သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ကို စွဲချက်တင်ဖို့ တရားဝင် စစ်ဆေးမှုစတင်


သမ္မတ Donald Trump နဲ့ ဒီမိုကရက် လွှတ်တော် အမတ် Nancy Pelosi
သမ္မတ Donald Trump နဲ့ ဒီမိုကရက် လွှတ်တော် အမတ် Nancy Pelosi

လာမယ့် ၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ပြန်အရွေးခံရရေးအတွက် နိုင်ငံခြား အစိုးရ တရပ်ရဲ့အကူအညီရဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် သမ္မတ Donald Trump အပေါ် တရားစွဲဆိုနိုင်ဖို့ တရားဝင် စုံစမ်းစစ်ဆေးမှုစတင်မယ်လို့ အောက်လွှတ်တော် ဥက္ကဌ ၊ ဒီမိုကရက် လွှတ်တော် အမတ် Nancy Pelosi က အင်္ဂါနေ့ကကြေညာလိုက်ပါတယ်။ နိုင်ငံရေးပြိုင်ဘက်ဖြစ်တဲ့ ဒုသမ္မတဟောင်း Joe Biden ရဲ့သားနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ ယူကရိန်းသမ္မတကို သမ္မတ Trump က ဖိအားပေးခဲ့တယ်ဆိုတဲ့ သတင်းပေါက်ကြားခဲ့ပြီးတဲ့နောက် ခုလို စုံစမ်းစစ်ဆေးပေးဖို့ အောက်လွှတ်တော် ဒီမိုကရက်တစ်အမတ် ၁၇၃ ဦးတို့ရဲ့တောင်းဆိုချက်ထွက်ပေါ်လာတာပါ။

လွှတ်တော်ဆိုင်ရာ VOA သတင်းထောက် Katherine Gypson ပေးပို့ထားတဲ့သတင်းကို နန်းလောင်ဝ် ကတင်ပြထားပါတယ်။

ဒီဖြစ်ရပ်ဟာ သမ္မတ Trump ရဲ့ သမ္မတ သက်တမ်းအတွက် အပြောင်းအလဲတခု လည်းဖြစ်ပါတယ်။ အောက်လွှတ်တော်ဥက္ကဌ၊ ဒီမိုကရက်အမတ် Nancy Pelosi က ခုလိုကြေညာပါတယ်။

“သမ္မတကို တရားစွဲဆိုနိုင်ဖို့အတွက် အောက်လွှတ်တော်ရဲ့ တရားဝင်စုံစမ်းစစ်ဆေးမှုတွေ စတင်လိုက်ပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်ပြီးလုပ်ကိုင်သွားဖို့ အောက်လွှတ်တော် ကော်မတီ ၆ ခုကို ညွှန်ကြားထားပါတယ်။ သမ္မတ အနေနဲ့သူ့လုပ်ရပ်အတွက် တာဝန်ခံရပါလိမ့်မယ်။ ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိပါဘူး”

ဒီဖြစ်ရပ်ကြောင့် သမ္မတ Trump အနေနဲ့ အမေရိကန်သမိုင်းမှာတရားစွဲဖို့ စုံစမ်းခံရတဲ့ ၄ ဦးမြောက် သမ္မတဖြစ်လာဖို့ ခြေတလှမ်း နီးကပ်သွားတဲ့သဘောပါ။ လွှတ်တော်က အတည်ပြုပြီးသား ယူကရိန်းကိုပေးအပ်မယ့် အကူအညီဒေါ်လာ သန်း ၄၀၀ ကို သူထိန်းချုပ်ထားခဲ့တာကိုတော့ သမ္မတ Trump ကငြင်းဆိုခြင်းမရှိပါဘူး။

“အဲဒီအကူအညီတွေကို ပေးပြီးပါပြီ။ အပြည့်ပေးလိုက်တာပါ။ ဒါပေမယ့်ဥရောပနဲ့ အခြားတိုင်းပြည်တွေ အနေနဲ့ယူကရိန်းနိုင်ငံကို ပေးအပ်မယ့် အကူအညီငွေတွေ ပေးလာတဲ့အချိန်ထိ အမေရိကန်ရဲ့ အကူအညီတွေကိုလည်း ဆက်ပြီး ထိန်းချုပ်ထားဦးမှာပါ။”

ယူကရိန်းသမ္မတနဲ့ တယ်လီဖုန်းဆက်ချိန်မှာ ပြောဆိုခဲ့တဲ့ စကားတွေ ပေါက်ကြားခဲ့တာကြောင့် သမ္မတ Trump ကိုတရားစွဲဆိုနိုင်ရေး ဒီမိုကရက်အမတ်တွေရဲ့ အားပေးထောက်ခံမှုတွေ ခုလို ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီမိုကရက်အမတ် John Lewis ကတော့

“ဒီကိစ္စ နှောင့်နှေးနေလို့ မဖြစ်ပါဘူး။ စောင့်နေလို့လည်း မရတော့ပါဘူး။ ဒီအချိန်က စပြီးလှုပ်ရှားရမယ့် အချိန်ပါ။”

သမ္မတရဲ့လုပ်ရပ်တွေဟာ တရားစွဲဆိုနိုင်လောက်တဲ့ အခြေအနေရှိသလားဆိုပြီး ဒီမိုကရက်အမတ်တွေ လတွေနဲ့ချီ ငြင်းခုံလာခဲ့ကြတာဖြစ်ပါတယ်။ ဒီမိုကရက်အမတ် Tom Malinowski ကသူ့အမြင်ကို ခုလိုပြောပါတယ်။

“သမ္မတ Trump အနေနဲ့ မှားယွင်းတဲ့ လုပ်ဆောင်ချက်တွေ အတော်များများ ကျူးလွန်ခဲ့ပြီးပါပြီ။ ဒါပေမယ့် ခုလို အနေအထားထိ မရောက်ခဲ့ပါဘူး။ သမ္မတ Trump ရဲ့လုပ်ရပ်က ဘာနဲ့ တူသလဲဆိုတော့ … ‘ဟုတ်တယ်၊ ကျုပ်ရဲ့အကျိုးစီးပွားအတွက် လုပ်ကိုင်ခဲ့တယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားတို့ ဘာလုပ်ကြမလဲ’ ဆိုတဲ့သဘောမျိုးပါ။”

သမ္မတ Trump ဘက်က ရပ်တည်တဲ့ လွှတ်တော်အမတ်တွေကတော့ မစ္စပလိုစီရဲ့လုပ်ရပ်က အပြောသက်သက်ပဲလို့ ပြောပါတယ်။ အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် Kevin McCarthy ကခုလိုပြောပါတယ်။

“သမ္မတကို တရားစွဲနိုင်ဖို့ စုံစမ်းတာဖြစ်တဲ့အတွက် မစ္စပလိုစီအနေနဲ့ တဖက်သတ် ဆုံးဖြတ်လို့မရပါဘူး။ ဒီကနေ့ သူပြောခဲ့ ဆိုခဲ့တာကလည်း လက်ရှိ ဖြစ်ပျက် နေတဲ့အခင်းအကျင်းနဲ့ဘာမှမခြားနားပါဘူး”

ယူကရိန်းသမ္မတနဲ့ တယ်လီဖုန်းဆက်ပြောဆိုခဲ့တဲ့ကိစ္စ တိုင်ကြားချက်အပြည့်အစုံကို ထုတ်ပြန်ဖို့ ဒီမိုကရက်အမတ်တွေက မဲပေး တောင်းဆိုချက်ကို ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ်တွေပူးပေါင်းခဲ့ခြင်းမရှိပါဘူး။သမ္မတရွေးကောက်ပွဲဝင်မယ့် Joe Biden ကလည်း ခုလိုပြောပါတယ်။

“လွှတ်တော်ရဲ့ တောင်းဆိုချက်တွေကို သမ္မတက လိုက်လျောခြင်းမရှိရင်ပဲ တရားဥပဒေကို ဆက်ပြီး ဆန့်ကျင်နေမယ် ဆိုရင်တော့ ကွန်ဂရက်ဘက်ကလည်း တခြား ရွေးချယ်စရာမရှိပဲ သမ္မတကို တရားစွဲဆိုဖို့ ဖြစ်လာပါလိမ့်မယ်။ ဒါဆိုရင်တော့ စိတ်မကောင်းစရာပါ။ ဒါပေမယ့်လည်း ဒါက သမ္မတက ဖန်တီးတဲ့ ကိစ္စတခုလည်း ဖြစ်ပါတယ်။”

သမ္မတကို တရားစွဲဆိုဖို့ အများစုက ထောက်ခံခြင်းမရှိရင်တောင် ဒီမိုကရက်အမတ်တွေရဲ့ အဆို နိုင်ငံတော်လုံခြုံရေးနဲ့ဆိုင်တဲ့ ဒီကိစ္စအပေါ် အမေရိကန်နိုင်ငံသားအားလုံးစိုးရိမ်သင့်ပါတယ်။ ဒီမိုကရက်အမတ် အီဟန် အိုမာက ခုလိုပြောပါတယ်။

“နိုင်ငံရေးပြိုင်ဘက်တဦးရဲ့ အားနည်းချက်ကို ရယူဖို့ နိုင်ငံတနိုင်ငံကိုပေးအပ်မယ့် အကူအညီတွေကို သမ္မတအနေနဲ့ ထိန်းချုပ်ထားသင့်တယ်လို့ ကျမ မထင်ပါဘူး။ ဒါက ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေနဲ့ ကိုက်ညီမှုလည်း မရှိပါဘူး။ ခုဖြစ်ရပ်က ဒါကို ရှင်းရှင်းလင်းလင်း သိအောင်လုပ်ရမယ့် အခွင့်အလမ်းဖြစ်ပါတယ်။”

သမ္မတTrump အပေါ် စုံးစမ်းစစ်ဆေးမှုတွေ ရှေ့ဆက်လုပ်ကိုင်နေချိန်မှာပဲ ယူကရိန်းသမ္မတနဲ့မစ္စတာ Trump တို့ ဖုန်းဆက်ပြောဆိုခဲ့တဲ့ကိစ္စ တိုင်ကြားခဲ့တဲ့သူကို အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီက ဒီသီတင်းပတ်နှောင်းပိုင်းမှာ ခေါ်ယူမေးမြန်းဖို့ရှိနေပါတယ်။

.................

{Unicode}


















တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG