သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲသတင်းစာရှင်းလင်းမှု ဥပဒေနဲ့ မညီဟု ဝေဖန်ခံရ


မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းစာ ရှင်းလင်းပွဲ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းစာ ရှင်းလင်းပွဲ

(Zawgyi/Unicode)

ဗစ်တိုးရီးယားအမှုက သံသယတရားခံကိုအောင်ကြီးကို မနေ့က တရားရှင် ပြန်လွှတ်ပေးခဲ့တဲ့အပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီကနေ့ နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲ တိုက်ရိုက်ထုတ်လွှင့်ရာမှာ ကျူးလွန်ခံရသူ ဗစ်တိုးရီးယားရဲ့ အမည်ရင်းကို အကြိမ်များစွာ အသုံးပြုသွားတာကို ဥပဒေပညာရှင်တွေက ဝေဖန် ရှုတ်ချလိုက်ကြပါတယ်။ ဒါ့အပြင် ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ရဲ့ ရှင်းလင်းချက်တွေနဲ့ သတင်းထောက်တွေရဲ့မေးမြန်းမှုတွေကို ရဲတပ်ဖွဲ့က ရေရေရာရာအဖြေမပေးနိုင်ခဲ့တဲ့အပေါ်မှာလည်း ပြည်သူတွေ ကြားမှာ ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုက ပြောပြပေးမှာပါရှင်။

ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ မှုခင်းရဲတပ်ဖွဲ့က ရဲမှူးချုပ် စိုးနိုင်ဦး၊ မှုခင်းညွှန်ကြားရေးမှူး ရဲမှူးကြီးမင်းဟန်နဲ့ မှုခင်းဌာနမှူး ရဲမှူးကြီး သာထွန်းတို့က ဦးဆောင်ခဲ့ပါတယ်။

ဖေ့ဘုတ် လူမှုကွန်ယက်ကနေ တဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ ဒီသတင်းစာ ရှင်းလင်းပွဲမှာ လိင်အကြမ်းဖက်မှု ကျူးလွန်ခံထားရတဲ့ အသက်သုံးနှစ်အရွယ် မိန်းကလေး ဗစ်တိုးရီးယားရဲ့ အမည်ရင်းနဲ့ သူ့ရဲ့ မိခင်ဖြစ်သူ အမည်ရင်းအပါအဝင် နေရပ်လိပ်စာတို့ကို နှစ်ကြိမ်တိုင်တိုင် ဖော်ပြပြောဆိုခဲ့ပါတယ်။

ဒါဟာ ကလေးသူငယ် ဥပဒေနဲ့ ညှိစွန်းနေတယ်လို့ ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြု အဖွဲ့ ဥက္ကဋ္ဌ ရှေ့နေဦးကြီးမြင့်က အခုလို ထောက်ပြဝေဖန် လိုက်ပါတယ်။

“အခု ရှေ့နေဒေါ်စုဒါလီအောင်ကို ဒေါ်ဥမ္မာလှိုင်က ကိုကို၊ ညီညီလို့ ပြောတာလေးနဲ့တောင်မှပဲ ကလေးသူငယ် အက်ဥပဒေကို ချိုးဖောက်ပြီးတော့ ဒေါ်စုဒါလီအောင်က ပြောပါတယ်ဆိုပြီးတော့ တရားစွဲခံရတာ။ ရှေ့မှာ နမူနာရှိပြီးသား။ အဲဒါကို သူတို့ရဲကပဲ အမှုဖွင့်တယ်၊ ဖွင့်ပြီး ဥပဒေအရ အတည်ပြုတယ်။ ဒေါ်စုဒါလီအောင် တရားခံအဖြစ်နဲ့ ကလေးသူငယ်ဥပဒေ အဲဒီဟာနဲ့ တရားစွဲထားတာ။ အဲတော့ သူတို့သည် တာဝန်ရှိတဲ့ လူကြီးတွေက ကလေးသူငယ်ဥပဒေကို မစောင့်ရှောက်ဘဲနဲ့ မထိန်းသိမ်းဘဲနဲ့ ဒီလိုလက်လွတ်စပယ် တာဝန်မဲ့ပြောဆိုခြင်းသည် အမှန်က ဥပဒေအရဆိုရင်တော့ သူတို့လည်းငြိတာပေါ့ဗျာ။ သူတို့လည်း ဥပဒေအောက်မှာပဲ အတူနေရမှာပဲလေ။ မဟုတ်ဘူးလား။”

