သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဆောင်းရာသီမုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်နေတဲ့ မြန်မာတချို့


A person wrapped in a blanket crosses a snow-covered street, Dec. 22, 2022, in St. Louis. Snow and frigid temperatures have moved across the U.S., complicating holiday travel and plans in the coming days.
A person wrapped in a blanket crosses a snow-covered street, Dec. 22, 2022, in St. Louis. Snow and frigid temperatures have moved across the U.S., complicating holiday travel and plans in the coming days.

ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ နီးလာချိန်မှာပဲ အမေရိကန်ပြည်ထောင်စု ပြည်နယ်တချို့ကို နှင်းမုန်တိုင်းကြီး ဖြတ်သန်းဖို့ ရှိနေတာမို့  မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေလည်း စိုးရိမ်တဲ့ကြားက ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေကြပါတယ်။ ဒေသခံ မြန်မာတွေနဲ့ ဆက်သွယ်ထားတဲ့ ကိုဉာဏ်ဝင်းအောင်က ဒီအကြောင်းကို တင်ပြမှာပါ။  

ကန်ဆောင်းရာသီမုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်နေတဲ့ မြန်မာတချို့

{{Zawgyi/Unicode}}
ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ နီးလာချိန်မှာပဲ အမေရိကန်ပြည်ထောင်စု ပြည်နယ်တချို့ကို နှင်းမုန်တိုင်းကြီး ဖြတ်သန်းဖို့ ရှိနေတာမို့ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေလည်း စိုးရိမ်တဲ့ကြားက ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေကြပါတယ်။ နှင်းမုန်တိုင်းကြောင့် တချို့ပြည်နယ်တွေမှာ အရေးပေါ်အခြေအနေ ကြေညာထားသလို၊ စာသင်ကျောင်းတွေလည်း ပိတ်ထားရပါတယ်။ ဒေသခံ မြန်မာတွေနဲ့ ဆက်သွယ်ထားတဲ့ ကိုဉာဏ်ဝင်းအောင်က ဒီအကြောင်းကို တင်ပြမှာပါ။

မြောက်ဝင်ရိုးစွန်းက တိုက်ခတ်လာတဲ့ အအေးလှိုင်းကြီးဟာ အမေရိကန် အနောက်မြောက်ပိုင်းကနေ အလယ်ပိုင်းပြည်နယ်တွေကို ဖြတ်ပြီး အရှေ့တောင်ပိုင်း ဂျော်ဂျီယာပြည်နယ်အထိ ဖြတ်သန်း တိုက်ခတ်မှာမို့ တချို့ပြည်နယ်တွေမှာ နှင်းတွေ အထူအထပ်ကျပြီး ရေတွေပါ ခဲတဲ့အထိ အေးနေမယ်လို့ မိုးလေဝသပညာရှင်တွေ ခန့်မှန်းထားပါတယ်။

အရှေ့မြောက်ပိုင်းဖြစ်တဲ့ မင်နီဆိုးတားပြည်နယ် စိန့်ပေါလ်မြို့မှာနေတဲ့ ဦးဇော်ဝင်းမောင်ကတော့ သူတို့ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်က နှင်းတွေအတော်ကျခဲ့ပြီး နောက်ထပ်ဝင်လာမယ့် နှင်းမုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ အခြေအနေကို ပြောပြပါတယ်။

ဦးဇော်ဝင်းမောင် ။ ။ နှင်းကျတာ ခုတော့ ရပ်သွားပြီ။ မနေ့ကနဲ့ တနေ့ကတုန်းက ကျထားတဲ့ နှင်းက ၃-၄ လက်မကနေ ၈လက်မ ၉ လက်မလောက်ထိ ရှိတယ်။ ကျနော်တို့ နေတဲ့မြို့မှာဆိုရင် လတ်တလောကျထားတာ ၄-၅ လက်မလောက်ရှိတယ်။ ချော်လဲမှာတောင် စိုးရတယ်။ နှင်းပြင်ကြီးလို ဖြူဖွေးနေတာပဲ။ အအေးဒဏ်ကတော့ နောက် ၂ ရက်အတွင်းမှာ သုညအောက်ကို အနှုတ်(၃၀)ဒီဂရီ လောက်ထိကို အေးနိုင်တယ်တဲ့။ ကျောင်းတွေလည်း စောစောပိတ်တဲ့ ကျောင်းတွေရှိသလို၊ လုံးဝ ပိတ်သွားတဲ့ကျောင်းတွေရှိတယ်။"

အမေရိကန် အမျိုးသား မိုးလေဝသဌာနက ကြာသပတေးနေ့ အစောပိုင်း ထုတ်ပြန်တဲ့သတိပေးချက်အရ မုန်တိုင်းဟာ နိုင်ငံ့အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေ ရှိနိုင်တယ်လို့ သတိပေးထားတာပါ။ ကနေဒါနိုင်ငံ နယ်စပ်နဲ့နီးပြီး နယူးယောက်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ဘတ်ဖလိုးမြို့မှာနေတဲ့ လုပ်ငန်းရှင် ဦးမင်းနိုင်ကတော့ လျှပ်စစ်မီးပြတ်တောက်နိုင်တဲ့ သတိပေးချက်အတွက် စိုးရိမ်နေပြီး စားသောက်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရတယ်လို့ ပြောပါတယ်။

ဦးမင်းနိုင် ။ ။ " အရင်အပတ်က ကျထားတဲ့ နှင်း လက်ကျန်တွေက ရှိနေသေးတယ်။ အေးတာလည်း အတော်အေးနေတယ်။ အဲဒါအပြင် ခုလာမယ့် သီတင်းပတ်ကုန်မှာ လေတိုက်နှုန်း တနာရီ မိုင် ၆၀ လေတိုက်ခတ်တဲ့အထိ ဆိုးဆိုးဝါးဝါး ကြုံရနိုင်တဲ့အတွက် မီးတွေ ပျက်နိုင်တယ်လို့ ပြောတဲ့အတွက် လက်နှိပ်ဓါတ်မီးတွေ၊ ဖုရောင်းတိုင်တွေ ဆောင်ထားရတယ်။ ရေပိုက်တွေဆိုရင် အထဲမှာ ခဲပြီး ကွဲမထွက်သွားရအောင် ရေကို နည်းနည်းချင်း တစက်စီဖွင့်ချထားဖို့ အာဏာပိုင်တွေ ညွှန်ကြားထားတယ်။ သောက်ရေကိုတော့ ပြီးခဲ့တဲ့ အပတ်ထဲက ဝယ်ထားတယ်။ မီးတွေပြတ်သွားရင် အလွယ်တကူ စားလို့ရမယ်ဟာမျိုးတွေလည်း အဆင်သင့် ပြင်ထားပါတယ်။ "

ဒီဇင်ဘာ(၂၃) သောကြာနေ့ရောက်ရင်တော့ တိုက်ခတ်လာမယ့် အအေးလှိုင်းကြီးဟာ အသက်အန္တရာယ် ဖြစ်စေလောက်တဲ့အထိ အေးလွန်းပြီး တချို့နေရာတွေမှာ အနုတ်လက္ခဏာ ၄၅ ဒီဂရီ Celsius အထိ ရောက်သွားနိုင်တယ်လို့ မိုးဇလပညာရှင်တွေက သတိပေးထားပါတယ်။ ဒါဟာ ရေခဲမှတ်အောက်ထိ ထိုးကျသွားပြီး ပိုအေးခဲတဲ့ အခြေအနေဖြစ်ပါတယ်။

အမေရိကန် အရှေ့ဖက်ခြမ်း မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာတော့ လာမယ့်ရက်တွေအတွက် အရေးပေါ် အခြေအနေ ကြေညာထားတယ်လို့ Raleigh ရာလေ့မြို့မှာ နေထိုင်တဲ့ ဦးသိန်းထွန်းဇံက ပြောပါတယ်။

ဦးသိန်းထွန်းဇံ ။. ။ " ကျနော်တို့ မြောက်ကယ်ရိုလိုင်းနားကတော့ ရေခဲမိုးနဲ့ နှင်းမိုးတွေ ရွာပြီးတော့ အခက်အခဲဖြစ်လာမယ့် အနေအထားမျိုးတွေ အများကြီး ရှိတဲ့အတွက် ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးက တပြည်နယ်လုံးကို အရေးပေါ်အခြေအနေ ကြေညာလိုက်တယ်။ အဲဒီလို အရေးပေါ်ကြေညာလိုက်လို့ရှိရင် ပြည်နယ်မှာရှိတဲ့ ဘတ်ဂျက်ထဲက အရေးပေါ်တွက် ဖယ်ထားတဲ့ ပိုက်ဆံတွေကို ယူသုံးလို့ ရသွားမယ်။ ကျောင်းတွေ ပိတ်ပေးတာမျိုးတို့၊ အရမ်းအေးလို့ မိုးခဲရေခဲတွေကျလာတာမျိုးကို ကြိုတင်ကာကွယ်ဖို့ လမ်းတွေမှာ ဆားဖြူးတာ နှင်းရှင်း လမ်းရှင်းပေးတာမျိုးတို့ သုံးလို့ရသွားမယ်။ ခုလည်း ပြင်ဆင်နေတာ တွေ့ရတယ်။"

သောကြာနေ့ကျရင် နိုင်ငံတဝန်း ၇၅% ဟာ အေးခဲတဲ့ ရာသီဥတုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန်မိုးဇလဌာနက ခန့်မှန်းပါတယ်။ ဒီ နှင်းမုန်းတိုင်းကျရောက်တဲ့ ကာလအတွင်း လေတိုက်နှုန်းဟာ လတ်တလော တနာရီမိုင်(၃၀)ရှိရာကနေ တနာရီ မိုင်(၆၀)ကျော်အထိ ပြင်းထန်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

ခရစ္စမတ်နဲ့ နှစ်သစ်ကူးရာသီ ခရီးသွားလာမှု များတဲ့အချိန်မျိုးမှာ ခုလို အအေးလှိုင်းနဲ့ နှင်းမုန်တိုင်း ဝင်နေတာကြောင့် ကြာသပတေးနေ့ မနက် အစောပိုင်းအထိ လေယာဉ်ခရီးစဉ် ထောင်နဲ့ချီ ဖျက်သိမ်းခဲ့ရပါတယ်။ နှစ်ပေါင်း(၃၀)ကျော်အတွင်း အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့အထိ ပြင်းထန်စွာကျရောက်လာတဲ့ ဒီနှင်းမုန်တိုင်းအတွက် ဒေသအာဏာပိုင်တွေ ထုတ်ပြန်တဲ့ သတိပေးချက်ကို အတိအကျ လိုက်နာကြဖို့ သမ္မတ ဂျိုးဘိုင်ဒန် ကလည်း ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}












XS
SM
MD
LG