သုံးရလွယ်ကူစေသည့် Link များ

အာဏာထိန်းကျောင်းမှု ဟန်ချက်ပျက်ဟု ကြံခိုင်ရေးဥက္ကဋ္ဌ ပြောဆို


ကြံခိုင်ရေးပါတီ ဥက္ကဌ ဦးသန်းဌေး

တချိန်တုန်းက အာဏာရ ပါတီကြီးဖြစ်ခဲ့ပြီး လက်ရှိ အတိုက်အခံနိုင်ငံရေး ပါတီတရပ်ဖြစ်လာတဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီအနေနဲ့ လာမယ့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ထိုက်သင့်တဲ့ အောင်မြင်မှု ပြန်ရလိမ့်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်း ကြံခိုင်ရေးပါတီ ဥက္ကဌက ပြောပါတယ်။ နိုင်ငံရေးပါတီကြီးတရပ်ကပဲ နိုင်ငံတော်ရဲ့ကဏ္ဍသုံးရပ်စလုံးကို ထိန်းချုပ်ထားတဲ့ အခြေအနေနဲ့အတူ၊ အပြန်အလှန် ထိန်းကျောင်းနိုင်မယ့် ဟန်ချက်ပျက်ပြီး အရာရာဆုံးဖြတ်ချက်ဟာ တနေရာတည်းကလာတာကြောင့် ဒါဟာ တိုင်းပြည်အတွက် အကျိုးမရှိနိုင်ဘူးလို့လည်း ဝေဖန်ပြောကြားလိုက်ပါတယ်။ ကြံခိုင်ရေးပါတီ ဥက္ကဌ ဦးသန်းဌေးကို မမေခ တွေ့ဆုံမေးမြန်းထားတဲ့ နောက်ဆုံးပိုင်းကို တင်ဆက်လိုက်ပါတယ်။

မမေခ ။ ။"ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သြဇာအာဏာကရော ဒီလက်ရှိပါတီမှာ သက်ရောက်မှုရှိသေးလား။

ဦးသန်းဌေး။ ။ကျနော်လိုရင်းပဲဖြေရရင် ကျနော်ဒီနေ့ ပါတီဥက္ကဋ္ဌပါ။ ပါတီအတွက် အပြည့်အစုံလုံးဝ ကျနော်ပဲ တာဝန်ယူနေပါတယ် ဒါအတိုဆုံးဖြေတာပါ။

မမေခ ။ ။လက်ရှိပါတီရဲ့အနေအထားပေါ့နော် ကြားဖြတ်ရွေးကောက်ပွဲကို အနီးဆုံးကြည့်မယ်ဆိုရင် ဒီတချိန်မှာ နည်းနည်းလေးအားနည်းလာတာကို ကျမတို့တွေ့တယ်။ ပါတီကြီးဆိုပေမယ့် ရာခိုင်နှုန်းနဲ့ တွက်မယ်ဆိုရင် အားနည်းတဲ့အပိုင်းပေါ့နော် အဲလိုမျိုးပုံစံမျိုးတွေ ရှိနေတာဆိုတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီရဲ့ အောင်နိုင်မှုကို ဘယ်လိုမျိုးစဉ်းစားထားတာမျိုးရှိပါသလဲ။ နောက်တခုက ဒီပါတီရဲ့အောင်နိုင်ရေးအတွက်က ၂၀၂၀ မှာ ဒီပြီးခဲ့တဲ့အခေါက်ထက်ကျော် နိုင်မယ်လို့ ထင်သလား ဘယ်လိုများသုံးသပ်ပါသလဲ။

ဦးသန်းဌေး။ ။ကြားဖြတ်ရွေးကောက်ပွဲအတွက် ပိုပြီးတော့ ကောင်းတဲ့ Result တွေရလာပါလိမ့်မယ်။ ဒါစွဲစွဲမြဲမြဲကို ယုံကြည်ပါတယ်။ ဒီနေရာမှာ အောင်နိုင်ခြင်း၊ မအောင်နိုင်ခြင်းဆိုတဲ့ဥစ္စာက အရည်အချင်းနဲ့လည်း တိုက်ရိုက်မပတ်သက်ပြန်ပါဘူး။ ဆိုတော့ ကျနော်တို့တွေညံ့သလား၊ ကျနော်တို့လုပ်ရပ်တွေမှားခဲ့သလား။ အမှားအယွင်းဆိုတာကတော့ မကင်းနိုင်ပါဘူး။ ရှိပါလိမ့်မယ် သို့သော် လူတွေမှားတဲ့အတွက် သာမန် ယေဘုယျအမှားထက်တော့မပိုပါဘူး Intentionally ချောက်ထဲချခဲ့တာကတော့ မရှိပါဘူး။ ကျနော်တို့ဆောင်ရွက်ခဲ့တဲ့ ကျနော်တို့ Efforts တွေက ရတဲ့ အကျိုးကျေးဇူးတွေ ဒီနေ့ ထင်ထင်ရှားရှားရှိနေသေးတယ်။ ဆိုတော့ ပုဂ္ဂိုလ်ကိုးကွယ်မှုကို ဗဟိုပြုပြီး စဉ်းစားတဲ့ခေတ်ကို လွန်မြောက်သွားရင်တော့ ဘယ်သူဟာ ဘာလုပ်ခဲ့သလဲဆိုတာကို လူတွေက ပြန်ပြီးတော့တွေးလာလိမ့်မယ်။ ဒီအချိန်ဟာ အဝေးလား၊ အနီးလားဆိုတာကတော့ ဒါကတော့ နည်းနည်းပြောဖို့ ခက်ပါတယ်။ ဆိုတော့ ဒီလိုအမှန်အတိုင်းသိဖို့ မြင်ဖို့ကိုလည်း ကျနော်တို့ အတတ်နိုင်ဆုံးကြိုးစားအားထုတ်နေပါတယ်။ ဒီအတွက် ၂၀၂၀မှာ ကျနော်တို့ ထိုက်သင့်တဲ့အောင်မြင်မှု ပြန်ပြီးရပါလိမ့်မယ်လို့ တင်ပြချင်ပါတယ်။

မမေခ ။ ။လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး Process ကိုကြည့်ရင် လွှတ်တော်မှာ Balance ရှိရမယ့်အနေအထားမှာ ပါတီကြီးတခုက အုပ်စိုးနေမှုကနေ ပါတီအကုန်လုံးကနေပြီးတော့ Balance အနေနဲ့ သွားနိုင်မယ့်အနေအထားမျိုးရှိနိုင်မယ်လို့ အန်ကယ်ပြောနိုင်ပါသလား။

ဦးသန်းဌေး။ ။နိုင်ငံရေးဆိုတာကတော့ အတိအကျတော့ ပြောလို့မရဘူးပေါ့နော်၊ ကျနော်တို့ကတော့ မျှော်မှန်းပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီလိုတခုတည်းကနေပြီးတော့ အများအပြားကို လက်ဝါးကြီးအုပ်ထားတဲ့ အနေအထားသည် အဲဒီကထွက်လာတဲ့ အဆုံးအဖြတ်တွေဟာ ရာနှုန်းပြည့် ပြည့်စုံမှန်ကန်တဲ့ ဆုံးဖြတ်မှုမျိုးမဟုတ်ဘူးဆိုတာတွေက လူတွေတဖြေးဖြေးမြင်လာကြပြီ။ မဏ္ဍိင် ၃ ရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ၊ ဥပဒေပြုရေး အဲဒီပုဂ္ဂိုလ်တွေက အပြန်အလှန်ထိန်းကျောင်း နိုင်ခြင်းဆိုတာက ပါတီတခုတည်းက အားလုံးကိုလွှမ်းမိုးသွားရင် ဟန်ချက်ပျက်တယ်။ ဟန်ချက်ပျက်သွားတဲ့ဟာက ဘယ်အထိတောင်သွားနိုင်သလဲဆိုရင် လူတွေတန်ဖိုးထားနေတဲ့ ဒီမိုကရေစီဆိုတဲ့ တန်ဖိုးတွေတောင်လျော့သွားနိုင်တယ်။ တခုတည်းက ပြိုင်ဘက်မရှိအားကောင်းနေတဲ့အတွက်ကြောင့် လုပ်ချင်ရာလုပ်လို့ ရတဲ့အနေအထားဖြစ်နေတယ်။ ဆုံးဖြတ်မှုသည် ၁ နေရာမှာပဲ စုနေတယ်ဆိုရင် အဲဒီအဆုံးအဖြတ်ဟာ တိုင်းပြည်လိုအပ်ချက်နဲ့ တော်တော်ကို အလှမ်းဝေးသွားမယ်လို့ထင်တယ်။ အဲဒီဒဏ်ကို တိုင်းပြည်ကခံရလိမ့်မယ်။ အဲဒီတော့ ဒီနေ့ကြည့်လို့ရှိရင် ခုနပြောတဲ့ ဟန်ချက်တွေ မညီတော့ပါဘူး။ ဟန်ချက်တွေတော်တော်လေးပျက်သွားပြီ။ ပျက်နေတဲ့အတွက် ဒီအဆုံးအဖြတ်လုပ်တဲ့နေရာတွေမှာလည်းပဲ ၊ ခုံရုံးလည်း ခုံရုံးမို့လို့ ၊ လွှတ်တော်လည်း လွှတ်တော်မို့လို့ သူတို့အဆုံးအဖြတ်ကို ဥပဒေနဲ့ညီချင်း မညီချင်း ၊ ယုတ္တိ တန်ခြင်းမတန်ခြင်း၊ကျိုးကြောင်းဆီလျော်ခြင်း မဆီလျော်ခြင်း ဒါတွေကို အလေးပေးစဉ်းစားတာမျိုး မဟုတ်တော့ပဲနဲ့ လိုလားချက်တခုအပေါ်မှာပဲ မဲနဲ့ပဲ နေရာတကာဆုံးဖြတ်တာဖြစ်တဲ့အတွက် ဒါတွေဟာ တိုင်းပြည်ကောင်းကျိုးကိုတော့ ပေးနိုင်တဲ့အနေအထားမဖြစ်ဘူး။”

ကြံခိုင်ရေးပါတီ ဥက္ကဌ ဦးသန်းဌေးကို မမေခ တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG