သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀တပ်ဖွဲ့ လက်နက်မချဖို့ ဆုံးဖြတ်


၀တပ်ဖွဲ့ လက်နက်မချဖို့ ဆုံးဖြတ်
၀တပ်ဖွဲ့ လက်နက်မချဖို့ ဆုံးဖြတ်

စစ်အစိုးရက ဖိအားပေး တောင်းဆိုမှုတွေ ရှိနေပေမဲ့လည်း အင်အားကြီး လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) က လက်နက်စွန့်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း စစ်အစိုးရနဲ့ ဆွေးနွေးမှုကိုတော့ ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ ဌာနချုပ် ပန်ဆန်းမြို့မှာ ၅ ရက်ကြာ နှစ်ချုပ်အစည်းအဝေးပွဲ ကျင်းပရာမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီလ ၁၆ ရက်နေ့က စတင်ကျင်းပခဲ့ပြီး တနင်္ဂနွေနေ့ကမှ အဆုံးသတ်သွားတဲ့ ညီလာခံအတွင်း ဆွေးနွေး ပြောဆိုမှုတွေအကြောင်း ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) က ၂၀၁၀ နှစ်ချုပ် စုံညီ အစည်းအဝေးကို ၅ ရက်ကြာ ကျင်းပခဲ့ပြီး စစ်အစိုးရနဲ့ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပေမဲ့ လက်နက်ချဖို့ ရည်ရွယ်ချက် မရှိကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့က ပြီးဆုံးသွားတဲ့ အစည်းအဝေး နောက်ဆုံးရက်မှာတော့ ကျန်းမာရေး မကောင်းလို့ မတက်ရောက်နိုင်တဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်းကိုယ်တိုင် လာရောက်ပြီး အပိတ်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ဒီမိန့်ခွန်းထဲမှာ ပါတီဝင်တွေ အားလုံးအနေနဲ့ စည်းစည်းလုံးလုံး ရှိကြဖို့ ပြောဆိုပြီး ပါတီအနေနဲ့ လက်နက်ချမှာ မဟုတ်တဲ့အကြောင်း ထည့်သွင်း ပြောကြားခဲ့တယ်လို့ ဝပြည် သွေးစည်းညီညွတ်ရေးပါတီနဲ့ နီးစပ်သူ ဦးအောင်ကျော်ဇောက ပြောပါတယ်။

“ဒုတိယ အရေးကြီးတဲ့အချက် အနေနဲ့ ပြောတာကတော့ ဒီ ဝသပရဲ့ ဒေသထဲမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံ စုစုပေါင်း ၅၀၀,၀၀၀ ကျော်ရှိတဲ့ ပြည်သူအပေါင်းရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်နေတဲ့ ဝတပ်မတော်ရဲ့ သေနတ်တလက် ကျည်ဆံတတောင့် မအပ်နိုင်ဘူး။ ဒါဟာ မိမိတို့ ဗဟိုက ပြည်သူပေါင်း ၅၀၀,၀၀၀ ကျော်ရဲ့ အသက်အိုးအိမ် စည်းစိမ်ကို လုံး၀ တာဝန်ယူထားတဲ့အတွက် ဒီလိုပဲ ရပ်ခံပြောဆိုမှာ ဖြစ်တယ်။ ကျည်ဆံတတောင့် သေနတ်တလက် မအပ်နိုင်ပါဘူး။

“အလားတူပဲ ဝသပရဲ့ အလံအောက်မှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံရဲ့ အကျိုးစီးပွားအတွက် ဝသပရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ဒေသကြီးကို ဘယ်လိုနည်းနဲ့မှ မြေတလက္မကို မအပ်နိုင်ဘူး။ အဲဒီအချက် ၂ ချက်က အခြေခံ အချက်အလက် ဖြစ်တယ်လို့ ဥက္ကဋ္ဌက လမ်းညွှန် ပြောသွားတယ်။”

ဝပြည် သွေးစည်းညီညွတ်ရေးပါတီဟာ ဒီလမ်းညွှန်ချက်ကို အခြေခံပြီး တန်းတူညီမျှခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် မြန်မာအစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစုံညီအစည်းအဝေးမှာ ၂၀၀၅-၂၀၁၀ စတုတ္ထ ၅ နှစ်စီမံကိန်း ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာ လုပ်ငန်း အစီရင်ခံစာတွေ တင်ခဲ့သလို ၂၀၁၁ ကနေ စတင်မယ့် ပဉ္စမ ၅ နှစ် စီမံကိန်းဆိုင်ရာ လုပ်ငန်းစဉ်တွေကို ဆွေးနွေး ပြင်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီပြင်ဆင်မှုတွေထဲမှာတော့ မြန်မာစစ်အစိုးရနဲ့ ဆက်လက် ဆွေးနွေးသွားမယ် ဆိုတာကိုလည်း ပြန်လည် ထည့်သွင်းခဲ့တယ်လို့ ဦးအောင်ကျော်ဇောက ပြောပါတယ်။

“အဓိကကတော့ သူတို့က ၂၀၁၁ မှာ စစ်အစိုးရနဲ့ မူလသတ်မှတ်ချက်အတိုင်း စကားပြောဖို့ ရှိတာပေါ့ဗျာ။ သူတို့ဘက်ကတော့ ပြောဖို့ ပြင်ဆင်မှု ရှိတာပေါ့။ နိုင်ငံရေးအရ ဆိုရင်တော့ မြန်မာအစိုးရနဲ့ စကားပြောဖို့ ပြင်ဆင်မှု လုပ်ထားတယ်။ တဘက်ကတော့ ကိုယ့်ကိုလာတိုက်ရင် ခုခံကာကွယ်ဖို့ စစ်ရေးနဲ့ နိုင်ငံရေး နှစ်ဘက်လုံး ပြင်ဆင်တာပေါ့ဗျာ။ တပ်ဆိုင်ရာ ပြင်ဆင်မှုကတော့ ၂၀၀၉ ကတည်းက တလျှောက်လုံး လုပ်လာခဲ့တာပဲ။ တဖြည်းဖြည်းမွမ်းမံ၊ ပိုမိုကျစ်လျစ် ခိုင်မာတဲ့ဟာဖြစ်ဖို့ ပြင်ဆင်တာပေါ့။ အဲဒါ အဓိကပါပဲ။”

ဝပြည် သွေးစည်းညီညွတ်ရေးပါတီဟာ မြန်မာစစ်အစိုးရနဲ့ မပြေမလည် ဖြစ်နေခဲ့တဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စကို ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရသစ်နဲ့ ငြိမ်းချမ်းစွာ ဆွေးနွေး ဖြေရှင်းသွားမယ်လို့ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလက ကြေညာချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရက ရွေးကောက်ပွဲ မတိုင်ခင်မှာ တိုင်းရင်းသား အပစ်ရပ် အဖွဲ့အစည်းတွေ လက်နက်ချဖို့ တောင်းဆိုတာတွေ ရှိခဲ့တဲ့အတွက် လက်နက်ကိုင် ပဋိပက္ခတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

စုံညီအစည်းအဝေး ကာလအတွင်းမှာ ဝတပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ်နဲ့ တပ်မှူးတွေဟာ လတ်တလော ဖြစ်ပွားနေတဲ့ ရှမ်းပြည်တပ်မတော် SSA နဲ့ စစ်အစိုးရကြား တိုက်ပွဲတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုသစ် အကြောင်းကို ဆွေးနွေးတာတွေ ရှိပေမဲ့ ပြင်ပကို သတင်းထုတ်ပြန်တာတော့ မရှိဘူးလို့ ဦးအောင်ကျော်ဇောက ပြောပါတယ်။

ဝပြည် သွေးစည်းညီညွတ်ရေးပါတီရဲ့ ဒေသအသီးသီးက ကိုယ်စားလှယ်တွေနဲ့ တပ်ရင်း တပ်ဖွဲ့ အသီးသီးက ကိုယ်စားလှယ် ၃၀၀ ကျော် တက်ရောက်ခဲ့တဲ့ ဒီစုံညီအစည်းအဝေးအတွင်း ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့အတွက် ဝပြည် သွေးစည်းညီညွတ်ရေးပါတီက တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။

XS
SM
MD
LG