အမေရိကန်ပြည်ထောင်စု တောင်ပိုင်းမှာ ပြင်းထန်တဲ့ ဟာရီကိန်းမုန်တိုင်း Harvey တိုက်ခတ်မှုကြောင့် ရေဘေးဒုက္ခ ကြုံနေရတဲ့ တက္ကဆက်ပြည်နယ်ကို အမေရိကန်သမ္မတ ဒေါ်နလ်ထရမ့်နဲ့ သမ္မတကတော်တို့ မနေ့က သွားရောက် ကြည့်ရှုခဲ့ကြပါတယ်။
အဲဒီဒေသမှာ မိုးတွေကတော့ အပြင်းအထန် ဆက်ပြီး ရွာနေတုန်းပါ။ ကူညီကယ်ဆယ်ရေး လုပ်သားတွေရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို အလွန် ဂုဏ်ယူတဲ့ အကြောင်း သမ္မတထရမ့်က ပြောပါတယ်။ တက္ကဆက်ပြည်နယ်ရဲ့ အလံကို သမ္မတ ထရမ့်က ဝှေ့ယမ်းရင်း တက္ကဆက် ဒေသခံတွေကို ပြောခဲ့တာက သမိုင်းတင် လောက်အောင် ပြင်းထန်ကြီးမားတဲ့ ဟာရီကိန်း မုန်တိုင်းဟာ တက္ကဆက်မှာ ဖြစ်ခဲ့တယ်။ တက္ကဆက်ပြည်နယ် ကတော့ ဘာမဆို အံတုနိုင်တယ်လို့ ဆိုပါတယ်။ တက္ကဆက် တောင်ပိုင်းမှာ မိုးရေချိန် လက်မ ၅၀ လောက် အထိ ရှိခဲ့ပြီး အရင်က မရှိခဲ့တဲ့ အခြေအနေမျိုး ကြုံနေရတာပါ။
တက္ကဆက်ပြည်နယ်က Houston မြို့ဟာ အမေရိကန်ပြည်ထောင်စုမှာ စတုထ္တမြောက် အကြီးဆုံးမြို့ ဖြစ်ပြီးသောကြာနေ့ညပိုင်းက စတင်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဒဏ်ကို အကြီး အကျယ် ခံခဲ့ရတဲ့ နေရာလည်း ဖြစ်ပါတယ်။ အဲဒီမှာ ရေဘေးဒဏ်သင့်တဲ့ လူပေါင်း ၃ ထောင့် ၅ ရာ ကျော်ကို ရွှေ့ ပြောင်းပေးထားရပါတယ်။ ဒီဒေသမှာ မုန်းတိုင်းပြီးလို့ ပြန်လည်ထူထောင်ရေး တွေ လုပ်တဲ့အခါ အမေရိကန် နိုင်ငံ အတွက် အကုန်အကျ အများဆုံး ကြိုးပမ်းမှုတွေထဲက တခု ဖြစ်လာလိမ့်မယ် လို့လည်း သမ္မတထရမ့်က ပြောပါတယ်။ တက္တဆက်နဲ့ ကပ်လျှက် လူဝီစီယားနား ပြည်နယ်မှာလည်း မုန်တိုင်းနဲ့ ရေဘေးဒဏ်ကို အပြင်းအထန် ခံနေရပါတယ်။