သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလားဆန္ဒပြပွဲ အစိုးရ အင်အားသုံးနှိမ်နင်းကြောင်း ကုလတွေ့ရှိ


ဗင်နီဇွဲလားနိုင်ငံက ၄ လကြာ အစိုးရ ဆန့်ကျင်ရေး လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ အတွင်း သေဆုံးသူ ၁၂၅ ဦးထဲက အများစုဟာဆိုရင် လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ အင်အား အလွန်အကျွံ သုံးခဲ့မှုတွေကြောင့် ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောဆိုလိုက်ပါတယ်။

ကုလလူ့အခွင့်အရေးရုံးက ပဏာမ စုံစမ်းစစ်ဆေးမှု စာရင်းဇယားတွေကို အခြေခံပြီး ဒီကနေ့ အင်္ဂါနေ့မှာ ထုတ်ဖော် ပြောဆိုလိုက်တာပါ။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြောင့် ၄၆ ဦး သေဆုံးခဲ့ရပြီး လူပေါင်း ၂၇ ဦး သေဆုံးခဲ့ရမှုမှာတော့ အစိုးရ လိုလားတဲ့ လက်နက်ကိုင် အဖွဲ့တွေမှာ တာဝန်ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ကျန်တဲ့ သေဆုံးမှုတွေမှာတော့ ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ ဗင်နီဇွဲလား နိုင်ငံတွင်း မတည်မငြိမ်မှုတွေ စခဲ့ချိန်ကတည်းကဆိုရင် လူပေါင်း ၅၀၀၀ ကျော်ကို အထောက်အထား ခိုင်ခိုင်မာမာ မရှိဘဲ ဖမ်းဆီးခဲ့ပြီး လူပေါင်း ၁၀၀၀ ကျော် ဖမ်းဆီး ချုပ်နှောင်ခံထားရဆဲ ဖြစ်ကြောင်း ကုလလူ့အခွင့်အရေး အကြီးအကဲ Zeid Ra’ad al-Hussein က ကြေညာချက်မှာ ပြောဆိုထားပါတယ်။

နောက် ဒီဖမ်းဆီးခံထားရသူတွေကို လျှပ်စစ်နဲ့ ရှော့တိုက်တာ၊ ရိုက်နှက်တာ၊ သတ်ပစ်ဖို့ ခြိမ်းခြောက်တာနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကား ခြိမ်းခြောက်မှုတွေ အပါအဝင် ခြိမ်းခြောက်မှုတွေ၊ မတော်မလျော် ဆက်ဆံခံရမှုတွေ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

ကုလလူ့အခွင့်အရေးရုံးက ဇွန်လနဲ့ ဇူလိုင်လ အတွင်း ထိခိုက်ခံစားခဲ့ရသူတွေ၊ သူတို့ရဲ့ မိသားစုတွေ၊ မျက်မြင်တွေ့သူတွေ၊ သတင်းသမားတွေနဲ့ တခြားပုဂ္ဂိုလ်တွေ စုစုပေါင်း ၁၅၀ လောက်ကို တွေ့ဆုံမေးမြန်းမှုတွေက တွေ့ရှိချက်တွေကို အခြေခံ ပြောဆိုတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG