သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တူရကီ တင်းမာမှု နှင့် NATO ညီညွတ်ရေး


တူရကီ နိုင်ငံခြားရေးဝန်ကြီး နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo
တူရကီ နိုင်ငံခြားရေးဝန်ကြီး နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo

အမေရိကန်-တူရကီ နှစ်နိုင်ငံကြား တင်းမာမှု ပိုမိုနက်ရှိုင်းလာတဲ့အတွက် ဆက်ဆံရေး ပြတ်တောက် သွားလေမလားဆိုတာ စိုးရိမ်စရာ ဖြစ်လာနေပါတယ်။ အမေရိကန်-တူရကီ နှစ်နိုင်ငံတို့ရဲ့ ဒုတိယ သမ္မတ တွေက နေတိုးအဖွဲ့ရဲ့ အရေးကြီးအဖွဲ့ဝင်တခုဖြစ်တဲ့ တူရကီနိုင်ငံ ပဲ့ထွက်သွားနိုင်တယ်လို့- ဆိုတဲ့အထိ အပြန်အလှန် သတိပေးနေကြပါတယ်။ VOA သတင်းထောက် Dorian Jones က Istanbul မြို့ကနေ ပေးပို့တဲ့သတင်းလွှာကို အခြေခံပြီး ဦးကျော်ဇံသာ ပြောပြမှာပါ။

“အမေရိကန်ဟာ တူရကီရဲ့ မဟာမိတ်အဖြစ် ဆက်လက်နေချင်သလား၊ ဒါမှမဟုတ် နေတိုးအဖွဲ့ဝင်ချင်း ဖြစ်တဲ့ မဟာမိတ်နိုင်ငံတခုရဲ့ ကာကွယ်ရေးစွမ်းရည် အားပျော့အောင်လုပ်နေတဲ့ အကြမ်းဖက်သမား တွေနဲ့ ပူးပေါင်းချင်သလားဆိုတာကို အမေရိကန်က ရွေးချယ်ရပါလိမ့်မယ်။”

အဲဒါကတော့ တူရကီဒုတိယသမ္မတ Fuat Oktay က ကြာသပတေးနေ့က တွစ်တာပေါ်မှာ သတိပေး ရေးသားလိုက်တာ ဖြစ်ပါတယ်။

တူရကီအစိုးရအနေနဲ့ YPG ခေါ် ဆီးရီးယား-ကာ့ဒ် လက်နက်ကိုင်တွေကို မတိုက်ခိုက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က သတိပေးလိုက်ပြီးတဲ့နောက် တူရကီဒုသမ္မတက အခုလို တုံ့ပြန် လိုက်တာလည်း ဖြစ်ပါတယ်။

YPG ကာ့ဒ် လက်နက်ကိုင်တွေဟာ IS အကြမ်းဖက်အုပ်စုကို တိုက်ခိုက်ရာမှာ အမေရိကန်ရဲ့ အရေးပါတဲ့ မဟာမိတ်တွေဖြစ်ပါတယ်။ ဒါပေမဲ့ တူရကီအစိုးရကတော့ ဒီ YPG တွေဟာ တူရကီနိုင်ငံ တွင်းက သူပုန်အဖွဲ့တခုနဲ့ ဆက်စပ်နေတဲ့ အကြမ်းသမားတွေ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

အမေရိကန်-တူရကီ နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးတွေ့ဆုံပြီး ထုတ်ပြန်တဲ့ အမေရိကန်ကြေညာချက် တခု မှာတော့ အခုလိုဖော်ပြထားပါတယ်။

“ ဆီးရီးယား အရှေ့မြောက်မှာ တူရကီရဲ့ တဖက်သတ် စစ်ရေးလုပ်ဆောင်ချက်တွေကြောင့် ဆိုးရွားတဲ့ အကျိုးဆက်တွေ ကြုံတွေ့ရနိုင်တယ် ဆိုတာကို သတိပေးရင်း စေ့စပ် ညှိနှိုင်းမှုတွေ ဆက်လက်လုပ် သွားဖို့အတွက်လည်း ထောက်ခံကြောင်း Pompeo က ဖေါ်ပြလိုက်ပါတယ်။”

တူရကီ နိုင်ငံခြားရေးဝန်ကြီးကတော့ ဒီနေရာမှာ အမေရိကန်အစိုးရဘက်က ‘ရှင်းလင်းပြတ်သားတဲ့ ဗျူဟာ’ ရှိတာ မတွေ့ရဘူးလို့ ထောက်ပြပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကပဲ ဒေသန္တရ ရွေးကောက်ပွဲတွေမှာ အကြီးအကျယ် အရေးနိမ့်ထားတဲ့ တူရကီသမ္မတ Recep Tayyip Erdogan ကတော့ လုံခြုံရေးကိစ္စဟာ အရေးကြီးဆုံးဖြစ်တယ်လို့ ကြေညာလိုက် ပါတယ်။ ဒါဟာ ဆီးရီးယားနိုင်ငံထဲက YPG တွေကို ထိုးစစ်ဆင်ဖို့ အချက်ပြလိုက်တာလို့ သုံးသပ်သူတွေက ယူဆပါတယ်။ တူရကီတပ်ဖွဲ့တွေကလည်း ဆီးယားနယ်စပ်မှာ စုပြုံတပ်စွဲထားဆဲပါ။

ဆီးရီးယားနဲ့ ဆက်စပ်ပြီး အမေရိကန်-တူရကီတို့ရဲ့ စိုးရိမ်ဖွယ် ထိပ်တိုက်တိုးမှုဟာ ရုရှားဆီက S 400 ဒုံးကျည်စနစ်ကို တူရကီဝယ်ယူတဲ့ကိစ္စကြာင့် NATO ကို အားပျော့သွားစေလိမ့်မယ်လို့ အမေရိကန်ဘက် က ပြောကြားနေချိန်လည်း ဖြစ်ပါတယ်။

မကြာသေးခင်က ဝါရှင်တန်မြို့တော်မှာ ပြုလုပ်ခဲ့တဲ့ NATO အခမ်းအနားတခုမှာ အမေရိကန် ဒုတိယသမ္မတ Mike Pence က အခုလို ပြောကြားခဲ့ပါတယ်။

“တူရကီဟာ သမိုင်းမှာ အအောင်မြင်ဆုံး စစ်ရေးမဟာမိတ်အဖွဲ့ရဲ့ စစ်ရေးမဟာမိတ်ရဲ့ အဓိကအဖွဲ့ဝင် တနိုင်ငံအဖြစ် ဆက်လက် ရှိနေချင်သလား၊ ဒါမှမဟုတ် ဒီမဟာမိတ်အဖွဲ့ကို အကျိုးယုတ်စေမယ့် ဆုံးဖြတ်ချက်မှားတွေ ချမှတ်ပြီး လုံခြုံမှု ပျက်ပြားအောင် လုပ်မလားဆိုတာကို ရွေးချယ်ရပါလိမ့်မယ်။”

တူရကီနိုင်ငံခြားရေး ဝန်ကြီး Cavusoglu က ဒါကို ပယ်ချပါတယ်။

“ရုရှားဆီက လက်နက်ဝယ်တဲ့ကိစ္စက ပြီးပြီးသား ကိစ္စပါ။ ကျနော်တို့က ရုရှားရယ်၊ တခြား မဟာမိတ်ရယ်ဆိုပြီး ရွေးချယ်နေတာ မဟုတ်ပါဘူး။ ရုရှားနဲ့ဆက်ဆံလို့ တခြားနိုင်ငံတွေနဲ့ ဆက်ဆံစရာ မလိုတော့ဘူးလို့လည်း သဘောမထားပါဘူး။ ဒါထက်ပိုပြီးပြောရရင် အနောက်အုပ်စု ကဖြစ်ဖြစ်၊ ရုရှားက ဖြစ်ဖြစ်၊ ဘယ်လိုလုပ်၊ ဘယ်ဘက်ကိုရွေးဆိုပြီးကျနော်တို့ကို မပြောသင့်ပါဘူး။ ပြောလို့လည်း မရနိုင်ပါဘူး။” - လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

တကယ်တော့ အမေရိကန်ဘက်ကလည်း Patriot ဒုံးကျည်စနစ် ရောင်းချဖို့ တူရကီကို ကမ်းလှမ်းထားတာပါ။ တူရကီကလည်း လိုချင်ပါတယ်။ သို့ပေမယ့် ဒါကိုဝယ်ရင် ရုရှားဆီက S-400 ဒုံးကျည် မဝယ်ရတော့ဘူးဆိုတာမျိုးတော့ မလိုချင်ပါဘူး။

ဒီအငြင်းပွားမှုတွေဟာ တူရကီ-ရုရှားဆက်ဆံရေး ပိုမိုနက်ရှိုင်းလာမှုအပေါ် အနောက်မဟာမိတ်တွေရဲ့ စိုးရိမ်မှုရဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။ ဒီအထဲ နောက်အပတ်ကျရင် တူရကီသမ္မတ Erdogan ဟာ မော်စကိုမြို့တော်ကို သွားရောက်ဖို့ ရှိနေပါတယ်။

ဒီလို အမေရိကန်နဲ့တူရကီ ဆက်ဆံရေးယိုယွင်းလာတဲ့အတွက် အထိနာရတဲ့ကဏ္ဍတခုကတော့ တူရကီနိုင်ငံသုံး Lira ငွေတန်ဖိုး ကျဆင်းသွားခြင်းပဲဖြစ်ပါတယ်။ Lira ငွေ တန်ဖိုး ကျဆင်း သွားတဲ့အတွက် နိုင်ငံသားတွေဟာ နိုင်ငံခြားငွေအမျိုးမျိုးကို စုဆောင်း ဝယ်ယူနေကြသလို ပြည်ပရင်းနှီးမြှုပ်နှံမှုတွေလည်း ပြန်လည် ထွက်ခွာနေပါတယ်။ ဒီလို အကြပ်အတည်းတွေ ရှိလာပေမဲ့ ဘယ်ဘက်ကမှအလျှော့ပေးမယ့်ပုံကို မတွေ့ရပါဘူး။

တူရကီအပေါ် အမေရိကန် စိတ်မရှည်နိုင်ဖြစ်လာတဲ့အချိန်မှာပဲ အမေရိကန် နိုင်ငံသားတချို့ကို တူရကီနိုင်ငံက ထိန်းသိမ်းထားတဲ့ကိစ္စလည်း ပေါ်ပေါက်လာပြန်ပါတယ်။ ၂၀၁၆ မအောင်မြင်တဲ့ အာဏာသိမ်းပွဲနဲ့ ပတ်သက်တယ်ဆိုပြီး အမေရိကန်သံရုံးဝန်ထမ်းတချို့ကို တူရကီက ဖမ်းဆီးထားတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အခုလောလောဆယ်အထိတော့ အမေရိကန်ဟာ ဒီအငြင်းပွားမှုကို သံတမန်နည်းနဲ့ တိုးတိုးတိတ်တိတ် ဖြေရှင်းဖို့ ကြိုးပမ်းနေပေမဲ့ နှစ်နိုင်ငံရဲ့ပကတိဆက်ဆံရေး အခြေအနေကတော့ ထိပ်တိုက်ရင်ဆိုင်မယ့် အလားအလာကို ဦးတည်နေတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG