သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Victoria အမှု စစ်ဆေးသူ တရားသူကြီး ကွယ်လွန်မှု ရှေ့ဆက် အမှုကြားနာမည့် အခြေအနေ


ဒုတိယခရိုင်တရားသူကြီး ဦးညိုဌေး
ဒုတိယခရိုင်တရားသူကြီး ဦးညိုဌေး

ဗစ်တိုးရီးယားအမှုမှာ စစ်ဆေးနေတဲ့ တရားသူကြီး ဦးညိုဌေး မနေ့ စက်တင်ဘာလ (၄)ရက်နေ့က မန္တလေးဆေးရုံမှာ ကွယ်လွန်သွားပါတယ်။ မကွယ်လွန်ခင်မှာ ဦးနှောက်သွေးကြောပေါက်သွား တဲ့အတွက် ဦးညိုဌေးဟာ မန္တလေးဆေးရုံမှာ အရေးပေါ်ကူသမှု ခံယူနေခဲ့တာဖြစ်ပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ သုံးနှစ်နီးပါးအရွယ် မူကြို ကျောင်းသူတဦးရဲ့အမှုမှာ အများပြည်သူ လိုလားတဲ့ တရားရုံးရဲ့မှန်ကန်တဲ့ စီရင်ချက်ချမှတ်နိုင်အောင်ဆောင်ရွက်မယ်လို့ ပြောကြားခဲ့တဲ့ တရားသူကြီး ဦးညိုဌေး ရုတ်တရက် ကွယ်လွန်သွားတဲ့အတွက် ဗစ်တိုးရီးယားအမှု ရှေ့ဆက် ကြားနာမယ့် အခြေအနေ ဘယ်လို ရှိမလဲ။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ ဗစ်တိုးရီးယားအမှုကို တာဝန်ယူ စစ်ဆေးနေတဲ့ ဒုတိယခရိုင်တရားသူကြီး ဦးညိုဌေးဟာ လွန်ခဲ့တဲ့ နှစ်ရက်က ဦးနှောက်သွေးကြော ပေါက်သွားတဲ့အတွက် မန္တလေးမြို့ ပုဂ္ဂလိက ဆေးရုံတရုံမှာ ကုသမှုခံယူခဲ့ပြီး၊ မန္တလေးဆေးရုံကြီးကို လွဲှပြောင်း ပြီး ဆေးဝါးကုသမှုခံယူနေစဉ် စက်တင်ဘာလ (၄)ရက်နေ့က ကွယ်လွန်ခဲ့တာပါ။

တရားသူကြီး ဦးညိုဌေးဟာ မကွယ်လွန်မီကလည်း ကျောက်ကပ်ရောဂါ ခံစားနေရတဲ့ အတွက် မကြာခဏ ဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ရပါတယ်။ ဒါအပြင် နောက်ဆုံး ငါးကြိမ်မြောက် အမှုရုံးချိန်ဖြစ်တဲ့ သြဂုတ်လ (၂၈)ရက်နေ့က တရားရုံးကို တက်ရောက်နိုင်ခြင်း မရှိတဲ့ အတွက် သူ့အစား ဒက္ခိဏခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီးလည်းဖြစ်၊ ပြန်ကြားရေးတာဝန်ခံလည်းဖြစ်တဲ့ ဒေါ်သီတာနွယ်က ရုံးချိန်းမှာ တာဝန်ယူ ဆက်လက်ကြားနာစစ်ဆေးခဲ့ပါတယ်။ ဗစ်တိုးရီးယားအမှုကို တရားသူကြီး နှစ်ဦးနဲ့ ခုံရုံးဖွဲ့စစ်ဆေးနေရာမှာ ဥက္ကဌအဖြစ် ခရိုင်တရားသူကြီး ဦးတင့်လွင်က ဆောင်ရွက်ပြီး၊ အဖွဲ့ဝင်အဖြစ် ဒုတိယခရိုင်တရားသူကြီး ဦးညိုဌေးက ဆောင်ရွက်နေတာပါ။

အများပြည်သူ စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ နေပြည်တော် မူကြိုကျောင်းတကျောင်းက သုံးနှစ်နီးပါးအရွယ် ကျောင်းသူတဦး အဓမ္မပြုကျင့်ခံရမှုကို စစ်ဆေးနေတဲ့ တရားသူကြီး ကွယ်လွန်သွားတဲ့အတွက် ရှေ့ဆက်အမှုကြားနာမယ့် အခြေအနေမှာ အဟန့်အတားတွေဖြစ်နိုင်မလား ဆိုတာနဲ့ ပတ်သက်လို့ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင် ရှေ့နေဦးမင်းလွင်ဦးကို မေးကြည့်တော့

“ ဒီအမှုမှာကတော့ နှစ်ပါးထိုင်ပေါ့နော်။ အဲဒီတော့ သာမန် အမှုတွေမှာတော့ တရားသူကြီး ဆုံးပါးသွားတယ် ဆိုလို့ ရှိရင် အစားထိုးတဲ့ နောက် တရားသူကြီးက အမှုကို အစကနေ ပြန်စစ်တာမျိုး ကျနော်တို့ ကြုံတွေ့ရနိုင်တယ်။ သို့သော်လည်းဘဲ ယခု အမှုမှာ ကျတော့ ပြန်ကြားရေး တာဝန်ကို ယူထားတဲ့ တရားသူကြီး ဒေါ်သီတာနွယ် ကနေပြီးတော့ အမှုစစ်ဆေးနေစဉ်မှာ စဉ်ဆက်မပြတ် ရှိနေတယ်၊ နောက်ပြီးတော့ကား ဒီအမှုနဲ့လည်း ရင်းနှီးနေပြီးသား ဖြစ်တယ်။ နောက်ဆုံး အကြိမ် ရုံးချိန်းမှာ ဆိုလို့ ရှိရင်လည်း ဦးညိုဌေး မလာနိုင်လို့ သူကိုယ်တိုင် ဦးစီးပြီးတော့ စစ်ဆေးရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

ဆိုတော့ အခု ဦးညိုဌေး ကွယ်လွန်သွားပြီ ဆိုတဲ့ အခါကျတော့ ရှိရင်တော့ ကျနော်တို့ ဦးညိုဌေး အစား နောက်တဦး ထပ်မံ ခန့်ထားပြီးတော့ ဒီအမှုကို ဆက်လက် စီရင် သွားနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ”

မအင်ကြင်းနိုင်။ ။ အခု ဗစ်တိုးရီးယား အမှုမှာ ဆိုရင် ကွယ်လွန်သွားတဲ့ တရားသူကြီး ဦးညိုဌေးက သူ ပြောထားတာက ဒီ ဗစ်တိုးရီးယား အမှုကို စီရင်တဲ့ နေရာမှာ တကယ့် မြန်မာနိုင်ငံက ပြဌာန်းထားတဲ့ ဥပဒေ လုပ်ထုံး လုပ်နည်းတွေနဲ့ အညီ ပြည်သူတွေ ဖြစ်စေချင်တဲ့ တိကျ မှန်ကန်တဲ့ အတိုင်းပေါ့နော် တရားရုံးကနေ ဆုံးဖြတ်ပေးမှာ ဖြစ်တယ်ဆိုပြီး သူက အာမခံထားတယ်လို့ ပြောတယ်ပေါ့နော်။ သတင်းဌာနတွေ မှာလည်း အဲလို ဖော်ပြထားတယ်။ ဒီလို အမှုမှန် ပေါ်ပေါက်စေရမယ်ဆိုတာမျိုး အာမခံထားတဲ့ တရားသူကြီး ရုတ်တရက် ကွယ်လွန်သွားတဲ့ အခါမှာ အမှုက ဘယ်လို ဆက်ပြီးတော့ ဖြစ်လာနိုင်မလဲရှင့်။

ဦးမင်းလွင်ဦး။ ။ အစောက ပြောသလိုဘဲပေါ့နော် ဆုံးရှုံးသွားတဲ့ ကွယ်လွန်သွားတဲ့ တရားသူကြီး နေရာမှာ နောက်တရားသူကြီး အစားထိုးမယ်။ ယခင်တုန်းက ဖြစ်ခဲ့ဖူးတာကတော့ အဲဒီလိုမျိုး တရားသူကြီး အသစ်ပြောင်းသွားပြီ ဆိုလို့ ရှိရင် အမှုကို အစကနေ ပြန်စစ်တဲ့ ဥစ္စာဘဲ ရှိတယ်။ ရုံးပြောင်းလျှောက်တယ် ဆိုလို့ရှိရင်လည်း တရားသူကြီးက အမှုရဲ့ အကြောင်းအရာ အချက်အလက်တွေကို သေသေချာချာ မသိရတဲ့ အတွက် အစကနေ ပြန်စစ်ဆေးတဲ့ သာဓကတွေလည်း ရှိပါတယ်။ သို့သော်လည်းဘဲ ဒီအမှုမှာ စတင်စစ်ဆေးစဉ် ကတည်းက ၂ ပါးထိုင်နဲ့ စစ်ဆေး စီရင်တာ ဖြစ်တဲ့ အတွက် အမှုကို အစကနေ စပြီးတော့ စစ်ဆေးဖို့ မလိုဘူးလို့ ကျနော်တို့ကတော့ မြင်ပါတယ်။ နောက် ပြီးတော့ ဒီမှာ ပြန်ကြားရေး အရာရှိ တာဝန်ယူထားတဲ့ ဒေါ်သီတာနွယ်ကလည်း ပြီးခဲ့တဲ့ ရုံးချိန်းမှာ ဒီအမှုကို ဦးစီးပြီးတော့ စစ်သွားတယ်။ သက်သေခံချက်တွေကို လက်ခံထားတယ် ဆိုတော့ကား ဦးညိုဌေး ဆုံးသွားတဲ့ အတွက် တခြား တရားသူကြီး တယောက်ကို အစားထိုးပြီးတော့ ဆက်လက်ပြီးတော့ စစ်ဆေးဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ဘဲ ကျနော်တို့ကတော့ ထင်မြင်ယူဆပါတယ်။

မအင်ကြင်းနိုင်။ ။ အဲတော့ တရားသူကြီး ဒီ ဒေါ်သီတာနွယ် အနေနဲ့ ခရိုင်တရားသူကြီး ဦးညိုဌေး အာမခံ ပြောခဲ့သလိုမျိုး တရားသူကြီး ဒေါ်သီတာနွယ်ရဲ့ ကိုင်တွယ်ပုံ အနေအထားကိုရော ဘယ်လို မျှော်လင့်ထားသလဲရှင့်။

ဦးမင်းလွင်ဦး။ ။ တရားစီရင်ရေးမှာ အဓိက တာဝန်ရှိတဲ့ တရားသူကြီးတွေ ကတော့ တနိုင်ငံလုံး ကနေပြီးတော့ အာရုံစူးစိုက်နေတဲ့ ကိစ္စရပ်မျိုးတွေမှာကတော့ ဥပဒေ အတိုင်းဘဲ ဆက်လက် ဆောင်ရွက် သွားလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ အဲဒီလို ဆောင်ရွက်သွားတဲ့ သာဓကတွေလည်း ကျနော်တို့ အများကြီး ရှိတယ်လေ။ ဥပမာ ဦးကိုနီ အမှု ဖြစ်တုန်းကလည်း အဲဒီလိုဘဲ မှန်မှန်ကန်ကန် စစ်ဆေးစီရင်တယ်။ ဥပဒေ အရ ခွင့်ပြုထားတဲ့ အချက်အလက်တွေကို တရားခံတွေကို ခွင့်ပြုတယ်။ ဥပဒေ အရ ခွင့်မပြုတဲ့ မေးမြန်းချက်တွေ ဆိုလို့ ရှိရင် သူတို့ ကန့်သတ် ပိတ်ပင်တယ်။ ဒါတွေက မှန်မှန်ကန်ကန် တရားသူကြီးတွေ အရင် တရားခွင်တွေမှာ လုပ်သွားတယ် ဆိုတဲ့ သာဓက ရှိနေတော့ ကျနော်တော့ ဒီအမှုမှာလည်း မှန်မှန်ကန်ကန်ဘဲ ဆက်လက် ဆောင်ရွက်သွားလိမ့်မယ် ဆိုတာဘဲ ကျနော်တိ့ု မျှော်လင့်ပါတယ်။

ဒုတိယခရိုင်တရားသူကြီး ဦးညိုဌေး မကွယ်လွန်မီ ရက်ပိုင်းကပဲ ဇနီးဖြစ်သူဟာ ၂၀၁၉ခုနှစ် သြဂုတ်လ (၂၃)ရက်နေ့ကကွယ်လွန်ခဲ့ပါတယ်။

ဗစ်တိုးရီးယားအမှု ခြောက်ကြိမ်မြောက် ရုံးချိန်ကို စက်တင်ဘာလ (၁၁)ရက်နေ့မှာ ဒဏ္ခိဏခရိုင်တရားရုံးမှာ ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG