သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလားမှာဝင်စွက်မှု ကန်ဝန်ကြီးကာကွယ်


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo (ဧပြီ၊ ၁၃၊ ၂၀၁၉)
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo (ဧပြီ၊ ၁၃၊ ၂၀၁၉)

ဗင်နီဇွဲလား သမ္မတ Nicoas Maduro ကို တရားမဝင် ကြေညာပြီး သူ့ကိုယ်သူ ကြားဖြတ် သမ္မတ အဖြစ် ကြေညာထားတဲ့ အတိုက်အခံ ခေါင်းဆောင် Juan Guaido ကို အမေရိကန် ပြည်ထောင်စုက ဗင်နီဇွဲလား ခေါင်းဆောင် အဖြစ် အသိအမှတ်ပြုထားပါတယ်။ ဗင်နီဇွဲလားနိုင်ငံရေး အပေါ် အမေရိကန်ရဲ့ မဟာဗျူဟာနဲ့ ရှေ့ဆက် ဆောင်ရွက်သွားမယ့် အခြေအနေတွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo နဲ့ ဗွီအိုအေ လက်တင် အမေရိက ဌာနက အကြီးတန်း သတင်းထောက် Gesell Tobias က ပါရာဂွေးနိုင်ငံ မြို့တော် Asuncion မှာ တွေ့ဆုံ မေးမြန်းထားပါတယ်။ မသိင်္ဂီထိုက် ကောက်နုတ် တင်ပြမှာပါ။

"မာဒူရို အနိုင်ရတယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ အတုအယောင်သာ ဖြစ်တယ်ဆိုတာကို လူတိုင်း သိရှိပြီး နိုင်ငံ ၅၄ နိုင်ငံကလည်း Juan Guiado ကို အသိအမှတ်ပြုပြီး ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အာဏာ အစိတ်အပိုင်း တချို့ကို Maduro ထိန်းချုပ်ထားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဗင်နီဇွဲလား ပြည်သူတွေက ဘာလိုချင်တယ်၊ ဘာလိုအပ်နေတယ်ဆိုတာကို ပြောထားပြီးသားပါ။

မာဒူရိုနဲ့ သူ့လူတွေဟာ ဒီတိုင်းပြည်ကို ဖျက်စီးလိုက်ကြပြီ ဆိုတာ ပြည်သူတွေက ရှင်းရှင်းလင်းလင်း သိနေကြပါတယ်။ ဒါကြောင့် သူ့ကို မလိုချင်ကြတော့ပါဘူး။ အမျိုးသား လွှတ်တော်ကို အာဏာလွှဲပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် Juan Guido က ဦးဆောင်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ တိုင်းပြည်သာယာဝပြောရေးကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဗင်နီဇွဲလား ပြည်သူတွေ အမှန်တကယ် လိုအပ်နေတာက ခြစားပျက်စီးမှု မရှိတဲ့၊ ကျူးဘားနိုင်ငံရဲ့ သြဇာအာဏာကို လက်မခံတဲ့၊ ရုရှား ဝင်စွက်မှုကို မလိုလားတဲ့ ခေါင်းဆောင်မှုသာ ဖြစ်ပါတယ်။ ဒီအတွက် အမေရိကန်က ကူညီဖို့ အဆင်သင့် ဖြစ်နေပါပြီ။"

ဒီကိစ္စ အတွက် မဟာဗျူဟာနဲ့ အချိန်ကန့်သတ်ချက် ထားရှိပါသလားဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီး Pompeo ကတော့ အမေရိကန်သာမက ဗင်နီဇွဲလား ပြည်သူတွေ အတိုက်အခံ အဖွဲ့တွေ တပေါင်းတစည်းတည်း ချမှတ်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ နည်းလမ်းပေါင်းစုံ သုံးဖို့ အဆင်သင့် ရှိနေသေးတယ်လို့လည်း ဝန်ကြီး Pompeo က ဆက်ပြောပါတယ်။

"နည်းလမ်းပေါင်းစုံ စဉ်းစားထားဆဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့မှာ ဘယ်လို ဖြစ်လာမယ်ဆိုတာ ကြိုမသိနိုင်ပါဘူး။ ဗင်နီဇွဲလား ပြည်သူတွေ လိုအပ်တဲ့ ဒီမိုကရေစီကို ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် ဘယ်လိုနည်းလမ်းက မှန်ကန်မလဲဆိုတာကို ကြိုပြောဖို့ ခက်ပါတယ်။"

မာဒူရို အစိုးရကို ရုရှားနဲ့ တရုတ်တို့က ထောက်ခံနေကြတာ ဖြစ်တဲ့ အတွက် ဒီကိစ္စမှာ အမေရိကန်ရဲ့ လုပ်ဆောင်ချက်ဟာ ရုရှား အစိုးရနဲ့ တင်းမာမှု ပိုပြင်းထန်လာမယ့် အခြေအနေ ဖြစ်လာနိုင်မလားဆိုတာကိုတော့ ဝန်ကြီး Pompeo က အခုလို ဖြေပါတယ်။

"ကျနော် အမြဲတမ်း ပြောနေသလိုပါပဲ။ မာဒူရိုကို ထောက်ခံသူ တချို့ကတော့ ဗင်နီဇွဲလားမှာ ဝင်စွက်တယ်လို့ ကျနော်တို့ကို ပြောကြပါလိမ့်မယ်။ ရုရှားကလည်း အမေရိကန်ဟာ ဗင်နီဇွဲလားမှာ ဝင်မစွက်သင့်ဘူးလို့ ပြောပါလိမ့်မယ်။ ဒါပေမယ့် ရုရှားကသာ ပိုပြီး အခြေခံကျတဲ့ နည်းလမ်းတွေနဲ့ ဝင်စွက်နေတာပါ။ ဗင်နီဇွဲလား လုံခြုံရေး ယန္တရားကို ကျူးဘားက ပိုင်ပါတယ်။ ဗင်နီဇွဲလား ပြည်သူတွေက သူတို့ လုံခြုံရေး သူတို့ ကိုယ်တိုင် ဖန်တီးချင်ကြတာပါ။ သူတို့ ကိုယ်ပိုင် ဒီမိုကရေစီနဲ့ သူတို့ကိုယ်ပိုင် ခေါင်းဆောင်မှုကို လိုချင်ကြတာပါ။ ကျူးဘားတို့ ရုရှားတို့ ခေါင်းဆောင်မှုကို သူတို့ မလိုချင်ကြပါဘူး။ တောင်အမေရိက ဒေသအတွင်း ခေါင်းဆောင်တွေကလည်း ဒါမျိုးပဲ လိုချင်နေတာပါ။ ဒါမျိုးပဲ ပြောနေကြတာပါ။ ဒါကြောင့် အမေရိကန် ကူညီဖို့ အဆင်သင့် လုပ်ထားပါတယ်။"

ဗင်နီဇွဲလား စစ်တပ်နဲ့ အမေရိကန် အရာရှိတွေကြား အဆက်အသွယ် ရှိပါသလားဆိုတဲ့ မေးခွန်းကိုတော့ ဗင်နီဇွဲလား စစ်တပ် အနေနဲ့ မာဒူရိုကို ဆက်လက် မထောက်ခံဖို့ အမေရိကန် အနေနဲ့ လူသိရှင်ကြား ပြောထားပြီး ဖြစ်တယ်။ ဆက်လက် ထောက်ခံနေရင် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကို တာဝန်ယူရလိမ့်မယ်လို့ ပြောထားကြောင်း ဝန်ကြီး Pompeoက ဖြေကြားခဲ့ပါတယ်။ မာဒူရို ရာထူးက ပြုတ်သွားခဲ့ရင် နောက်ပိုင်းဘယ်လို ဆက်လုပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီး Pompeo က အခုလို ဆက်ပြောပါတယ်။

"ပထမဦးဆုံးကတော့ မာဒူရို ရာထူးက နုတ်ထွက်ရပါလိမ့်မယ်။ အဲလို ထွက်ပြီးတဲ့နောက်မှာ တကမ္ဘာလုံးကတော့ ဗင်နီဇွဲလားကို ထောက်ခံဖို့ အဆင်သင့် ဖြစ်နေကြပါလိမ့်မယ်။ အဲဒီ အခါမှာ ဗင်နီဇွဲလား ပြည်သူတွေကို နစ်နာစေခဲ့တဲ့ စစ်ခေါင်းဆောင်တွေကို ဘယ်လို ကိုင်တွယ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရတော့မှာ ဖြစ်ပါတယ်။ သူတို့ လုပ်ခဲ့သမျှကို သူတို့ တာဝန်ယူစေရမှာ ဖြစ်ပါတယ်။ အဲလို မဟုတ်ဘဲနဲ့ ပိုမွန်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် တနည်းပြောရင် ဒီမိုကရေစီဘက်ကို ရပ်တည်ပြီး စဉ်းစားခဲ့သူတွေအတွက်တော့ တမျိုးတဖုံ စဉ်းစားရမှာ ဖြစ်ပါတယ်။"

သမ္မတ Nicolas Maduro နဲ့ အတိုက်အခံ ခေါင်းဆောင် Juan Guaido ကြား နိုင်ငံရေး မပြေလည်မှုက တလကျော်ကြာမြင့်လာခဲ့ပြီ ဖြစ်ပြီး နိုင်ငံတွင်းမှာတော့ လျှပ်စစ်မီး ပြတ်တောက်မှု၊ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါး ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG