သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သားအသုံးပြုစဲ နိုင်ငံတွေထဲ မြန်မာ ပါဝင်


၂၀၁၈ ခုနှစ်အတွက် ကမ္ဘာတဝှမ်း လက်နက်ကိုင်ပဋိပက္ခတွင်း ကလေးစစ်သား အသုံးပြုမှုဆိုင်ရာ အစီရင်ခံစာအရ ကလေးငယ်ပေါင်း တသောင်းကျော် သေဆုံး ဒါမှမဟုတ် ထိခိုက်မှု ရှိနေတယ် ဆိုတာသိရတဲ့အတွက် အထူးတုန်လှုပ်မိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာတော့ တပ်မတော်ကရော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကပါ ကလေးစစ်သား စုဆောင်းမှုတွေ ရှိနေကြောင်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဆက်ရှိနေသမျှ ကလေးစစ်သား အသုံးပြုမှုဆက်ရှိနေမှာ ဖြစ်တဲ့အတွက် လက်နက်ကိုင် ပဋိပက္ခတွေ အမြန်ချုပ်ငြိမ်းအောင် လုပ်ဖို့ လိုအပ်တယ်လို့ အာရှလူ့အခွင့်ရေးအဖွဲ့က ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

၂၀၁၈ ဇန်နဝါရီလကနေ ဒီဇင်ဘာလအတွင်း ပဋိပက္ခတွင်း ကလေးစစ်သားအသုံးပြုမှု အတွက် ကုလသမဂ္ဂက ကောက်ယူခဲ့တဲ့စစ်တမ်း ကနေ အစီခံစာ ထုတ်ပြန်လိုက်တာ ဖြစ်ပြီး ဒီအစီရင်ခံစာက အတွင်းရေးမှူးချုပ်ကို အထူးတုန်လှုပ်စေခဲ့တယ်လို့ အတွင်းရေးမှူးချုပ်ရုံး လက်ထောက် ပြောခွင့်ရ Farhan Haq က ဇူလိုင်လ ၃၀ အင်္ဂါနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး အတွင်းရေးမှူးချုပ်ကို အထူးတုန်လှုပ်စေတာကတော့ မနှစ်က နိုင်ငံပေါင်း ၂၀ မှာ လက်နက်ကိုင်ပဋိပက္ခတွင်း ကလေးစစ်သား အသုံးပြုမှုကြောင့် ကလေးသူငယ် သေဆုံး ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရမှု အရေအတွက်က ယောင်္ကျားလေးနဲ့ မိန်းကလေး စုစုပေါင်း ၁၂၀၀၀ ကျော် အထိဖြစ်သွားပြီး ဒါဟာ မကြုံစဖူး သိပ်ကိုများနေတာကြောင့်ပါ။”

ဒါကြောင့် တိုက်ပွဲတွေဖြစ်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအားလုံး အနေနဲ့ ကုလသမဂ္ဂနဲ့ လက်တွဲ ဆောင်ရွက်ကြဖို့နဲ့ ကလေးသူငယ်တွေကို ကာကွယ်ဖို့ တာဝန်ရှိတယ်ဆိုတာ မမေ့ကြဖို့ လည်း တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာတဝှမ်း လက်နက်ကိုင်တိုင်ပွဲတွေအတွင်း ကလေးစစ်သားအသုံးပြုတဲ့ ဆိုးဝါးတဲ့ နိုင်ငံတွေထဲမှာ ဆိုမာလီယာ၊ ယီမင်၊ ဆီးရီးယား၊ အာဖဂန်နစ်စတန်နဲ့ တောင်ဆူဒန်တို့ပါ ပါဝင်ပြီး မြန်မာနိုင်ငံမှာလည်း ကလေးစစ်သား အသုံးပြုမှုတွေ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ကလေးစစ်သား အသုံးပြုနေတဲ့ နိုင်ငံတွေ အနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ ပဋိပက္ခတွင်း ကလေးစစ်သား အသုံးပြုမှုဆိုင်ရာ အထူးကိုယ်စားလှယ် Virginia Gamba က ပြောပါတယ်။

"ပြီးခဲ့တဲ့နှစ်က ငြိမ်းချမ်းရေး သဘောတူညီမှုတွေ ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို စံချိန်ချိုး ကျင်းပခဲ့ပါတယ်။ ယီမင်၊ မြန်မာ၊ တောင်ဆူဒန် စသဖြင့်တို့မှာ ပြုလုပ်ခဲ့ကြတာပါ။ကလေးတွေကို အကာအကွယ်ပေးဖို့ ကျမတို့ ဆောင်ရွက်နေကြသူတွေအနေနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ဆွေးနွေးကြဖို့ ကျမတို့ အနေနဲ့ Joint Action Plan ပူးတွဲအရေးယူတဲ့အစီအစဉ် သဘောတူ လက်မှတ်ရေးထိုးဖို့ နားချနိုင်ခြင်းအားဖြင့် အပြန်အလှန် ယုံကြည်မှု တိုးလာပြီး ကလေးတွေ ပြန်လွတ်မြောက်လာစေဖို့ ကိုလည်း အထောက်အကူပြုပါတယ်။ ဒါကြောင့် Joint Action Plan လုပ်ခြင်းအားဖြင့် ကလေးစစ်သားတွေ ပြန်လွတ်လာတာ တွေ့ရပါတယ်။”

အခုထုတ်ပြန်လိုက်တဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကလေးစစ်သားတွေကို စုဆောင်း အသုံးပြုနေတာနဲ့ အထူးသဖြင့် မြေမြှုပ်မိုင်းတွေ၊ စစ်ပွဲအကြွင်းအကျန် ပေါက်ကွဲ စေတဲ့ပစ္စည်းတွေနဲ့ လက်လုပ် ဖောက်ခွဲရေးပစ္စည်းတွေကြောင့် ကလေးတွေ ထိခိုက်ဒဏ်ရာရ နေတဲ့အပေါ် အထူး စိုးရိမ်ကြောင်း ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ဘက်အားလုံးက ကျူးလွန်တဲ့ ဆိုးရွားတဲ့ ချိုးဖောက်မှု တွေကို ပြစ်တင်ရှုတ်ချတဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။

ဆိုးရွားတဲ့ချိုးဖောက်မှုတွေအဖြစ် ဖော်ပြထားတဲ့ထဲမှာ ၂၀၁၈ ခုနှစ်အတွင်း တပ်မတော်က ကလေး ၇ ယောက်ကို စစ်သားအဖြစ် စုဆောင်းခဲ့ပြီး၊ ၆၄ ယောက်ကို စစ်သားတွေအဖြစ် အသုံးပြုနေခဲ့တဲ့ အကြောင်းနဲ့ အရင်တုန်းက ကလေးစစ်သား ၂၆ ယောက် စုဆောင်း ခဲ့တာကို ၂၀၁၈ ခုနှစ်မှာ အတည်ပြုနိုင်ခဲ့တယ် လို့လည်းဆိုပါတယ်။

လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေက ကလေးစစ်သားစုဆောင်းတဲ့ဖြစ်ရပ် ၁၁ ခုရှိခဲ့ပြီး ယောက်ျားလေး ၁၄ ယောက်၊ မိန်းကလေး ၃ ယောက်၊ စုစုပေါင်း ၁၇ ယောက်ကို ကလေးစစ်သားအဖြစ် အသုံးပြုနေတာ တွေ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။ ကလေး စစ်သားစုဆောင်းတဲ့ ဖြစ်ရပ်တွေထဲက ၉ ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကလုပ်ခဲ့တာဖြစ်ကြောင်းနဲ့ တအာန်း အမျိုးသား လွတ်မြောက်ရေးတပ် TNLA က ၁ ခု၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA က တခု လုပ်ခဲ့တာလို့ ဖော်ပြ ထားပါတယ်။ ဒါ့အပြင် ညီညွတ်သော ဝပြည် တပ်မတော် UWSA ပါဝင်ပတ်သက်တဲ့ ကလေးစစ်သားစုဆောင်းမှုဖြစ်ရပ် နှစ်ခုရှိတာကို မှတ်တမ်းတင်ထားတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Virginia Gamba ဟာ မနှစ်က ၂၀၁၈ မေလထဲမှာ မြန်မာနိုင်ငံကို ၂ ရက်ကြသွားရောက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တပ်မတော်က ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ပါ တွေ့ဆုံခဲ့တာပါ။

အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ကလေးစစ်သားစုဆောင်းမှု မရှိအောင်ကာကွယ်ဖို့နဲ့ အဆုံးသတ်စေဖို့ ကုလသမဂ္ဂနဲ့ ၂၀၁၂ ခုနှစ်တုန်းက လက်မှတ်ရေးထိုးခဲ့တဲ့ ပူးတွဲလုပ်ငန်းအစီအစဉ်ကို အကောင်ထည် ဖေါ်ဖို့ အပြင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေပြဌာန်းရေးကို ဦးစားပေး လုပ်ဆောင်ဖို့လည်း သူ့ရဲ့ ခရီးစဉ်အတွင်း တိုက်တွန်းခဲ့တယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဆက်ရှိနေသမျှ ကလေးစစ်သား အသုံးပြုမှုဆက်ရှိနေမှာ ဖြစ်တဲ့အတွက် လက်နက်ကိုင် ပဋိပက္ခတွေ အမြန်ချုပ်ငြိမ်းအောင် လုပ်ဖို့ လိုအပ်တယ်လို့ အာရှလူ့အခွင့်ရေးအဖွဲ့က ရှေ့နေဦးမင်းလွင်ဦးက ပြောပါတယ်။

" ကလေးစစ်သားတွေ မစုဆောင်းနိုင်အောင် ပြည်တွင်းစစ် အမြန်ရပ်စဲဖို့ လိုတာပေါ့နော်။ ပြည်တွင်းစစ် မငြိမ်းချမ်းသေးလို့သာ ကလေးစစ်သားတွေ ပေါ်ပေါက်နေရတာဖြစ်တယ်။ ပြည်တွင်းစစ် ဖြစ်တဲ့အခါမှာ တိုင်းရင်းသားနယ်မြေတွေမှာ တိုင်းရင်းသားတွေဘက်ကလည်း မိဘတွေ ဆုံးပါးသွားတာတွေရှိတယ်။ နောက်ပိုင်းကျတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နီးစပ်တဲ့အခါကျတော့ ကလေးတွေကိုယ်တိုင်က လက်နက်တွေနဲ့ ယဉ်ပါးပြီးတော့ စစ်သားတွေအဖြစ် တိုင်းရင်းသား အဖွဲ့အစည်းတွေမှာတော့ စုဆောင်းယူတာတွေ ကျနော်တို့ တွေ့ရတယ်။ တပ်မတော်မှာကျတော့ ထိုနည်းတူစွာပဲ တိုက်ပွဲတွေဖြစ်ပွားတဲ့အခါမှာ ကျန်ရစ်ခဲ့တဲ့ ကလေးတွေကို စောင့်ရှောက်ထိန်းသိမ်းရာကနေပြီးမှ လူငယ်တွေအတွက် သင်တန်းတွေပေးရင်းကနေပြီးတော့ အခုအချိန်အထိ တပ်မတော်ထဲမှာလည်း ရှိနေတယ်။”

မြန်မာနိုင်ငံမှာ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေသလို ရှမ်း၊ ကချင်နဲ့ ရခိုင်ပြည်နယ်တွေ မှာတော့ တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ တွေ့ရကြောင်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ်တွေအတွင်း တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်တွေကြား ၂၀၁၈ နှစ်မကုန်ခင်ကစပြီး ခုချိန်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေသလို ARSA ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့ကလည်း တပ်မတော်နဲ့ နယ်ခြားစောင့်တပ်တွေကို ဝင်ရောက်တိုက်ခိုက်မှုတွေ ရှိနေကြောင်း လည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG