အမည်မဖော်လိုသူတဦးက ထောက်လှမ်းရေး စစ်ဆေးရေးမှူးချုပ်ကို အတွင်းသတင်းပေး တိုင်ကြားရာမှာ Volker ရဲ့နာမည်လည်း ပါဝင်ပါတယ်။

သမ္မတ Trump ရဲ့ ပုဂ္ဂိုလ်ရေးရှေ့နေ Rudy Giuliani နဲ့ ယူကရိန်းအစိုးရ အရာရှိတွေ တွေ့ဆုံနိုင်ဖို့ Volker က စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့လည်း တိုင်ကြားချက်မှာ ဖော်ပြထားပါတယ်။

နောင်နှစ်မှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီဘက်ကနေ သမ္မတလောင်း ဝင်အရွေးခံဖို့ ကြိုးစားနေတဲ့ ဒုသမ္မတဟောင်း Joe Biden နဲ့ သူ့သားအပေါ် စုံစမ်းဖို့ ယူကရိန်းသမ္မတကို သမ္မတ Trump က ဇူလိုင်လအတွင်း ဖုန်း ၂၅ ကြိမ်ခေါ်ပြီး ပြောဆိုတိုက်တွန်းခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုအခါမှာတော့ Donald Trump ကို တရားစွဲနိုင်ဖို့ စတင်စုံစမ်းမယ်လို့ အောက်လွှတ်ဥက္ကဋ္ဌ Nancy Pelosi က ကြေညာထားတာပါ။ သောကြာနေ့မှာပဲ အမေရိကန် အောက်လွှတ်တော်က ယူကရိန်းနဲ့ပတ်သက်တဲ့ အထောက်အထားတွေ လာရောက်ထွက်ဆိုဖို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကို ဆင့်ခေါ်လိုက်ပါတယ်။

အောက်လွှတ်တော်ရေးရာ ကော်မတီ ၃ ခုတို့ရဲ့ အကြီးအကဲတွေက Mike Pompeo ကို အဲဒီအထောက်အထားတွေ လာရောက်တင်ပြဖို့ အချိန်တပတ်ပေးထားပြီးနောက် နိုင်ငံခြားရေး အရာရှိကြီး ၅ ဦးကိုလည်း လာရောက်သက်သေခံဖို့ အချိန် သီတင်း ၂ ပတ် ပေးထားပါတယ်။

-----------------------------

(Unicode)






တိုက်ရိုက် လင့်ခ်


XS
SM
MD
LG