သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗဟိုဦးဆောင်ကော်မတီဖျက်သိမ်းပြီးနောက် ပြည်ခိုင်ဖြိုးပါတီအလားအလာ


၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံး မြင်ကွင်းတခု။
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံး မြင်ကွင်းတခု။

သမ္မတဟောင်း ဦးသိန်းစိန်ပါဝင်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုဦးဆောင်ကော်မတီကို ဖျက်သိမ်းလိုက်ပြီး၊ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူလူထုက ပိုပြီးလက်ခံမယ့် ပါတီတရပ် ဖြစ်လာစေရေးအတွက် ပြင်ဆင် ဆောင်ရွက်နေတယ်လို့ ပါတီတာဝန်ရှိသူတွေ ပြောပါတယ်။ ပြည်ခိုင်ဖြိုးက ပါတီတွင်းပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်ဆိုပေမယ့် ပြည်သူတွေကတော့ ပြည်ခိုင်ဖြိုးပါတီကို နောက်တကြိမ်ရွေးချယ်ဖို့ ဆိုတာ အလားအလာနည်းတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ပြည်ခိုင်ဖြိုးပါတီမှာ နာယကအဖွဲ့ဖြစ်တဲ့ ဗဟိုဦးဆောင်ကော်မတီကို အရင်သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်ပြီး အဖွဲ့ဝင်(၉)ဦးနဲ့ ဖွဲ့စည်းထား တာပါ။ ဒီ ဗဟိုဦးဆောင်ကော်မတီကို ပြီးခဲ့တဲ့ ဒီဇင်ဘာ(၂၇) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။ ဖျက်သိမ်းလိုက်ရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က VOA ကိုပြောပါတယ်။

“ ပါတီဥက္ကဌကြီး ဦးသန်းဌေး ဦးဆောင်တဲ့ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့တွေရဲ့ ပါတီနိုင်ငံရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်မှု အပေါ်မှာ အားရကျေနပ်မှု ရှိတယ်။ လူငယ်မျိုးဆက်သစ် အဖွဲ့တွေအနေနဲ့ လွတ်လွတ်လပ်လပ်နဲ့ အောင်အောင်မြင်မြင် လုပ်နိုင်တဲ့ အနေအထားတွေ တွေ့ရတဲ့အတွက် .. သူတို့ကိုယ်တိုင်လည်း သူတို့ရဲ့ အသက်အရွယ်၊ ကျန်းမာရေး အခြေအနေတွေအရ ဒီ ဗဟိုဦးဆောင်ကော်မတီ တာဝန်တွေ မယူတော့ပဲနဲ့ ဒီကော်မတီကို ဖျက်သိမ်း လိုက်ပြီးတော့မှ လူကြီးတွေအားလုံးက သာမန်ပါတီဝင်တွေအဖြစ် ပါတီကိုဝန်းရံ အကြံဉာဏ်တွေ ပေးသွားဖို့ ဆိုပြီးတော့မှ လူကြီးတွေရဲ့ သဘောထားဆန္ဒအရ ဒီကော်မတီကို ကျနော်တို့က ဖျက်သိမ်းလိုက်တာပါ။ ”

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီကို ပြည်သူလူထု ပိုပြီးလက်ခံမယ့် ပါတီတရပ် ဖြစ်လာစေရေးအတွက် ပြင်ဆင်ဆောင်ရွက် နေတယ်လို့ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

“ ယခင်အစိုးရ ရှေ့ကအစိုးရ အဆက်ဆက်ထက် ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို ဖန်တီးပေးနိုင်ဖို့အတွက် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင် ဆောင်ရွက်သွားမယ်၊ စီးပွားရေး ကောင်းမွန်လာအောင် တည်ငြိမ်အေးချမ်းအောင် တရားဥပဒေ စိုးမိုးမှုရှိအောင် ကျနော်တို့ ကြိုးစား ဆောင်ရွက်သွားမယ်။ အဲဒီလို ဆောင်ရွက်နိုင်ဖို့အတွက် အခုကတည်းက ကျနော်တို့က ပါတီတွင်းမှာ စနစ်တကျ ပြင်ဆင်ဆောင်ရွက် နေတယ်။ ကျနော်တို့ပါတီ အနိုင်ရခဲ့လို့ အစိုးရဖြစ်ခဲ့ရင်လည်း ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ကျနော်တို့ အကောင်းဆုံး ကြိုးစားဆောင် ရွက်မယ်။”

ဒီလို ပြင်ဆင်ဆောင်ရွက်နေပေမဲ့လည်း ပြည်ခိုင်ဖြိုးပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ ပြန်အရွေးခံရဖို့ အလားအလာနည်းတယ်လို့ နိုင်ငံရေး အကဲခတ် ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“ ပြည်ခိုင်ဖြိုးပါတီနဲ့ ပတ်သက်လို့ လူထုက တလျှောက်လုံး မြင်လာတာက တပ်မတော်က အငြိမ်းစားယူထားတဲ့ ပုဂ္ဂိုလ်တွေ အထူးသဖြင့် ပြီးခဲ့တဲ့ အစိုးရနဲ့ ဆက်နွယ်နေတဲ့ .. အဲဒီအကျိုးစီးပွားတွေနဲ့ တည်ဆောက်ထားတဲ့ ပါတီအဖြစ် လူထုက မြင်နေတာပါ။ အဲလို မြင်နေ တာကြောင့်လည်း NLD ပါတီကို လူထုက အုံလိုက်ကျင်းလိုက် မဲပေးကြတာပေါ့ဗျာ။ ဒါပေမဲ့ NLD ပါတီရဲ့ ၂နှစ်တာအတွင်း NLD ပါတီကို အားမလို အားမရဖြစ်သောငြားလည်း အဲဒီဟာက ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံလာတဲ့ အဓိပ္ပါယ်တော့ သိပ်မရှိဘူးလို့ ကျနော်ယူဆပါတယ်။ အဲဒီတော့ အဲလိုအင်အားစုမျိုးကို လူထုက သိပ်ပြီး မမျှော်လင့်ဘူးခင်ဗျ။”

တကယ်တော့ ပြည်ခိုင်ဖြိုးပါတီထဲမှာ စစ်ခေါင်းဆောင်ဟောင်း အနည်းစုသာပါပြီး အရပ်သားကအများစုဖြစ်ကြောင်း၊ တိုင်းပြည်တာဝန်တွေကို ထမ်းဆောင်ဖူးတဲ့ အတွေ့ကြုံရင့်တဲ့ ပုဂ္ဂိုလ်တွေပါတာကြောင့် အစိုးရတာဝန်ကို ကောင်းမွန်စွာလည်ပတ်နိုင်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

“ ကျနော်တို့ပါတီ ထိပ်ပိုင်းမှာ တပ်မတော်က လူကြီးအကြီးအကဲတွေ ရှိတာမှန်တယ်၊ သို့သော်လည်းပဲ ရာခိုင်နှုန်း အတော့ကိုနည်းတယ်။ နောက်တခုက လက်ရှိ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ထဲမှာလည်း အရပ်သားတွေ အများကြီးပါတယ်။ ဒီအတွက် တပ်မတော်က လူကြီးတွေနဲ့ပဲ စုဖွဲ့ထားတဲ့ပါတီ မဟုတ်ပါဘူး။ ပြည်သူ့ပါတီဖြစ်တယ်။ ကျနော်တို့အနေနဲ့က ဦးသိန်းစိန်အစိုးရ လက်ထက်မှာ အစိုးရတာဝန် ထမ်းဆောင်ခဲ့စဉ် တုန်းက အကောင်းဆုံးလည်း ကျနော်တို့ လက်တွေ့လုပ်ဆောင်ပြခဲ့တယ်။ ဆိုတော့ တိုင်းပြည်ကို ကျနော်တို့ တာဝန်ယူတဲ့အချိန်မှာ အတွေ့အကြုံက အရမ်း စကားပြောပါတယ်။ သို့သော် တိုင်းပြည်ကို တကယ်တည်ဆောက်လာတဲ့ အချိန်မှာ အတွေ့ကြုံရှိတဲ့ ပုဂ္ဂိုလ်တွေ စွမ်းဆောင်ရည်ရှိတဲ့ ပုဂ္ဂိုလ်တွေ လိုအပ်တယ်ဆိုတာ အခုလက်တွေ့ တွေ့မြင်ကြရမှာပဲလေ။”

လက်ရှိ NLD အစိုးရလက်ထက်မှာ စီးပွားရေး နှေးကွေးနေတယ်လို့ ပြည်တွင်းလုပ်ငန်းရှင်တွေက ဝေဖန်မှုတွေထွက်ပေါ်နေပြီး အစိုးရအနေနဲ့ ထိရောက်တဲ့ စီးပွားရေးမူဝါဒတွေ ပြောင်းလဲချမှတ် လုပ်ဆောင်သင့်တယ်လို့ ပြည်ခိုင်ဖြိုးပါတီက သုံးသပ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

“ အဓိကက တိုင်းပြည်တပြည်ရဲ့ စီးပွားရေးက တော်တော်အရေးကြီးပါတယ်။ ပြည်သူတွေရဲ့ စားဝတ်နေရေး လူမှုဘဝ စီးပွားဖွံ့ဖြိုး တိုးတက်ရေးက အရေးကြီးတယ်။ အဲဒီအတွက် သမ္မတကြီး ဦးသိန်းစိန်လက်ထက်က ၅နှစ်စီမံကိန်း နှစ် ၃၀ စီမံကိန်းတွေ ဒီလိုမူဝါဒတွေ ရေးဆွဲပြီးတော့မှ ဆောင်ရွက်ခဲ့တာပေါ့။ ထိုနည်းလည်းကောင်းပဲ NLD အစိုးရ အနေနဲ့လည်း စီးပွားရေးမူဝါဒတွေ ထုတ်ပြန်ပြီးတော့ ဆောင်ရွက်နေ တာတွေရှိတယ်ဆိုတာ သိရတယ်။ သို့သော်လည်း ဒီမူဝါဒတွေ ပြုပြင်ပြောင်းလဲဖို့လိုရင် အမြန်ဆုံး ဘယ်လိုဆောင်ရွက်မလဲ ဆိုတဲ့ တိကျခိုင်မာတဲ့ မူဝါဒလုပ်ငန်းစဉ်တွေကို အခြေအနေပေါ်မှာ မူတည်ပြီးတော့ သုံးသပ်ဆောင်ရွက်သွားရင် ပိုကောင်းမယ်လို့ ထင်တယ်။”

ဖျက်သိမ်းလိုက်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုဦးဆောင်ကော်မတီထဲမှာ သမ္မတဟောင်း ဦးသိန်းစိန်၊ ဦးဌေးဦး၊ သူရဦးအေးမြင့်၊ ဦးလွန်းသီ၊ ဦးသောင်း၊ ဦးတင်ထွဋ်၊ ဦးစိုးသာ၊ သူရဦးမြင့်အောင်၊ ဦးခင်အောင်မြင့်တို့ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG