သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သားတားမြစ်မှု ပဲရစ်ကျင့်ဝတ် မြန်မာလက်မှတ်ထိုး


ကလေးစစ်သားအသုံးပြုမှုကို တင်တင်းကြပ်ကြပ်တားမြစ်ထားတဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပဲရစ်ကတိကဝတ်နဲ့ကျင့်ဝတ်သဘောတူညီချက်ကို မြန်မာနိုင်ငံက လက်မှတ်ထိုးလိုက်ပါပြီ။ အစိုးရရဲ့လုပ်ဆောင်ချက်အပေါ်မှာ လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ကြပြီး၊ ကလေးစစ်သားအသုံးပြုမှုတွေအပေါ် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ အစိုးရမှာ ပိုပြီး တာဝန်ရှိလာတယ်လို့ ထောက်ပြကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ကိုမိုးဇော ်စုံစမ်းမေးမြန်ပြီး သတင်းပေးပို့ထားပါတယ်။

ပဲရစ်ကတိကဝတ်နဲ့ ကျင့်ဝတ်တွေ စတင်အတည်ပြုတဲ့ ၁၀နှစ်ပြည့်ညီလာခံကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဒီလ ၂၁ရက်နေ့က ကျင်းပခဲ့ပြီး ဒီညီလာခံကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

ဒီညီလာခံ တက်ရောက်စဉ်မှာ ပြည်ထောင်စုဝန်ကြီးက ကလေးစစ်သားပပျောက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ပြီး မြန်မာနိုင်ငံက ဆောင်ရွက်နေမှုတွေကို ရှင်းလင်းခဲ့သလို ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပဲရစ်ကတိကဝတ်နဲ့ ကျင့်ဝတ်အပေါ် မြန်မာပြည်က သဘောတူအတည်ပြုကြောင်းလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။

အခုလို လက်မှတ်ရေးထိုးလိုက်တဲ့အပေါ် မြန်မာနိုင်ငံက လူ့အခွင့်အရေးအဖွဲ့အစည်းတခုဖြစ်တဲ့ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ကြိုဆိုကြောင်း ပြောဆိုပြီး လက်တွေ့အကောင်အထည်ဖော်ဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

“စိတ်ရင်းစေတနာအမှန်ကို ပြသခြင်းအနေနဲ့ လက်မှတ်ရေးထိုးတာကိုတော့ ကျနော်ကြိုဆိုပါတယ်။ ဒီလောက်နဲ့ မဟုတ်ပဲနဲ့ အမှန်တကယ် အကောင်အထည်ဖော်ပါလို့လည်း တိုက်တွန်းချင်ပါတယ်။”

Paris Principle ခေါ် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပဲရစ်ကတိကဝတ်နဲ့ ကျင့်ဝတ် နဲ့ပတ်သက်ပြီး အဓိက တာဝန်ရှိမှုအပိုင်းကို ဦးအောင်မျိုးမင်းက အခုလို ရှင်းလင်းပြောဆိုပါတယ်။

“အဓိကတော့ ကလေးစစ်သားအသုံးပြုမှုကို တပ်မတော်အတွင်းမှာ လုံးဝမရှိအောင်လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီလိုနေရာမျိုးမှာ လက်နက်ကိုင်တပ်ဖွဲ့တွေအတွင်းမှာလည်း ကလေးစစ်သားတွေ ပပြောက်ဖို့အတွက် အစိုးရဘက်က လိုအပ်သလို တင်ပြပြောဆိုမှုတွေ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးက ကလေးစစ်သားတွေအားလုံးကို တပ်ကနေ ပြန်လည်ပြောင်းရွှေ့နိုင်ဖို့ မိခင်နေရပ်ရင်းကို ပြန်လည်ရောက်ရှိဖို့အတွက် အစီအစဉ်တွေကို ရေးဆွဲပေးတာ၊ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာကိုလည်း တာဝန်ယူပေးရပါမယ်။ နောက်ထပ်တခုကတော့ ကလေးစစ်သားအသုံးပြုနေတဲ့လူတွေကို ထိရောက်စွာအရေးယူတာတွေ၊ ကလေးစစ်သားနဲ့ ပတ်သက်ပြီးတော့ အသုံးပြုမူကို သူတို့အမြင်တွေပြောင်းလာဖို့အတွက် အသိပညာပေးတဲ့ကိစ္စတွေ မဖြစ်မနေ လုပ်ဆောင်ပေးဖို့ တာဝန်ရှိပါတယ်။”

Paris Principle ကိုလက်မှတ်ရေးထိုးပြီးတဲ့နောက်မှာ ကုလသမဂ္ဂရဲ့ ကလေးအခွင့်အရေးဆိုင်ရာစာချုပ် CRC ရဲ့ နောက်ဆက်တွဲစာချုပ်ကို ပဏာမ လက်မှတ် ရေးထိုးရုံသာမက သဘောတူ အတည်ပြုဖို့ လိုအပ်လာကြောင်းလည်း ထောက်ပြပါတယ်။

“ကုလသမဂ္ဂရဲ့ ကလေးအခွင့်အရေးဆိုင်ရာစာချုပ်ရဲ့ နောက်ဆက်တွဲမှာ လက်နက်ကိုင် ပဋိပက္ခအတွင်းမှာရှိတဲ့ ကလေးများကို ကာကွယ်ပေးရမယ်ဆိုတဲ့ နောက်ဆက်တွဲစာချုပ်တခုရှိပါတယ်။ အဲဒီစာချုပ်ကို မြန်မာနိုင်ငံက ပဏာမ လက်မှတ် sign လုပ်ထားပြီးသားဖြစ်ပါတယ်။ အမှန်တော့ အတူတူပါပဲခင်ဗျ။ နီးစပ်မှုတွေအများကြီးရှိပါတယ်။ဒါပေမယ့် ဟိုဟာကတော့ ကုလသမဂ္ဂအောက်မှာရှိပြီး လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေအားလုံးကနေ လေးစားရမယ်။ အဲဒီတော့ ဒီ Paris Principle ကတော့ ဥပဒေအရ ချုပ်နှောင်မှုတွေမကပဲနဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွေ ပိုမိုလုပ်ဆောင်ရမယ်ဆိုတဲ့အချက်တွေ ပါဝင်တာ ထူးခြားချက်တခုဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့နိုင်ငံက ပထမစာချုပ် ကုလသမဂ္ဂရဲ့CRC စာချုပ်ကို အတည်ပြုပြဌာန်းမှာ မဟုတ်ပဲနဲ့ ၊ ပဏာမပဲ လက်မှတ်ထိုးထားတာနဲ့ မလုံလောက်တော့ပါဘူး။ Paris Principle ကိုလက်မှတ်ရေးထိုးတဲ့အတွက်ကြောင့် CRC ရဲ့နောက်ဆက်တွဲစာချုပ်ကိုလည်း အမြန်ဆုံး အတည်ပြုလက်မှတ်ရေးထိုးဖို့၊ Ratification လုပ်ဖို့ လိုအပ်နေပါပြီ။”

Paris Principle ခေါ် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပဲရစ်ကတိကဝတ်နဲ့ ကျင့်ဝတ် ဟာ လက်နက်ကိုင်ပဋိပက္ခအတွင်းရှိ ကလေးသူငယ်များကာကွယ်ရေး နဲ့ ကလေးစစ်သားအသုံးပြုမှုကို ကာကွယ်တားဆီးပြီး ပြန်လည်နေရာချထားရေး၊ ပြန်လည်ပြုစုပျိုးထောင်ရေးကို အဓိက ဆောင်ရွက်ဖို့ ရေးဆွဲထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ကုလသမဂ္ဂရဲ့ ကလေးစစ်သားပပျောက်ရေးဆိုင်ရာစာချုပ်ကို ၂၀၁၂ခုနှစ်မှာ လက်မှတ်ရေးထိုးပြီးတဲ့နောက်မှာ မြန်မာတပ်မတော်အတွင်းက ကလေးစစ်သား ၈၀၀ကျော် ကို ပြည်လည်လွှတ်ပေးခဲ့သလို ကလေးစစ်သားစုဆောင်းသူအရာရှိ ၈၀ကျော်နဲ့ ၄၀၀ကျော်ကိုလည်း အရေးယူတာတွေ ရှိခဲ့ပါတယ်။

ကလေးသူငယ်တွေ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပတ်သက်ပါဝင်မှုကို တင်းတင်းကြပ်ကြပ်တားမြစ်ထားတဲ့ ဒီ ပဲရစ်ကတိကဝတ်နဲ့ ကျင့်ဝတ်သဘောတူညီချက်ကို မြန်မာအစိုးရက လက်မှတ်ရေးထိုးလိုက်တဲ့အပေါ် UNICEF ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ကလည်း ကြိုဆိုကြောင်း သဘောထားထုတ်ပြန်ကြေညာခဲ့ပြီး၊ ကလေးစစ်သားအသုံးပြုမှုတားဆီးရေးအတွက် ပိုပြီး သေချာတဲ့ ဆောင်ရွက်ချက်တရပ်ဖြစ်တယ်လို့ မြန်မာအစိုးရကို ချီးကျူးခဲ့ပါတယ်။

ဒါ့အပြင် ဒီအဆင့်မှာတင်မရပ်ပဲ ကလေးစစ်သားစုဆောင်းအသုံးပြုမှုတွေကို ထိထိရောက်ရောက်အရေးယူကိုင်တွယ်နိုင်ဖို့ မြန်မာနိုင်ငံကလေးသူငယ်များဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲဖို့နဲ့ ကုလသမဂ္ဂ ကလေးအခွင့်အရေးသဘောတူညီချက်ဆိုင်ရာ နောက်ဆက်တွဲစာချုပ်စာတမ်းကိုပါ လက်မှတ်ထိုးဖို့ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG