သုံးရလွယ်ကူစေသည့် Link များ


ဗမာအစိုးရတပ်ကို အပြည်ပြည်ဆိုင်ရာ စစ်ပညာရေးရာတွေ သင်ကြားရေးနဲ့ လေ့ကျင့်ရေးအတွက် (၂၀၀၈) က ပြဌာန်းထားတဲ့ ကလေးစစ်သားတားမြစ်ရေး ဥပဒေ Child Soldier Prevention Act ကို မြန်မာပြည်မှာ အသုံးမပြုတော့ဘူးလို့ စက်တင်ဘာလ (၂၈) ရက်နေ့က အမေရိကန်သမ္မတ အိုဘားမား က ကြေညာပါတယ်။ ဒါဟာ မြန်မာပြည်က ကလေးစစ်သားတွေကို အမေရိကန်အစိုးရ လစ်လျူရှုတာ ဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။ အောက်တိုဘာ (၇) ရက်နေ့က ဒဏ်ခတ်မှု ရုတ်သိမ်းတဲ့အခါမှာ မူးယစ်ဆေးဝါးမပါသလို စစ်တပ်ကို ခြွင်းချက်ပေးသင့်တယ်လို့ မြင်ကြပါတယ်။

အသက် (၁၈) နှစ် မပြည့်တဲ့ ကလေးတွေကို တပ်သားအဖြစ် လက်ခံထားတဲ့လုပ်ရပ်ကို ထိထိရောက်ရောက် အရေးယူဖို့ (၁၂) ဦး ကော်မတီကို သမ္မတဦးထင်ကျော်က လွန်ခဲ့တဲ့ မေလ (၁၁) ရက်နေ့က ဖွဲ့စည်းပါတယ်။ ဒါပေမဲ့ ဒီကော်မတီ မဖွဲ့မီကတည်းက ကလေးစစ်သားကိစ္စမှာ နာမည်ကောင်းရဖို့ စစ်တပ်က ကြိုးပမ်းလာပုံ ရပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ကလေးစစ်သား (၇၀၀) ကျော်ကို ထွက်ခွင့်ပြုပြီး ကလေးစစ်သား စုဆောင်းမှုနဲ့ အရေးယူခံရတဲ့ စစ်မှုထမ်းတွေ ရှိတာကို မတ်လမှာ မြဝတီသတင်းဌာနက ကြေညာပါတယ်။ ငါးနှစ်အတွင်း ကလေး (၈၀၀) ကျော် တပ်ကထွက်ခွင့် ပေးပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့အသီးသီး ကလေးစစ်သားစုဆောင်းပုံကို လန်ဒန်အခြေစိုက် Child Soldiers International အဖွဲ့က A Law Unto Themselves ဆိုတဲ့ အစီရင်ခံစာ မကြာမီက ထုတ်ပြန်ထားပါတယ်။ လက်နက်ကိုင် ပဋိပက္ခမှာ ပါဝင်တဲ့ တပ်ဖွဲ့ (၅၀) လောက်ဟာ ကလေးစစ်သား အသုံးပြုကြတယ်လို့ ဆိုပါတယ်။ အာဖရီက နဲ့ အရှေ့ အလယ်ပိုင်းဒေသက လက်နက်ကိုင်အုပ်စုတွေဟာ ကလေးစစ်သား အသုံးများပြီး အာရှမှာ မြန်မာနဲ့ ဖိလစ်ပိုင်ဟာ ကလေးစစ်သား အများဆုံး သုံးတယ်လို့ သိရပါတယ်။ KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့က ငြင်းဆိုပေမယ့် KIA ကြီးစိုးတဲ့အရပ်မှာ တအိမ်တယောက်နှုန်းနဲ့ စစ်သားစုဆောင်းတာမို့ ကလေးတွေ စစ်ထဲရောက်ကုန်တယ်လို့ ဆိုပါတယ်။ KNLA ကရင်လွတ်မြောက်ရေးတပ်ဖွဲ့ နဲ့ ဝတပ်ဖွဲ့ဟာလည်း ကလေးစစ်သားတွေကို အသုံးပြုကြကြောင်း သိရပါတယ်။

လွန်ခဲ့တဲ့နှစ်က ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF အဖွဲ့ဟာ ပန်ဆန်းကို သွားရောက်ပြီး ဝ ပြည်နယ်သွေးစည်းညီညွှတ်ရေးအဖွဲ့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပါတယ်။ အစိုးရတပ်အပါအဝင် ကလေးစစ်သားသုံးတဲ့ တပ်ဖွဲ့ရှစ်ဖွဲ့ထဲမှာ ဝ ပါ ထည့်ထားတာကို ဝ က လက်ခံပါတယ်။ ကလေးတွေကို တာဝန်ယူမယ့်လူမရှိလို့ တပ်ထဲသွင်းရတာလို့ ဝ တို့က ဆိုပါတယ်။ ကူညီတဲ့အနေနဲ့ တပ်က စောင့်ရှောက်ထားရင်း ကလေးစစ်သား ဖြစ်လာရတာလို့ ဆိုပါတယ်။ စစ်တိုက်တဲ့အဖွဲ့တွေမှာ ကလေးစစ်သား အနည်းနဲ့အများ ရှိတတ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ပုန်ကန်ထကြွတဲ့ သူပုန်အဖွဲ့ (၃) ဖွဲ့မှာ ကလေးစစ်သား တစ်ထောင်ကျော် ရှိနိုင်ပြီး သီရိလင်္ကာပြည်တွင်းစစ်မှာ ကလေးစစ်သား (၆၀၀၀) အထိ ရှိခဲ့ပါတယ်။ ပထမနဲ့ ဒုတိယ ကမ္ဘာစစ်မှာလည်း ကလေးစစ်သား သိန်းနဲ့ချီပြီး ပါဝင်ခဲ့ပါတယ်။

ဘဝရှင်သန်ဖို့အတွက် ကလေးဘဝမှာ တပ်ထဲရောက်သွားပြီး စစ်သားဖြစ်လာသူတွေ ရှိပါတယ်။ မိဘမဲ့ကလေးကို မွေးမြူးပြီး စစ်သားလုပ်ခိုင်းတာ ဖြစ်ပါတယ်။ စစ်သားမွေးမြူးရေးစခန်းကို ရဲညွှန့်လို့ အမည်ပေးထားတာမို့ လူငယ်အသင်းလိုလို ထင်ယောင်ထင်မှား ဖြစ်နိုင်ပါတယ်။ ငါးနှစ်သားကနေ ဆယ့်ငါးနှစ်သားအထိ ရဲညွှန့်ကျောင်းမှာမွေးပြီး (၁၆) နှစ်အရွယ်မှာ စစ်သားအဖြစ် စုဆောင်းခံရပါတယ်။ မဆလခေတ်မှာ ရဲညွှန့်ကျောင်း ခေတ်စားပါတယ်။ ဝတပ်ဖွဲ့မှာလည်း ရဲညွှန့်ပုံစံအတိုင်း စစ်သားမွေးမြူးရေး လုပ်ထားတာ ဖြစ်ပုံရပါတယ်။ ကလေးစစ်သားဟာ လုံးဝအမိန့်နာခံတဲ့အတွက် လူကြီးစစ်သားထက်ပိုပြီး ခိုင်းကောင်းတယ်လို့ သတ်မှတ်ကြပါတယ်။ ကလေးကို နည်းမျိုးစုံနဲ့ စည်းရုံးသိမ်းသွင်းပြီး စစ်တိုက်ခိုင်းသူဟာ လူကြီးဖြစ်တဲ့အတွက် ကလေးစစ်သားပပျောက်ရေးဟာ လူကြီးရဲ့  တာဝန်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကလေးကို တပ်ထဲသွင်းပြီး စစ်တိုက်ခိုင်းတာဟာ ပြည်တွင်းပြည်ပ ဥပဒေကို ချိုးဖျက်တာဖြစ်လို့ ရာဇဝတ်မှု ကျူးလွန်တာနဲ့ အတူတူပါ။ မြန်မာ့ကာကွယ်ရေးအက်ဥပဒေ နဲ့ ကုလသမဂ္ဂ ကလေးအခွင့်အရေး ဥပဒေအရ အသက် (၁၈) နှစ်မပြည့်ရင် စစ်မှုထမ်းခွင့် မရှိပါဘူး။ ၁၉၅၉ ပြည်သူ့စစ် အက်ဥပဒေနဲ့ (၂၀၁၀) ပြည်သူ့စစ်မှုထမ်း ဥပဒေမှာလည်း အသက် (၁၈) နှစ် ပြည့်သူကိုသာ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခွင့် ရှိတယ်လို့ ဆိုပါတယ်။ အစိုးရတပ်ထဲ ကလေးစစ်သား ရှိနေတာဟာ မှားယွင်းစုဆောင်းမှုကြောင့် ဖြစ်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက အောက်တိုဘာလ (၃) ရက်နေ့က ဆင်ခြေပေးပါတယ်။

လွန်ခဲ့တဲ့ သြဂုတ်လအထိ စစ်ဗိုလ် (၈၁) ယောက်နဲ့ စစ်သား (၄၀၂) ယောက်ကို ကလေးစစ်သား စုဆောင်းမှုနဲ့ စစ်တပ်က အရေးယူခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာပြည်မှာ ကျောင်းမနေနိုင်တဲ့ ကလေးသူငယ်တွေ သန်းနဲ့ချီ ရှိနေတာမို့ ရရာအလုပ်ဝင်လုပ်ကြနေတဲ့ ကလေးတွေ အများကြီး ရှိပါတယ်။ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာဒေသမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ အမြဲတမ်း စစ်သားစုဆောင်းနေရပါတယ်။ စစ်တိုက်ချင်တဲ့ လူငယ်ဦးရေ နည်းပါလာလေလေ ကလေးစစ်သားကို အသုံးများလာလေလေ ဖြစ်နေပုံ ရပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးရမှပဲ ကလေးစစ်သားဦးရေ နည်းပါးလာဖွယ် ရှိပါတယ်။

XS
SM
MD
LG