သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝ ဒေသမှာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး ကန့်သတ်ရက်ထပ်တိုး 


ဝဒေသငြိမ်းချမ်းရေး နှစ် (၃၀) ပြည့်အခမ်းအနား သတင်းဓာတ်ပုံများ။ (ဓာတ်ပုံ - ချယ်ရီမြေ-ရှမ်းမြောက်)
ဝဒေသငြိမ်းချမ်းရေး နှစ် (၃၀) ပြည့်အခမ်းအနား သတင်းဓာတ်ပုံများ။ (ဓာတ်ပုံ - ချယ်ရီမြေ-ရှမ်းမြောက်)

UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ ထိန်းချုပ်ရာဒေသမှာ ကိုဗစ်ကပ်ရောဂါကြောင့် မလိုအပ်ရင် အိမ်ပြင်မထွက်ရ Lockdown ကန့်သတ်ချက်တွေကို ရက်တိုးလိုက်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်း ကိုရဲမွန်  ပြောပြမှာပါ။  

ဝ ဒေသမှာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး ကန့်သတ်ရက်ထပ်တိုး

{{Zawgyi/Unicode}}

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၊ UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ ထိန်းချုပ်ရာဒေသမှာ ကိုဗစ်ကပ်ရောဂါကြောင့် မလိုအပ်ရင် အိမ်ပြင်မထွက်ရ Lockdown ကန့်သတ်ချက်တွေကို ရက်တိုးလိုက်ပါတယ်။ မတ်လ ၁ ရက်နေ့ထဲက Lockdown ချထားတာမို့ ဒေသခံတွေ အခက်တွေ့နေကြပါတယ်။ မြို့တွင်းသွားလာမှုတွေ ပိတ်ပင်ထားလို့ စားသောက်နေထိုင်ရေး အခက်တွေ့နေသူတွေရှိသလို၊ မြို့ထဲဝင်နိုင်ဖို့နဲ့ မြို့ပြင်ပြန်ထွက်ဖို့ကို လုပ်နေသူတွေလည်း အခက်တွေ့နေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်း ကိုရဲမွန် ပြောပြမှာပါ။

ရှမ်းပြည်နယ်ထဲက ဝ ထိန်းချုပ်ဒေသဖြစ်တဲ့ မိုင်းပေါက်ခရိုင်၊ ပန်ခမ်းအထူးမြို့နယ်နဲ့ မိုင်းလင်းခရိုင်တွေမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုအခြေအနေ ဆိုးရွားနေလို့ အသွားအလာထိန်းချုပ်ထားပါတယ်။ ပန်းခမ်းမြို့ကနေ မိုင်းပေါက်ခရိုင်၊ မိုင်းလင်းခရိုင်၊ မိုင်းမောခရိုင်နဲ့ နမ့်တစ်အထူးမြို့နယ်တွေဆီ ဖြတ်သန်းသွားခြင်း မလုပ်ရလို့ ပန်ခမ်းမြို့ ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ပန်ခမ်းမြို့မှာလည်း မတ်လ ၁ ရက်ကစပြီး ကိုဗစ်စစ်ဆေးမှုတွေ စတင်လုပ်ပြီး Lockdown ကန့်သတ်ချက်တွေ ထုတ်ပြန်ထားပါတယ်။

မြို့အဝင်အထွက် ပိတ်ထားပြီး မြို့တွင်းသွားလာရေးကိုလည်း အခုချိန်ထိ ကန့်သတ်ထားတာကြောင့် စားသောက်နေထိုင်ရေး အခက်ကြုံနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“လောလောဆယ်ကတော့ အကုန်လုံးက လော့ဒေါင်းတွေချပြီးတော့ အသွားအလာဘာမှ မရှိပါဘူး။ ဒီ ပန်ဆန်းရယ်၊ နောက်တခါ ပန်ဆန်းရဲ့ အနီးမြို့က ဝိန်းကောင်လည်း လော့ဒေါင်းပဲ။ မိုင်းပေါက်တို့၊ မိုင်းခရိုင်တို့ အကုန်လုံး လော့ဒေါင်းတွေပဲ။ လော့ဒေါင်းတွေက ထပ်တောင်တိုးထားသေးတယ်။ မြို့တွင်းတော့ သူကလော့ဒေါင်းရှိတယ် ဆိုရင်တော့ အပြင်မထွက်ရဘူးပေါ့။ စားစရာတွေ ဘာတွေဆိုရင်လည်း လာပြီးတော့ လိုက်ပို့တဲ့အသယ်တွေ ရှိတယ်လေ။ အဲဒီအသယ်တွေဆီကနေပဲ ဝယ်စားရတာပေါ့။ ရဲကားတွေကတော့ ပတ်ကြတာပေါ့။”

ကပ်ရောဂါအခြေအနေကြောင့် လော့ဒေါင်းချထားတဲ့ ကာလကို မတ်လ ၂၈ ရက်နေ့အထိ ထပ်တိုးထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အသွားအလာပိတ်ထားလို့ မြို့တွင်းမှာအလုပ်လာလုပ်ရင်း အိမ်မပြန်နိုင်ဘဲ ပိတ်မိသူတွေရှိနေသလို၊ အလုပ်လုပ်ဖို့အတွက် လာခွင့်မရသေးလို့ ပြန်ဖွင့်ပေးမယ့်အချိန်ကို စောင့်ဆိုင်းနေရသူတွေလည်း ရှိနေပါတယ်။

“အရင်တုန်းကတော့ သွားသွားလာလာတော့ သွားလို့ရတာပေါ့နော်။ ဒီ အဝင်အထွက် စာအုပ်စာတမ်းတွေ ဘာတွေလည်းရှိတယ်၊ ဆေးထိုးစာရွက်တွေလည်း ရှိတယ်၊ ပိုးမတွေ့ဘူးဆိုရင် သွားလို့လာလို့ရတယ်။ အခု လော့ဒေါင်းနဲ့ဆိုတော့ အခက်အခဲကတော့ အားလုံးရှိကြတာပေါ့။ အပြင်မသွားရဘူးလေ။ စားရေးသောက်ရေးက တချို့တွေကျတော့လည်း လော့ဒေါင်းချက်ချင်းကြီး ချတဲ့အခါကျတော့ စားဖို့သောက်ဖို့ကို မလွယ်နေဘူးပေါ့နော်။ မလွယ်နေဘူးဆိုတာ ချက်ချင်းချတော့ သူတို့မဝယ်နိုင်ကြဘူးလေ။ စားဖို့သောက်ဖို့ ဆန်တို့ ဘာတို့ပေါ့နော်။ စားစရာ သောက်စရာချက်ချင်း မဝယ်နိုင်ကြတော့ တချို့တွေကျတော့လည်း မှေးပြီးသုံးနေကြတာပေါ့။”

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဝ ပြည်အထူးဒေသထဲ ဝင်ခွင့် ထောက်ခံစာတွေကိုလည်း ကိုဗစ်ကပ်ရောဂါ အခြေအနေကြောင့် ယာယီရပ်ဆိုင်းပါတယ်။ ကားအငှားဝန်ဆောင်မှု ပေးနေသူတွေကတော့ ကပ်ရောဂါကာလမှာ အခုလိုတင်းကြပ်ထားတဲ့ စည်းမျဉ်းတွေကြောင့် အခက်ကြုံနေတယ်လို့ ပြောပါတယ်။

“ပန်ခမ်း၊ မိုင်းပေါက်၊ မိုင်းလားတို့ကျတော့ ဒီကိုဗစ်ကာလထဲမှာ ကျနော်တို့ မရောက်ဘူး။ အသွားအလာတွေက နည်းနည်းကျပ်တယ်။ မိုင်းပေါက်တို့၊ မိုင်းခရိုင်တို့၊ မိုင်းလားတို့က လော့ဒေါင်းတွေရှိတယ်။ အခုလက်ရှိ ခရီးသွားတဲ့လူနဲ့ ကားသမားအချင်းချင်း ပြောစကားအရ လော့ဒေါင်းတွေရှိတယ်။ နောက်ပြီးတော့ အဲဒီဒေသမှာ ဝင်ထွက်ခွင့်တွေက စာတင်ရတာတွေ၊ သွားလျှောက်ရတာတွေ ရှိတယ်။ သွားလျှောက်ပြီးတော့ သူတို့ဒေသက သတ်မှတ်တဲ့ Quarantine ဝင်ရတာရှိတယ်။ ကိုဗစ်ကာကွယ်ဆေး ထိုးထားတာ ရှိဖို့လိုအပ်တယ်။ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ၊ ရဲစခန်းတွေရဲ့ ထောက်ခံစာတွေပါဖို့ အဲလိုမျိုးတွေတော့ လိုအပ်တယ်။ ဒီပန်ခမ်းတို့ ဘာတို့ဆိုရင်တော့ လော့ဒေါင်းက မပြေသေးဘူး။”

၀ ဒေသအတွင်း Covid 19 ကူးစက်မှုနောက်ဆုံးအခြေအနေကို UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ပြင်ပမှာ ရောက်နေတာကြောင့် အခြေအနေ မသိရကြောင်း ပြောပါတယ်။

“ ကျနော်လည်း မသိသေးဘူးနော်။ အပြင်မှာ ရောက်နေတယ်နော်။ WSTV မှာ တစ်ချက် စောင့်ကြည့် လိုက်နော်။ အဲဒီမှာ သူတို့ ထုတ်ပြန်နေကျ နော်။”

၂၀၂၀ခုနှစ် ဒီဇင်ဘာလမှာ ဝဒေသအတွင်း Covid 19 ကူးစက်မှု စတင်ဖြစ်ပွားချိန်မှာ ဝအာဏာပိုင်တွေ ဖွဲ့စည်းထားတဲ့ Covid 19 ကူးစက်ရောဂါ ထိန်းချုပ်ရေးဗဟိုကော်မတီ ကို ကိုးကားပြီး ဒေသတွင်း ကူးစက်ခံရတဲ့ လူဦးရေ၊ ပျောက်ကင်းမှု၊ ကုသမှု စတဲ့အခြေအနေတွေကို WSTV ၀ သတင်းဌာနက အသေးစိတ်ဖော်ပြခဲ့ပါတယ်။

လက်ရှိ Lockdown နဲ့ပါတ်သက်ပြီး နောက်ဆုံးထုတ်ပြန်ခဲ့တာကတော့ မတ်လ ၉ ရက်နေ့က ဖြစ်ပါတယ်။ အထူးသဖြင့် မိုင်းလင်းခရိုင်နှင့် မိုင်းပေါက်ခရိုင်တို့မှာ Covid 19 ဖြစ်ပွားနေတာကြောင့် lockdown ကာလကို ၂၀၂၂ မတ်လ၊ ၂၁ နေ့အထိ ထပ်မံတိုးမြှင့်တယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

လက်ရှိကူးစက်မှုအခြေအနေဟာ ကိုယ်ပူတာ၊ ချောင်းဆိုးတာလောက်ဖြစ်ပြီး သိပ်မပြင်းထန်တာကြောင့် Omicron ဖြစ်နိုင်ကြောင်း ဒေသခံတွေက ပြောဆိုတာ ရှိပေမဲ့ ၀ အာဏာပိုင်တွေကတော့ တိတိကျကျ သတင်း ထုတ်ပြန်တာမရှိပါဘူး။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုဗစ်အတည်ပြုလူနာစာရင်းထုတ်ပြန်ချက်အရ မတ်လ ၁၇ ရက်က ကိုဗစ် အတည်ပြုလူနာအများဆုံးက ရှမ်းပြည်နယ်က ဖြစ်ပါတယ်။ ၂၄ နာရီအတွင်း ဓာတ်ခွဲအတည်ပြုသူဦးရေ ရှမ်းပြည်နယ်မှာ ၁၂၂ ဦး ရှိပါတယ်။

မြန်မာနိုင်ငံတဝန်း အတည်ပြုလူနာသစ် တွေ့ရှိမှုနဲ့ ပိုးတွေ့နှုန်း၊ သေဆုံးနှုန်းတွေမှာ သိသိသာသာ ကျဆင်းလာလို့ ဘာသာရေး၊ သာရေးနာရေး အခမ်းအနားတွေမှာ လူ ၄ဝဝ အထိ စုဝေးခွင့်ပြုတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မကြာခင်ရက်ပိုင်းကပဲ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

.........................................


{{Unicode}}
















XS
SM
MD
LG