သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်ရှေ့ မြင်ကွင်း


(ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်းအစီအစဉ်)
(ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်းအစီအစဉ်)

နေပြည်တော်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရှေ့မှာ မနေ့ညက အခြေအနေတွေကို သွားရောက်စောင့်ကြည့်ခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်တွေဖြစ်တဲ့ ကိုထက်အောင်နဲ့ မမေခတို့ကို နောက်ဆုံးရ အခြေအနေတွေကို သိရအောင် မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး - ကိုထက်အောင်တို့ အနေနဲ့ အခုနေပြည်တော်မှာရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှာ လုံခြုံရေး တင်းကျပ်နေပြီး အဝင်အထွက်တွေ စပြီးတော့ ပိတ်ထားပြီဆိုပြီးတော့ သတင်းတွေကို ဘယ်လိုစကြားလဲရှင့်။
ဖြေ - ဟုတ်ကဲ့ ကျနော်တို့ ဒီနေ့ နေပြည်တော်မှာလုပ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေ တွေ့ဆုံပွဲမှာ ကျနော်တို့ သတင်းသွားယူပါတယ်။ ယူပြီးတဲ့ အခါကျတော့ အပြန်မှာ ဟိုတယ်မှာပဲ သတင်းတွေ လုပ်နေရင်းနဲ့ပဲ ၉ နာရီ ပတ်ဝန်းကျင်လောက်မှာ နေပြည်တော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း တခုကနေပြီးတော့မှ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးမှာ စစ်တပ်လုံခြုံရေး အင်အားတွေ အများအပြား ဝင်ရောက်နေတယ်ဆိုပြီး ကျနော်တို့ ကြားပါတယ်ခင်ဗျ။ ကြားတော့ အဲဒီသတင်းက ခိုင်လုံသလား၊ မခိုင်လုံသလား အရင်ဆုံး စစ်ဆေးပါတယ်။ သတင်းထောက်တွေ အချင်းချင်းလည်း ကျနော်တို့ သေချာအောင် ဖုန်းတွေနဲ့ ဆက်သွယ်ပါတယ်။ အချိန်ခနလောက် ယူပြီးတဲ့အခါကျတော့ ၁၁ နာရီခွဲ၊ မြန်မာစံတော်ချိန် ၁၁ နာရီခွဲ ၁၂ နာရီ လောက်မှာ ကျနော်နဲ့ ကျနော်တို့ရုံးက သတင်းထောက် မမေခနဲ့အတူ ကျနော်တို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးကိုလာပြီး အခြေအနေကို အသေးစိတ် စောင့်ကြည့်ပါတယ်။ ကျနော်တို့ရောက်တဲ့ အချိန်မှာတော့ ရဲကားတွေ၊ ရဲဌာနက အချုပ်ကားတွေပဲဖြစ်ဖြစ် အဲဒီလိုမျိုး ကားတွေကတော့ မတွေ့ရတော့ဘူး။ ဒါပေမဲ့ တချို့ ကားတစ်စီး၊ နှစ်စီးလောက်ကတော့ နေပြည်တော်လမ်းမပေါ်မှာ ပတ်ပြီးသွားလာနေတာတော့ ကျနော်တို့ သတိထားမိပါတယ်။

မေး - အဲဒီတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ မနေ့ကလည်း ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေ တွေ့ဆုံပွဲ၊ သူတို့ပါတီ ဆွေးနွေးပွဲကိုလည်း နေပြည်တော်မှာ ကျင်းပခဲ့တယ်ဆိုတော့၊ အဲဒီမှာ ထူးထူးခြားခြား ဘာတွေများ ဖြစ်ခဲ့လဲ ဆိုတာကိုရော သတိထားမိလား။
ဖြေ - ဟုတ်ကဲ့ သူတို့အဓိက သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါမှာ ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးနဲ့ အတွင်းရေးမှူး အပါအဝင် စုစုပေါင်း ၅ ယောက်က သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်ခင်ဗျ။ ဒါပေမဲ့ သူတို့ပြောတဲ့ အထဲမှာကတော့ လာမယ့်ရွေးကောက်ပွဲမှာ သမ္မတဦးသိန်းစိန် အပါအဝင် ဒုသမ္မတဦးဉာဏ်ထွန်း ဝင်ရောက်မယှဉ်ပြိုင်ဘူး ဆိုတဲ့သဘောကိုပဲ အတည်ပြု ပြောပါတယ်။ တချို့ပြောတဲ့ဆိုတဲ့ စကားမှာလည်း သူတို့ ၂ ယောက်ကပေါ့လေ တော်တော်များများကို စကားကို ထိန်းသိမ်းပြီးတော့ ပြောသွားတာ ကျနော်တို့ တွေ့ရပါတယ်။ နောက်တချက်ကတော့ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ သဘောပါ။ ဒီတခေါက်ရွေးကောက်ပွဲမှာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို တပ်မတော်သား ကိုယ်စားလှယ်တွေက သူတို့ ယူနီဖောင်းတွေကိုချွတ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မယ် ဆိုတဲ့အခါကျတော့ အဆိုတင်သွင်းပါတယ်ခင်ဗျ။ ပထမဆုံး တပ်မတော်က အဆိုတင်သွင်းတဲ့ ကိုယ်စားလှယ်လောင်းကတော့ ၁၃၉ ယောက်ပါ၊ ဒါပေမဲ့ ထပ်ပြီးဖြည့်သွင်းလိုက်တဲ့ အခါမှာတော့ စုစုပေါင်း ၁၄၀ ကျော် ဖြစ်သွားပါတယ်။ အဲဒီမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကနေပြီးတော့ တပ်မတော်သား ကိုယ်စားလှယ်လောင်းတွေကို ပြန်ပြီးစိစစ်လိုက်တဲ့ အခါမှာ စုစုပေါင်း ၅၉ ယောက်ကိုပဲ သူတို့က လက်ခံလိုက်တာပါခင်ဗျ။ အဲဒီအထဲမှာ အမျိုးသားလွှတ်တော်အတွက် ၇ ယောက်၊ ပြည်သူ့လွှတ်တော်အတွက် ၁၉ ယောက် ဆိုတော့ ပြည်ထောင်စု လွှတ်တော်အတွက် စုစုပေါင်း ၂၆ ယောက်ပေါ့လေ။ တိုင်းဒေသကြီးလွှတ်တော် အတွက်ကတော့ ၃၃ ယောက် ဝင်ရောက်ယှဉ်ပြိုင်မယ် ဆိုပြီးတော့ သူတို့က တရားဝင် ထုတ်ပြောတာတော့ ရှိပါတယ်။ ကျန်တာကတော့ ထွေထွေထူးထူးတော့ သူတို့အနေနဲ့ ဘာမှပြောဆိုခြင်းတော့ မရှိပါဘူး။

မေး - အခု မမေခတို့က ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရှေ့မှာ ရောက်ပြီးတော့ပေါ့နော် အခြေအနေတွေကို စောင့်ကြည့်နေတယ်ဆိုတော့ အဲဒီမှာအခု မြင်ရတဲ့ အခြေအနေတွေကို ပြောပြပါဦးရှင့်။

ဖြေ - ည ၉ နာရီခွဲ ၁၀ နာရီလောက်မှာ သူတို့ရဲကားတွေ ဒီကြံ့ခိုင်ရေးရုံးကို စပြီးတော့ ပတ်နေတာကို ညီမတို့ စတွေ့ရတယ်။ တွေ့ပြီးသွားတဲ့အချိန် ည ၁ နာရီနဲ့ ၁၅ မိနစ်လောက်မှာ အလုပ်သမား ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်း ပထမဆုံး သူ့ကားနဲ့သူ ထွက်လာတာကို တွေ့လိုက်တယ်။ သူ ထွက်သွားပြီးတော့ သိပ်မကြာဘူး။ ၂ နာရီ ၁၅ လောက်မှာ အခုလက်ရှိ ဆက်သွယ်ရေး ဦးမြတ်ထွန်းရဲ့ PSO ကနေပြီးတော့ အစားအသောက်ရယ်၊ အိပ်ယာလိတ်ရယ် ယူပြီးတော့ ဂိတ်ကိုဖြတ်ပြီးတော့ သွားပို့တာကို ညီမတို့ တွေ့လိုက်တယ်။ တွေ့တော့ ညီမကိုယ်တိုင်ပဲ အဲဒီ PSO ကို နောက်ကနေ လိုက်ပြီးတော့ မေးတယ်။ ဘာကြောင့် ဒီဟာတွေ ပို့တာလဲ။ ဘယ်သူက ပို့ခိုင်းတာလဲ ဆိုတာကို မေးတဲ့အခါမှာ သူက ဘာပြောသလဲဆိုတော့ မသိဘူးတဲ့။ သူ ပထမ အဲ့ဒီလိုပြောတယ်။ ဘာဖြစ်လို့ ဒီအစားအသောက်တွေ ပို့ခိုင်းတာလဲဆိုတော့ အထဲက ပို့ခိုင်းလို့ပေါ့ဗျာတဲ့ ကျနော်လည်း မသိဘူးတဲ့ ဆိုပြီးတော့ သူ ကားပေါ်ကို တက်သွားတယ်။ အဲဒါ ဒုတိယမြောက်ပေါ့နော်။ တတိယမြောက်ကတော့ အခု ၃ နာရီ ၁၀ မိနစ်ကျော်လောက်မှာ ဒေါက်တာ မောင်မောင်ဌေး ဆိုတဲ့လူကနေ အပြင်ကို ပြန်ထွက်တယ်ပေ့ါနော်။ ဒါပေမဲ့ သူကနေပြီးတော့ ဂိတ်မှာ ဘာပြောခဲ့သလဲဆိုတော့ ကျနော် ပြန်ပြီးတော့ လာမှာဆိုပြီးတော့ ပြောသွားတယ်။ ပြီးတော့ သူ့ကားနဲ့သူ ထွက်သွားတယ်။ ခြံဝင်းထဲမှာတင် ကား အဲ့ဒီလိုမျိုး လူကြီးစီးတဲ့ကားကပေါ့နော် စတစ်ကာအမဲနဲ့ လူကြီးစီးတဲ့ကား အစင်း ၂၀ လောက် အခုအချိန်ထိ ရှိနေပါသေးတယ်။

မေး - အဲတော့ သူတို့ ဒီပါတီရဲ့ဌာနချုပ်ကို လုံခြုံရေးတွေနဲ့ အဲ့လို စောင့်ကြည့်နေတယ်။ ရဲကားတွေ ပတ်နေတယ်ဆိုတဲ့ အဲ့လို ထူးခြားတဲ့ အနေအထား ဘာကြောင့်ဖြစ်လာတာလဲရှင့်။

ဖြေ - ဘာကြောင့်ဖြစ်လာသလဲဆိုတော့ အခုအချိန်အထိကတော့ သတင်းတွေကိုတော့ တခုမှ အတည်ပြုလို့ မရနိုင်သေးဘူး။ ပြောတဲ့သူတွေ တော်တော်များများကတော့ ဦးသူရရွှေမန်းကိုပဲ ထိန်းသိမ်းထားတယ်လု့ိ သတင်းတွေ ထွက်နေတာမျိုးတွေ ရှိတယ်။ နောက်တခုကကျတော့ အဲဒီအထဲမှာ တချို့ ပြည်ထောင်စုနေ့စဉ်က သတင်းထောက်တချို့ အဲဒီအထဲမှာ ရောက်နေတာတွေ ရှိတယ်။ ရှိတော့ သူတို့ဘက်ကနေ ပြောတာကတော့ ဘာမှမဟုတ်ဘူး။ အစည်းအဝေးသက်သက် လုပ်တာလို့လည်း သူတို့ကနေပြီးတော့ ပြောတာမျိုးရှိတယ်။ သူတို့ကို ဆက်သွယ်ပြီး မေးတဲ့အခါကျတော့ အခုလက်ရှိ ထွက်သွားတဲ့ပေါ့နော် ဒီကနေ့ပဲ သမ္မတကြီးကနေပြီးတော့ တာဝန်ကနေ ရပ်နားခွင့်ပြုလိုက်တဲ့ ဝန်ကြီးတွေကို မေးမယ်ဆိုရင် အဖြေသိရတယ်ဆိုပြီးတော့ အဲဒီထဲက သတင်းထောက်တယောက်ကတော့ ညီမမေးတဲ့အချိန်မှာ သူက ပြောတယ်။ ဒါပေမဲ့ အဲဒီဝန်ကြီးတွေကို ဖုန်းဆက်သွယ်တာတော့ လုံး၀ ဆက်သွယ်လို့မရဘူး။ ကြားနေတဲ့သတင်းတွေကလည်း အခုအချိန်ထိ အတည်ပြုလို့ မရသေးဘူး။ မနေ့ကည ၈ နာရီ ၉ နာရီခန့်မှာ ဦးသူရရွှေမန်းရဲ့ လုံခြုံရေးအရာရှိတချို့ကို ပြည်ထဲရေးကနေ ခေါ်တွေ့ပြီးတော့ စစ်ဆေးတယ်ဆိုတဲ့ ဥစ္စာကတော့ သတင်းရထားတယ်။ ဒါပေမဲ့ အဲဒါကလည်း အတည်ပြုချက် တိတိကျကျ ပြုလို့ကလည်း မရသေးဘူး။ သူတို့စစ်တပ်ဘက်က အသိုင်းအဝိုင်း တယောက်ကနေပြီး ပြောထားတာတော့ ရှိတယ်။

မေး - အဲတော့ အခြေအနေတွေကို ဘယ်လို ဆက်ပြီးတော့ စောင့်ကြည့်သွားမလဲရှင့်။

ဖြေ - အခုကြားနေရတာကတော့ ဒီနေ့အဖြစ်အပျက်ကို မနက်မိုးလင်းတာနဲ့လည်း တန်းရှင်းမယ်လို့လည်း ပြောတယ်ဆိုတော့ ညီမတို့က ဘာမှန်းမသိတော့ အခု စောင့်နေရတယ်ပေါ့နော်။ တချို့ပြောတာကျတော့လည်း ညနေဘက်ကျလို့ရှိရင် သတင်းစာရှင်းလင်းပွဲတခု သမ္မတကနေ လုပ်ပြီးတော့ ရှင်းသွားမယ်လို့လည်း ပြောတယ်။ ဒါပေမဲ့ အတိအကျမသိရသေးတော့ ညီမတို့ကလည်း ဘာဖြစ်လာမလဲဆိုတာ မသိလို့ စောင့်နေတာပါပဲ။

XS
SM
MD
LG