သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATO နဲ့ အမေရိကန်ဆက်ဆံရေးတိုးတက်မှု Trump ချီးကျူး


မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ NATO ရဲ့ အတွင်းရေးမှူးချုပ်နဲ့ အမေရိကန် သမ္မတ Donald Trump တွေ့ဆုံ
မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ NATO ရဲ့ အတွင်းရေးမှူးချုပ်နဲ့ အမေရိကန် သမ္မတ Donald Trump တွေ့ဆုံ

မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ NATO ရဲ့ အတွင်းရေးမှူးချုပ်နဲ့ အမေရိကန် သမ္မတ Donald Trump တို့ အင်္ဂါနေ့က ဝါရှင်တန်က သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။ အဖွဲ့ဝင် ၂၉ နိုင်ငံပါ NATO အဖွဲ့ကြီး အတွက် အမေရိကန်ဘက်က ထည့်ဝင်နေရတဲ့ ကာကွယ်ရေး အသုံးစာရိတ်က များလွန်းနေတယ်လို့ အမေရိကန် သမ္မတက ထောက်ပြပြီး အဖွဲ့ဝင် နိုင်ငံတွေ ဘက်က ကာကွယ်ရေး အသုံးစာရိတ်ကို မျှပြီး ထမ်းဆောင်ကြဖို့ တိုက်တွန်းပါတယ်။ NATO အတွင်းရေးမှူးချုပ်ကတော့ အဖွဲ့ကြီး ပိုပြီး အားကောင်းခိုင်မာရေးနဲ့ အဆင့်သင့်ရှိရေးကို တိုးမြှင့်ဆောင်ရွက်နေကြောင်း ပြောဆိုခဲ့ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ NATO အဖွဲ့ဝင် နိုင်ငံတွေက အသုံးစာရိတ်ပိုပြီး ထည့်ဝင်လာပေမယ့် လာမယ့် နှစ်တွေ အတွင်း နောက်ထပ် ပိုပြီး ထည့်ဝင်ကြဖို့ မျှော်လင့်တဲ့ အကြောင်း အမေရိကန် သမ္မတ Donald Trump က အင်္ဂါနေ့မှာ ပြောဆိုပါတယ်။ NATO အဖွဲ့ကြီးရဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg နဲ့ အမေရိကန် သမ္မတတို့ အိမ်ဖြူတော်မှာ အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

"မဟာမိတ် နိုင်ငံ တချို့ဘက်က သူတို့ ဝေစုအတိုင်း ထည့်ဝင်လာကြဖို့ ကျနော်တို့ အတူဆောင်ရွက်ခဲ့ကြပါတယ်။ ဝန်ထုပ်ဝန်ပိုးတွေကို ခွဲေ၀ ထမ်းဆောင်ကြတာလို့ ခေါ်ပါတယ်။ အမေရိကန် ပြည်ထောင်စုက NATO မှာ မမျှမတ ဝေစုကြီး ထည့်ဝင်နေရပါတယ်။ ဒါပေမယ့် NATO နဲ့ ဆက်ဆံရေးက သိပ်ကောင်းပါတယ်။ "

NATO အဖွဲ့ဝင် နိုင်ငံတွေ ဘက်က ပြည်တွင်း အသားတင် ထုတ်လုပ်မှုရဲ့ ၂ ရာခိုင်နှုန်းကျော် အထိ ကာကွယ်ရေး အတွက် ထည့်ဝင်ကြစေချင်တယ်လို့လည်း အမေရိကန် သမ္မတက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ ကာကွယ်ရေး အသုံးစာရိတ် အတွက် ပြည်တွင်း အသားတင်ထုတ်လုပ်မှုရဲ့ ၄ ရာခိုင်နှုန်းထိ တိုးပြီး သုံးဖို့ NATO ခေါင်းဆောင်တွေကို သမ္မတ Trump က တိုက်တွန်းခဲ့တာပါ။ ဒါပေမယ့် ဂျာမနီ နိုင်ငံ အနေနဲ့တော့ သူတို့ ကျသင့်တဲ့ ဝေစု အတိုင်း မထည့်ဝင်ဘူးဆိုပြီး သမ္မတ Trump က ဝေဖန်ပါတယ်။

"ဂျာမနီကတော့ သူတို့ကျသင့်တဲ့ အတိုင်း ထည့်ဝင်ခြင်း မရှိပါဘူး။ သူတို့က ၂ ရာခိုင်နှုန်း ပေးရမယ့်ဟာကို ၁ ရာခိုင်နှုန်းလောက်ဘဲ ပေးပါတယ်။ အမေရိကန်ဘက်ကတော့ နှစ်ပေါင်းများစွာ ၄ ဒသမ ၃ ရာခိုင်နှုန်း ပေးနေရတာဟာဆိုရင် သိပ်ကို မမျှတမှုပါ။ ကျနော့်လက်ထက်မှာ အမေရိကန်ရဲ့ ပြည်တွင်း အသာတင် ထုတ်လုပ်မှု တက်လာပါတယ်ဆိုတော့ ပေးရမှာက ပိုများလာပါတယ်။ ဆိုတော့ အခြေခံအားဖြင့် ဥရောပ ကာကွယ်ရေး အတွက် အမေရိကန်တို့က NATO အတွက် အများစု ထည့်ဝင်နေရတာပါ။ ဆိုတော့ ကျနော်တို့က ဥရောပကို ကာကွယ်ပေးနေရတာပါ။ တချိန်တည်းမှာဘဲ ဥရောပကကျတော့ ကုန်သွယ်ရေးပိုင်းမှာ အသာစီးရနေပြန်ပါတယ်။"

NATO အတွင်းရေးမှူးချုပ် Jens Stoltenberg ကတော့ NATO အဖွဲ့ကြီးကို အခိုင်အမာ ထောက်ခံမှု အတွက် ကျေးဇူးတင်ကြောင်း၊ နောက် NATO အဖွဲ့ကြီးပိုပြီး ခိုင်မာ အားကောင်းလာရေး အတွက် ဆောင်ရွက်နေကြောင်း ပြောဆိုပါတယ်။

"ဝန်ထုပ် ဝန်ပိုးတွေကို မျှဝေထမ်းဆောင်ကြဖို့ မားမားမတ်မတ် ဦးဆောင်ခဲ့မှု အတွက် အထူးဘဲ ကျေးဇူးပါတယ်။ NATO မဟာမိတ်တွေ အနေတဲ့ နှစ်ပေါင်းများစွာ ကာကွယ်ရေး အသုံးစာရိတ်ကို ဖြတ်တောက်ခဲ့ပြီးနောက် အခုအချိန်မှာ ပိုပြီး ထည့်ဝင်လာနေကြပါတယ်။ နောက်နှစ်ကုန်ပိုင်း အရောက်မှာ ကာကွယ်ရေး အသုံးစာရိတ်ကို ဒေါ်လာ ၁၀၀ ဘီလီယံ ထည့်ဝင်ကြမှာပါ။ ဒါဟာဆိုရင် NATO မဟာမိတ် အဖွဲ့ကြီးကို ပိုပြီး အားကောင်းလာရေး ပံ့ပိုးပေးနိုင်မှာပါ။ တပ်ဖွဲ့တွေ အဆင်သင့် ရှိရေးကိုလည်း တိုးမြှင့်ထားပါတယ်။ အကြမ်းဖက် ဝါဒ ပူးပေါင်းတိုက်ဖျက်ရေးကို တိုးမြှင့်ဆောင်ရွက်နေသလို ပိုပြီးလည်း ရင်းနှီးမြှုပ်နှံနေပါတယ်။ ဒါကြောင့် မြောက်အမေရိက၊ အမေရိကန်နဲ့ ဥရောပ တို့ အနေနဲ့ အရင်နှစ်တွေကထက် စာရင်ပိုပြီးတော့ ပူးပေါင်း ဆောင်ရွက်နေကြပါတယ်။ ဒါဟာဆိုရင် ဒီမဟာမိတ်အဖွဲ့ကြီးရဲ့ အားကောင်းမှုကို ပြသနေတာ ဖြစ်ပါတယ်။ ဒီနှစ်ဟာဆိုရလည်း NATO အဖွဲ့ကြီးရဲ့ နှစ် ၇၀ ပြည့် နှစ်ပတ်လည်လည်း ဖြစ်ပါတယ်။"

NATO အဖွဲ့ဝင် ၂၉ နိုင်ငံတို့ ၂၀၁၈ ခုနှစ်က အသုံးစာရိတ် ထည့်ဝင်ရေး ကတိကဝတ် အတိုင်း လိုက်နာဆောင်ရွက်တာက ၇ နိုင်ငံဘဲ ရှိပါသေးတယ်။ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး John Bolton ကတော့ NATO အဖွဲ့ဝင် နိုင်ငံတွေရဲ့ ကာကွယ်ရေး အသုံးစာရိတ် တိုးမြှင့်လာမှုနဲ့ ပတ်သက်ပြီး ပြောဆိုတာမှာတော့ ဒီငွေတွေကို ထိထိရောက်ရောက် အသုံးပြုနိုင်ရေး အတွက် အသေအချာ ဆောင်ရွက်နိုင်ဖို့ အရေးကြီးတယ်လို့ ပြောဆိုခဲ့ပါတယ်။ ၁၉၄၉ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ NATO အဖွဲ့ကြီးက အခု ၂၀၁၉ ခုနှစ်မှာ နှစ် ၇၀ ပြည့်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ဒီသတင်းပတ် အတွင်း ပြုလုပ်မယ့် NATO အဖွဲ့ကြီး နှစ် ၇၀ ပြည့် အခမ်းအနားမှာတော့ အမေရိကန် သမ္မတရဲ့ ထိုးနှက်ဝေဖန်မှုတွေကို ရှောင်ရှားနိုင်ရေး နိုင်ငံခြားရေး ဝန်ကြီးအဆင့်သာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ Donald Trump က NATO အဖွဲ့ဝင် နိုင်ငံတွေဘက်က အသုံးစာရိတ် ထည့်ဝင်မှုနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG