သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီနဲ့ UAE ကို စစ်အင်အားဖြည့်တင်းမယ့် Trump အစီအစဉ် အောက်လွှတ်တော်ဥက္ကဋ္ဌ ဝေဖန်


အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi. (ဇူလိုင် ၂၆၊ ၂၀၁၉)
အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi. (ဇူလိုင် ၂၆၊ ၂၀၁၉)

ဆော်ဒီအာရေဗျနိုင်ငံနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု UAE တို့ကို အမေရိကန်က စစ်အင်အားနဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ ထပ်ပြီး ပေးပို့စေလွှတ်ဖို့ သမ္မတ Donald Trump ရဲ့ ဆုံးဖြတ်ချက်အပေါ် အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi က ဝေဖန်လိုက်ပါတယ်။

အမေရိကန်တပ်တွေ ထပ်စေလွှတ်ဖို့နဲ့ စစ်လက်နက်တွေ တိုးမြှင့်ပို့ဆောင်ဖို့ သမ္မတ Trump ရဲ့ ဆုံးဖြတ်ချက်ဟာ ပါတီကြီး ၂ ရပ်စလုံးပါဝင်တဲ့ လွှတ်တော် ၂ ရပ်စလုံးရဲ့ ဆန္ဒကို ရှောင်လွှဲဖို့ Trump အစိုးရအဖွဲ့ရဲ့ နောက်ဆုံးကြိုးပမ်းမှုတရပ်ဖြစ်ပြီး ဒါဟာ လက်ခံနိုင်စရာ မရှိဘူးလို့ အောက်လွှတ်တော်ဥက္ကဋ္ဌက ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

အခုလိုလုပ်ဆောင်ဖို့ သမ္မတ Trump ရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ရေးဝန်ကြီး Mark Esper နဲ့ ပူးတွဲစစ်ဦးစီးချုပ်များရဲ့ အလှည့်ကျဥက္ကဋ္ဌ Joseph Dunford တို့က ပင်တဂွန်စစ်ဌာနချုပ်မှာ သောကြာနေ့ညက ကြေညာခဲ့တာ ဖြစ်ပါတယ်။

အခုလိုလုပ်ဆောင်တာဟာ ကာကွယ်ရေး သဘောသဘာဝဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဆော်ဒီရေနံလုပ်ငန်းတွေ အတိုက်ခိုက်ခံခဲ့ရတဲ့နောက် သူတို့ရဲ့ လေကြောင်းနဲ့ ဒုံးစနစ်ကာကွယ်ရေးဆိုင်ရာ အဆင့်မြှင့်ရေးအတွက် ဆော်ဒီနဲ့ UAE အရာရှိတွေရဲ့ ပန်ကြားချက်ကို အမေရိကန်ဘက်က တုံ့ပြန်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး Esper က ပြောပါတယ်။

ဆော်ဒီရေနံလုပ်ငန်းတွေကို တိုက်ခိုက်မှုမှာ တာဝန်ရှိသူဟာ အီရန်ဖြစ်တယ်လို့ အမေရိကန်က စွပ်စွဲပေမယ့် အီရန်ကတော့ ဒါကို ငြင်းဆိုပါတယ်။

---------------------------

(Unicode)







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG