သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိတ်ကြွဆေး ၅ သန်းနဲ့အတူ မသင်္ကာသူတချို့ UWSA ဖမ်းဆီး


သတင်းဓာတ်ပုံ - UWSA
သတင်းဓာတ်ပုံ - UWSA

UWSA ဝတပ်ဖွဲ့ ထိန်းချုပ်ရာ ထိုင်း၊ မြန်မာနယ်စပ် မိုင်းတုံမြို့နယ်အတွင်းမှာ ဒီလအတွင်း စိတ်ကြွဆေးပြား ငါး သန်းနီးပါး ဖမ်းဆီးရမိသလို မူးယစ်ဆေး မှောင်ခိုသမားတွေအဖြစ် သံသယရှိသူ ရှစ် ဦးအသေနဲ့ ကိုး ဦးကို အရှင်ဖမ်းဆီးထားကြောင်း UWSA ရဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံက ပြောပါတယ်။ နိုင်ငံတကာက မူးယစ်ဆေးဝါး ထုတ်လုပ်တယ်လို့ စွပ်စွဲခံနေရတဲ့ UWSA ဟာ ဒီနှစ်ပိုင်းတွေအတွင်းမှာ မူးယစ်ဆေး ဖမ်းဆီးတာတွေကို ထိထိရောက်ရောက် ဆောင်ရွက်လာပြီး ပြီးခဲ့တဲ့လတွေကလည်း စိတ်ကြွဆေးပြား သန်းနဲ့ချီ ဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဝပြည်သွေး စည်းညီညွတ်ရေး တပ်မတော် UWSA ဟာ ၂၀၀၅ ခုနှစ်တည်းကနေ ဘိန်း စိုက်ပျိုးထုတ်လုပ်တာတွေ ပပျောက်ပြီ ဖြစ်ကြောင်း နိုင်ငံတကာကို ကြေညာခဲ့ပေမဲ့ ထိုင်းမြန်မာနယ်စပ် ၀ တောင်ပိုင်းခေါ် UWSA ရဲ့ ၁၇၁ စစ်ဒေသမှာတော့ မူးယစ်ဆေးနဲ့ စိတ်ကြွဆေး ထုတ်လုပ်နေကြောင်း နိုင်ငံတကာက ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာ ဖော်ပြခဲ့ပါတယ်။

ဒီလပိုင်းတွေအတွင်းမှာတော့ ၁၇၁ စစ်ဒေသဖြစ်တဲ့ မိုင်းတုံ၊ မိုင်းဆတ် နယ်မြေအတွင်းမှာ ဝတပ်ဖွဲ့ စိတ်ကြွဆေးပြား အများအပြားဖမ်းဆီးရမိတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်း စိတ်ကြွဆေးပြား ဖမ်းဆီးရမိတဲ့အခြေအနေကို UWSA ရဲ့ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက အခုလို ပြောပါတယ်။

“အောက်တိုဘာ ၁ ရက်နေ့က ပထမ ၁၈ သိန်း ကျနော်တို့ ဖမ်းဆီးရမိထားတာပေါ့။ လူအားဖြင့်လည်း ၁၀ယောက်ဝန်းကျင်ဆိုတာ အားလုံးသိပြီးသားပဲ။ ထွက်ပြေးလွတ်မြောက်တဲ့သူကို ကျနော်တို့ တလျောက်လိုက်တဲ့အချိန်မှာ ၂ရက်နေ့၊ ၃ရက်နေ့ပေါ့နော်။ မနေ့က အထိ နောက်ထပ်သိန်း ၃၀ ကျနော်တို့ ဖမ်းဆီး ရမိထားတာပေါ့နော်။ ဖမ်းဆီးတဲ့အချိန်မှာ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်တဲ့အခါကျတော့ ဒီမူးယစ်မှောင်ခိုအဖွဲ့တွေက အလောင်း ခြောက် လောင်းရယ်၊ ပြီးတော့ အရှင် တ ယောက်က ကျနော်တို့ ဖမ်းမိထားတယ်။ ဒီ အောက်တိုဘာ ၁ ရက်နေ့၊ ၂ ရက်နေ့၊ ၃ ရက်နေ့အထိ ဆိုရင်တော့ ၄၈ သိန်းပေါ့၊ ၄.၈သန်း အလုံးရေ ကျနော်တို့ ဖမ်းမိထားတာပေါ့။”

ဖမ်းဆီးမှုမှာ လက်နက်ခဲယမ်းတွေလည်း ပါဝင်တာဖြစ်ပါတယ်။

သတင်းဓာတ်ပုံ - UWSA
သတင်းဓာတ်ပုံ - UWSA

၁ ရက်နေ့ ဖမ်းဆီးမှုမှာ အသေ နှစ် ဦးနဲ့ အရှင် ရှစ် ဦး ဖမ်းဆီးရမိတာဖြစ်ပြီး မူးယစ်ဆေးဂိုဏ်းတွေဟာ နယ်စပ်အခြေစိုက် ပြည်သူ့စစ်အဖွဲ့တွေနဲ့ ဆက်စပ်နေကြောင်းနဲ့ ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးတွေနဲ့ မူးယစ်ဂိုဏ်းဝင်တွေကို အစိုးရဆီလွဲှ၊ မလွဲဆိုတာ အထက်လူကြီးတွေက ဆုံးဖြတ်မှာဖြစ်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကလည်း စိတ်ကြွဆေးပြား ခုနစ် သန်းလောက်နဲ့ မူးယစ်ဂိုဏ်းအဖွဲ့ဝင် ၅၃ ဦး ဖမ်းဆီးခဲ့ပါတယ်။ ဒီ ၅၃ ဦးမှာ မြန်မာနိုင်ငံသား ၃၉ ဦးနဲ့ ထိုင်းနိုင်ငံသား ၁၄ ဦးတို့ ပါဝင်ပါတယ်။

လက်ရှိ UWSA ရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးအခြေအနေကိုလည်း ဦးညီရန်းက အခုလို ဆက်ပြောပါတယ်။

“ဒီနောက်ပိုင်းဆိုရင်လည်း ကျနော်တို့ ဗဟိုဌာနချုပ်ကနေပြီးမှ မူးယစ်ဆေးဝါး အထူးစီမံချက်၊ နှိပ်နင်းရေးအဖွဲ့ဆို ဖွဲ့စည်းလာပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ အတတ်နိုင်ဆုံးပေါ့နော် ကင်းလှည့်တာတွေ၊ စောင့်ဖမ်းတာတွေ၊ သတင်းရရင် ရသလို ပိုက်စိတ်တိုက်လ ိုက်ရှာနေတယ်။ ဒီ ဝပြည်တောင်ပိုင်းမှာ ယိုးဒယားနဲ့ ထိစပ်တဲ့ ဧရိယာက ၄၀၀ ကီလိုမီတာလောက် ရှည်တဲ့အခါကျတော့လေ ကျနော်တို့ လုံး၀ hundred percent တားဆီးဖို့ ဆိုတာက အင်မတန်မှ ခက်ခဲတာပေါ့နော်။ ကျနော်တို့ တစ်ဖွဲ့တည်း အင်အားဆိုတာက ဘယ်လိုမှ မလုံလောက်ဘူးလေနော်။ အားလုံးဝိုင်းဝန်းပြီးမှ လုပ်ဆောင်မှ၊ တားဆီးမှ၊ နှိမ်နင်းမှ ပိုပြီးမှ အောင်မြင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်နော်။”

ထိုင်း၊ မြန်မာနယ်စပ်ဒေသမှာ မကြာခနဆိုသလို ထိုင်းနယ်ခြားစောင့်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ မူးယစ်ဂိုဏ်းတွေကို ပစ်ခတ် ဖမ်းဆီးတာတွေ ရှိပါတယ်။ ဒီလို ဖမ်းဆီးရမိတဲ့အခါတွေမှာ မူးယစ်ဆေးတွေဟာ ဝတပ်ဖွဲ့နဲ့ ဆက်စပ်ကြောင်း သတင်းထုတ်ပြန်လေ့ရှိတာ ဖြစ်ပါတယ်။

ရှမ်းပြည် မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ နာယက ဦးခွန်ဆိုင်းကတော့ လက်ရှိ ၀ တောင်ပိုင်း စိတ်ကြွဆေး ဖမ်းဆီးမှုအပေါ် အခုလို သုံးသပ်ပါတယ်။

“ဒီတဝိုက်မှာတော့ သုံးစွဲတာကိုတော့ သူတို့ တော်တော်ကြီး ဟန့်တားတယ်လို့ ပြောတာပေါ့နော်။ ဒါပေမဲ့ အခု ရောင်း ဝယ်တဲ့ ကိစ္စ၊ ရောင်းဝယ်တယ်ဆိုတာထက် သူတို့နယ်ထဲ ဖြတ်ပြီးတော့ သယ်ယူတဲ့ ကိစ္စကိုတော့ အခုဒီလို တင်းကျပ်လာတာတော့ ဒီတစ်ခေါက်ပဲ ကျနော်တို့ စကြားတာပေါ့ဗျာနော်။ အရင်တုန်းကတော့ မကြားပါဘူးဗျာနော်။ ဒီကိစ္စကလည်း ဟို တဘက်ကလည်း image ရုပ်သွင်းကို မြှင့်တင်ချင်တာလည်း ပါမယ်။ နောက်တစ်ခုကတော့ ဒီ မူးယစ်ဆေးသမားတွေကို လုပ်ချင်ရင် ဒီပြင်နယ်တွေမှာ သွားလုပ် ငါတို့နယ်ထဲ မလာနဲ့ဆို သတိပေးတဲ့ပုံစံလည်း ဖြစ်နိုင်တယ်။”

နိုင်ငံတကာက ရှမ်းပြည်နယ်အရှေ့ပိုင်း ရွှေတြိဂံဒေသကိုမူးယစ်ဆေး အများဆုံးထုတ်လုပ်တဲ့ ဒေသအဖြစ် သတ်မှတ်ထားပြီး၂၀၁၅ခုနှစ် ဇူလိုင်လအတွင်း ရန်ကုန်မြို့ မင်္ဂလာဒုံက ဇေကမ္ဘာဝင်းအတွင်း စိတ်ကြွဆေးပြား ၂၆ သန်း (အမေရိကန်ဒေါ်လာ သန်း ၁၀၀ကျော်ဖိုး) ကို ကွန်တိန်နာ ကုန်တင်ယာဉ် တစီးပေါ်ကနေ ပိုင်ရှင်မဲ့ ဖမ်းဆီးမှုကတော့ အမြင့်ဆုံး ဖမ်းဆီးရမိမှု တခု ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ မှာ ၁၉၉၉-၂၀၀၀ ခုနှစ်ကစပြီး မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် ၁၅ နှစ် စီမံကိန်း ချမှတ် အကောင်အထည်ဖော်ခဲ့ရာမှာ၂၀၁၄ အထိ ဘိန်းနဲ့ စိတ်ကြွဆေး ထုတ်လုပ်မှု ပမာဏ ဆက်လက် မြင့်လာနေတဲ့အတွက် စီမံကိန်းကာလကို နောက်ထပ် ငါး နှစ် တိုးမြှင့်ထားရပါတယ်။

သမ္မတ ဦးဝင်းမြင့် တာဝန်ယူပြီးနောက်မှာတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အထူးစီမံချက်နဲ့ ဆောင်ရွက်နေပြီး မူူးယစ်ဆေးနဲ့ပတ်သက်လို့ သတင်းပေးသူတွေကို ဆုငွေချီးမြှင့်ဖို့ပါ ထုတ်ပြန်ထားပါတယ်။

[Unicode Version]

















တိုက်ရိုက် လင့်ခ်
XS
SM
MD
LG