ဗစ်တိုးရီးယားအမှုက သံသယ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ ကိုအောင်ကြီးကို မနေ့က ဒက္ခိဏခရိုင်တရားရုံးက တရားရှင် လွှတ်ပေးလိုက်တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြုလုပ်တဲ့ အဲဒီသတင်းစာရှင်းလင်းပွဲကို သတင်းထောက်တွေအပြင် စိတ်ဝင်စားသူ မည်သူမဆို လာရောက် နားထောင်နိုင်ကြောင်း မနေ့ကတည်းက ကြေညာခဲ့တာပါ။

ဒါ့အပြင် ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေနဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို အများပြည်သူ မြင်သာအောင် ဘုတ်တွေ ထောင်ပြီး ခင်းကျင်းပြသထားတာ ဖြစ်ပါတယ်။

အခုလို လုပ်ဆောင်တာတွေဟာ ကလေးသူငယ်အခွင့်အရေးကို ချိုးဖောက်ရာ ရောက်နေပြီး ဥပဒေအရ တရားစွဲလို့ရကြောင်း ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

“ကလေးသူငယ် ဥပဒေမှာ ရှိတယ်ဗျ ၉၆ မှာလေ။ ကလေးသူငယ် နစ်နာတဲ့သူ ဖြစ်တယ်၊ တရားလို သို့မဟုတ်လည်း ကလေးသူငယ်ဟာ တရားခံဖြစ်တယ်။ သို့မဟုတ် ကလေးသူငယ်ဟာ သက်သေအဖြစ် ဖြစ်နေတယ်ဆို အဲဒီကလေးသူငယ် မည်သူမည်ဝါဖြစ်ကြောင်း ထင်ရှားစေဖို့အတွက် မဖြန့်ဝေရဘူး၊ မကြေညာရဘူးလို့ ပြောထားတာရှိတယ်ဗျ။ အဲဒီအလုပ်ကို လုပ်မိရင် ကလေးသူငယ် ဥပဒေပုဒ်မ ၁၀၁ (က) နဲ့ စွဲခံရတယ်ဗျ။ ဒါဥပေဒပဲ။ ဥပဒေဘက်တော်သားဆိုတဲ့ ရဲတွေ ပိုသိရမှာ၊ သိလည်းသိမှာပါ။ တမင်လုပ်တယ်ဆိုရင်လည်း ဒီစိတ်ဓာတ်က တော်တော် ဆိုးရွားပါတယ်ဗျ။ တမင်မဟုတ်ရင်လည်း သူတို့ဟာ သင်တန်းတွေကို အများကြီးပေးဖို့ လိုမယ်လို့ ကျနော် ထင်တယ်ဗျ။”

နေပြည်တော် Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက အသက်သုံးနှစ်အရွယ် လိင်အကြမ်းဖက်ခံထားရတဲ့ ကလေးငယ်ကို နာမည် မဖေါ်ပဲ ဗစ်တိုးရီးယားလို့ အများကခေါ်ပြီး ဒီ ကလေးငယ်ရဲ့ ရှေ့ရေးအတွက် သူ့ရဲ့အမည်ရင်းကို ကာကွယ်ထားတဲ့အချိန်မှာ တာဝန်ရှိတဲ့သူတွေ အနေနဲ့ အခုလို သတင်းစာရှင်းလင်းပွဲမှာ ဖွင့်ချလိုက်တဲ့အပေါ် ဒီအမှုကို ဝန်းရံသူတယောက်ဖြစ်တဲ့ ကိုသက္ကမိုးညိုက အခုလိုပြောပါတယ်။

“Live လွှင့်ပြီး ပြောရုံတင်မကဘူး။ သမီးလေးရဲ့ နာမည် နောက်ပြီးတော့ မိဘတွေရဲ့ နေရပ်လိပ်စာ၊ အလုပ်အကိုင်တွေ အကုန်လုံးကို Page မှာ Document အနေနဲ့ တင်လိုက်တယ်။ ဒီမိသားစုကို ထပ်မံမထိခိုက်ရအောင်ဆိုပြီးတော့ ရင်ခွင်မှာပိုက်မတတ် ကျနော်တို့က နာမည်ကို စောင့်ရှောက်ထားတာလေ။ မီဒီယာတွေအကုန်လုံး၊ ပြည်သူတွေအကုန်လုံးကလည်း ဒါကို မသိချင်၊ မကြားချင်ကြဘဲနဲ့ နာမည်လေးကို ဗစ်တိုးရီးယားလို့ ပေးပြီးတော့တောင်မှ ကျနော်တို့က ကာကွယ်စောင့်ရှောက်ထားကြတာ။ ဒီလိုလုပ်ပစ်လိုက်တော့ ကျနော်တို့က ဒါသည် သူ့ရှေ့ရေးကို တော်တော် ထိခိုက်သွားတာပေါ့။”

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ဒီကနေ့သတင်းစာရှင်းလင်းပွဲအပြီးမှာတော့ ဒီအမှုနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို သူတို့ရဲ့ဖေ့ဘုတ် လူမှုကွန်ယက်မှာ ဖြန့်ဝေခဲ့တာ ကြောင့်လည်း အများက ဝေဖန်နေကြတာပါ။

ကိုအောင်ကြီးရဲ့ တရားရှင်လွတ်မြောက်လာတဲ့အပေါ် ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေ ပြောဆိုတာတွေက တရားရုံးတော်ကို မထီမဲ့မြင်ပြုတာလို့ ရှေ့နေ ဦးကြီးမြင့်က အခုလိုသုံးသပ်ထားပါတယ်။

“ဒီနေ့လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲဟာ အောင်ကြီးက လွတ်သွားတာကြောင့် တရားခံအစစ်အမှန် ပေါ်ပေါက်ရေးအတွက် ကျနော်တို့ကြိုးစား အားထုတ်ပါမယ်လို့ ပြည်သူလူထုကို အာမခံတဲ့ သတင်းစာရှင်းလင်းပွဲ မဟုတ်ဘူး။ သူတို့ကိုယ်သူတို့ ကာကွယ်တဲ့ သူများကို ထိုးချတဲ့ သတင်းစာရှင်းလင်းပွဲကြီး ဖြစ်နေတယ်ဗျာ။ အဲဒီဟာကိုတော့ ကျနော်ရှုတ်ချတယ်။ နောက်ပြီးတော့ တရားရုံးတောင် အပြစ်တင်နေတယ်။ ဟိုတုန်းက တရားရုံးမထီမဲ့မြင် ဥပဒေသာ မပြင်လို့ရှိရင် အဲလူတွေကို တန်းတရားစွဲလို့ရတယ်။ တရားရုံးကပဲ လွှတ်တာစောလိုက်သလိုလို သူတို့က သေချာလုပ်ထားပါလျက်နဲ့ တရားရုံးကပဲ တလွဲလုပ်လိုက်သလိုလို။ သူတို့ပြောတဲ့ ပုံစံတွေက။”

ဗစ်တိုးရီးယားအမှုမှာ လူသက်သေ ၂၆ ယောက်ထဲက ၁၉ ဦးကို စစ်ဆေးပြီးခဲ့ပါပြီ။ ဒီအမှုအပေါ် သမ္မတရုံးကစောင့်ကြည့်နေသလို ပြည်သူအများကလည်း အမှုမှန်ပေါ်ပေါက်ဖို့အတွက် စောင့်ကြည့်ဝန်းရံနေကြတာပါ။

တိုက်ရိုက် လင့်ခ်

[Unicode Version]

















XS
SM
MD
LG