သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို ကလေးစစ်သားသုံးစာရင်းက ဖယ်ဖို့ ကန်စဉ်းစားမှု HRW ဝေဖန်


တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တခုတွင် တွေ့ရသည့် ကလေးစစ်သား (မှတ်တမ်းပုံ)
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တခုတွင် တွေ့ရသည့် ကလေးစစ်သား (မှတ်တမ်းပုံ)

အမေရိကန်အစိုးရက မြန်မာနိုင်ငံကို ကလေးစစ်သားအသုံးပြုတဲ့ နိုင်ငံများစာရင်းကနေ ပယ်ဖျက်ဖို့ စဉ်းစားနေတာဟာ အချိန်မတန်သေးတဲ့ လုပ်ရပ်ဖြစ်ကြောင်း HRW အဖွဲ့က ဝေဖန်လိုက်ပါတယ်။ မြန်မာနဲ့ အီရတ်ကို ကလေးစစ်သား အသုံးပြုတဲ့နိုင်ငံတွေ စာရင်းကနေ ပယ်ဖျက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် တုန့်ပြန်လိုက်တာ ဖြစ်ပါ တယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ကလေးစစ်သား စုဆောင်းမှုတွေ ရှိနေသေးတဲ့ မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင် စုက အခုလို ကလေးစစ်သားအသုံးပြုတဲ့ နိုင်ငံများ စာရင်းကနေ ပယ်ဖျက်ဖို့ စဉ်းစားနေ တာဟာ မလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW ကရှုမြင်ကြောင်း HRW ပြောခွင့်ရပုဂ္ဂိုလ် Mr. John Sifton ကပြောပါတယ်။

“ မြန်မာနိုင်ငံရဲ့ ကလေးစစ်သား စုဆောင်းမှုနဲ့ ပတ်သက်တဲ့ မှတ်တမ်းဟာ ခုထိ မကောင်းသေးပါဘူး။ မကြာသေးခင်ကပဲ မြန်မာ နိုင်ငံမှာ ကလေးစစ်သား စုဆောင်း မှုတွေ ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောခဲ့တာမို့ အခုလို ပယ်ဖျက်ပေးမယ် ဆိုတာဟာ မသင့်တော်သေး ပါဘူး ”

မြန်မာနိုင်ငံမှာ ကလေးစစ်သားစုဆောင်းခံရတဲ့ အခြေအနေတချို့လျော့နည်းလာပေမယ့် ဒီလို ရုပ်သိမ်းလိုက်မယ်ဆိုရင် ကလေးသူငယ်တွေ ကျွန်ပြုခံရတာမျိုး၊ လူ့အခွင့်ရေး အချိုးဖေါက်ခံရတာမျိုးတွေ ပိုများလာနိုင်တယ်လို့ HRW ကပြောပါတယ်။ အမေရိကန် အစိုးရက မြန်မာနိုင်ငံကို ကလေးစစ်သားအသုံးပြုတဲ့ နိုင်ငံစာရင်းထဲ ထည့်ထားရတာဟာ ဒီမိုကရေစီလမ်းကို လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံအတွက် စစ်တပ်က ထိန်းချုပ်ထားဆဲ အနေအထားကို ထိန်းညှိနိုင်တဲ့ တခုထဲသော နည်းလမ်းဖြစ်နေတာမို့ အခုလို စာရင်းကနေ ပယ်ဖျက်ပေးဖို့ အချိန်မတန် သေးဘူးလို့လည်း Mr. Sifton ကပြော ပါတယ်။

“ ဒါဟာ စစ်တပ်ကြီးစိုးနေတဲ့ မြန်မာနိုင်ငံအပေါ် ထိန်းညှိဖို့ လုပ်ထား တာတွေထဲက ကျန်နေသေးတဲ့ တခုထဲသော ဒဏ်ခတ်မှုပါ။ သူတို့ရဲ့လုပ်ရပ်အပေါ် အမေရိကန်က မီးစိမ်းပြပြီလို့မြန်မာစစ်တပ်ကို အချက်ပြတာမျိုး မဖြစ်စေဖို့ သိပ်ကိုအရေးကြီးပါတယ်။ လက်ရှိမှာ မြန်မာစစ်တပ်ကို အမေရိန်က စစ်ရေးအကူအညီ ကြီးကြီးမားမား မပေးသေး တာဟာ၊ ဒီကလေးစစ်သား အသုံးပြုတဲ့ နိုင်ငံစာရင်းထဲမှာ ပါနေ တာကြောင့်ပါ။ ဒါ မရှိတော့ရင် အမေရိကန်စစ်တပ်က မကြာခင်မှာပဲ မြန်မာစစ်တပ်ကို အကူညီ ကြီးကြီးမားမား ပေးဖို့ရှိတာမို့ ဒါဟာ လုံး၀ အချိန်မတန်သေးတဲ့ ကိစ္စဖြစ်ပါတယ်။”

မြန်မာနိုင်ငံကို ကလေးစစ်သားအသုံးပြုတဲ့ နိုင်ငံများ စာရင်းကနေ ပယ်ဖျက်ဖို့ဆိုတဲ့ သတင်းတွေထွက်ပေါ် မလာခင်လေးမှာပဲ ဇွန်လ(၂၀) ပြီးခဲ့တဲ့ အင်္ဂါနေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson တို့ တယ်လီဖုန်း ဆက်သွယ် ပြောဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရတပ်ကရော သူပုန်တပ်တွေကပါ ကလေးစစ်သား စုဆောင်း အသုံးပြုနေကြပါတယ်။ မြန်မာအစိုးရဟာ ၂၀၁၂ ခုနှစ်မှာ ကလေးစစ်သားအသုံးပြုမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂနဲ့စာချုပ် ချုပ်ဆိုခဲ့ချိန်ကစပြီး တာဝန်ထမ်းဆောင်နေတဲ့ ကလေးစစ်သား စုစုပေါင်း ၈၄၉ ယောက်ကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG