သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလား လူထုဆန္ဒခံယူပွဲ မဲစာရင်းအငြင်းပွား


မဲရလဒ်ကို ဆန္ဒပြသူများ
မဲရလဒ်ကို ဆန္ဒပြသူများ

ဗင်နီဇွဲလားနိုင်ငံမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြန်လည်ရေးဆွဲမယ့် လွှတ်တော်အတွက် ရည်ရွယ်ကျင်းပခဲ့တဲ့ အချေအတင်ဖြစ်စရာ ရွေးကောက်ပွဲအတွင်း ဆန္ဒမဲပေးသူ အရေအတွက်ကို အနည်းဆုံး လူ ၁ သန်းလောက် မမှန်မကန် စာရင်းပိုပြထားတယ်ဆိုတဲ့ ပြောဆိုချက်ကို သမ္မတနဲ့ ရွေးကောက်ပွဲကြီးကြပ်ရေးအဖွဲ့ အကြီးအကဲတို့က ဒီကနေ့ပဲ ပယ်ချလိုက်ကြပါတယ်။

ရွေးကောက်ပွဲအတွက် အီလက်ထရောနစ် နည်းပညာနဲ့ ဝန်ဆောင်မှုပေးခဲ့တဲ့ ဗြိတိန်အခြေစိုက် ကုမ္ပဏီရဲ့ ပြောဆိုချက်ဟာ တာဝန်မဲ့ရာရောက်ကြောင်း ဗင်နီဇွဲလား ရွေးကောက်ပွဲ ကောင်စီ ဥက္ကဋ္ဌ Tibisay Lucena က ပြောဆိုလိုက်ပြီး၊ ဥပဒေကြောင်းအရ အရေးယူဖို့ စီစဉ်မယ်လို့လည်း သတိပေးခဲ့တာပါ။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ဝန်ဆောင်မှုနဲ့ နည်းပညာအထောက်အကူ ပေးရမယ့် ကုမ္ပဏီတခုအနေနဲ့ လုပ်ရိုးလုပ်စဉ်မဟုတ်ပဲ သဘောထားအမြင် ပေးခဲ့တာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဗြိတိန်နိုင်ငံက Smartmatic ကုမ္ပဏီ အကြီးအကဲ Antonio Mugica ကတော့ မဲဆန္ဒရှင် စာရင်းဟာ မှားယွင်းနေတယ်ဆိုတာ သံသယဖြစ်စရာ မရှိကြောင်း ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း မဲစာရင်းကြောင့် တနင်္ဂနွေနေ့က ရွေးကောက်ပွဲ ရလဒ်အပေါ် ရိုက်ခတ်မှု ရှိ-မရှိ ဆိုတာကိုတော့ မပြောပါဘူး။ အမှန်တကယ် မဲပေးခဲ့သူ အရေအတွက်နဲ့ အာဏာပိုင်တွေ ထုတ်ပြန်တဲ့ မဲစာရင်းကြား ခန့်မှန်းချေ ၁ သန်းလောက် ကွာဟနေတယ်လို့လည်း အမှုဆောင်အရာရှိချုပ် Mugica ကပြောပါတယ်။

ဗင်နီဇွဲလား သမ္မတ Nicolas Maduro ကတော့ ကုမ္ပဏီ အကြီးအကဲအပေါ် ဗြိတိန်နဲ့ အမေရိကန်တို့က ဖိအားပေးမှုတွေ ရှိခဲ့ကြောင်း ရုပ်မြင်သံကြား မိန့်ခွန်းထဲမှာ ပြောဆိုခဲ့တာပါ။ မဲပေးသူ အရေအတွက် ၈ သန်းရှိခဲ့ကြောင်းလည်း သမ္မတက ထပ်မံပြောဆိုခဲ့သလို၊ ဆန္ဒပြသမားတွေရဲ့ တားဆီးမှုတွေသာ မရှိခဲ့ရင် မဲပေးသူ ၁၀ သန်းလောက်တောင် ရှိနိုင်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ အတိုက်အခံတွေကတော့ မဲပေးသူ အရေအတွက်ဟာ ၄ သန်းတောင် မပြည့်ကြောင်း ပြောဆိုထားသလို၊ တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ သတင်းယူခဲ့ကြတဲ့ သတင်းသမားတွေကလည်း မြို့တော် Caracas က မဲရုံတွေမှာ လူမရှိသလောက်ပဲလို့လည်း ပြောဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG