သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလားကိစ္စ ဆွေးနွေးဖြေရှင်းဖို့ လူ့အခွင့်အရေးအကြီးအကဲ တိုက်တွန်း


ကုလသမဂ္ဂရဲ့လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet
ကုလသမဂ္ဂရဲ့လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet

ဗင်နီဇွဲလားနိုင်ငံမှာဖြစ်ပွါးနေတဲ့နိုင်ငံရေးတင်းမာမှုတွေကနေ ဆိုးဝါးတဲ့နောက်ဆက်တွဲ အခြေအနေတွေ ခပ်မြန်မြန် ပေါ်ပေါက်လာမယ့်အရေးကို ရှောင်ရှားနိုင်အောင် တွေ့ဆုံ ဆွေးနွေးကြဖို့ ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာအကြီးအကဲ Michelle Bachelet ကတိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဗင်နီဇွဲလားမှာဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆန္ဒပြ မှုတွေမှာ လူ ၂၀ သေဆုံးပြီး ၃၅၀ ကျော် အဖမ်းခံခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတခု လုပ်ဆောင်ဖို့ကိုလည်း ကုလသမဂ္ဂရဲ့လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet မနေ့ကပဲကြေညာချက် ထုတ်ပြီး တိုက်တွန်းခဲ့တာပါ။ အာဏာပိုင်တွေဘက်က အင်အားသုံးပြီးဖြေရှင်းခဲ့သလား၊ လက်နက်ကိုင်အုပ်စုတွေကပဲ ပြစ်မှုတွေကိုကျူးလွန်ခဲ့သလား၊ အစိုးရထောက်ခံသူတွေရဲ့လက်ချက်လား စတာတွေကို သိနိုင်ဖို့ လွတ်လပ်တဲ့ စုံစမ်းစစ် ဆေးမှုလုပ်ဖို့လိုတယ်လို့ဆိုပါတယ်။

ဗင်နီဇွဲလားပြည်သူသုံးသန်းကျော်ကလည်း နိုင်ငံထဲကနေထွက်ခွါသွားခဲ့ပြီ။ သန်းနဲ့ ချီတဲ့ ပြည်သူတွေကလည်း လုံးဝစိတ်ပျက်ဖို့ကောင်းတဲ့အခြေအနေတွေနဲ့ နေထိုင်နေကြရတယ်၊ အုပ်ချုပ်မှုဆိုင်ရာ အကျပ် အတည်းတခု ကြုံနေရပြီး အခုလိုအခြေအနေဆိုးတွေကို အဆုံးသတ်အောင်လုပ်ဆောင်ဖို့က နိုင်ငံ့ခေါင်းဆောင်တွေရဲ့ တာဝန်ပဲ လို့လည်း လူ့အခွင့်အရေးမဟာမင်းကြီးက ဆိုပါတယ်။

ဗင်နီဇွဲလားအရေးနဲ့ပတ်သက်ပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီကနေ့ စနေနေ့မှာ တံခါးဖွင့်ဆွေးနွေးပွဲတခု လုပ်ဆောင်ဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုထားပြီး အဲဒီဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုက မိန့်ခွန်းပြောလိမ့်မယ် လို့ မျှော်လင့်ရပါတယ်။ အမေရိကန် အစိုးရက ဗင်နီဇွဲလား ပြည်သူတွေကို ထောက်ခံ အားပေးနေပြီး ဗင်နီဇွဲလား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Juan Guaidoကို ကြားဖြတ် သမ္မတအဖြစ် အသိအမှတ်ပြုဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို ဝန်ကြီးပွန်ပီယိုက တိုက်တွန်း မှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG