သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွါးတောင်တရုတ်ပင်လယ်တွင်း လူလုပ်ကျွန်းတွေ ဗီယက်နမ်တည်ဆောက်


တောင်တရုတ်ပင်လယ်ထဲက Spratly ကျွန်းစု (ဧပြီ၊ ၂၁၊ ၂၀၁၇)
တောင်တရုတ်ပင်လယ်ထဲက Spratly ကျွန်းစု (ဧပြီ၊ ၂၁၊ ၂၀၁၇)

တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွါးစရာဖြစ်နေတဲ့ နေရာတွေမှာ ဗီယက်နမ်နိုင်ငံက ကျွန်းတွေ ၁၀ခုလောက်အထိ တည်ဆောက်နေပါတယ်။ တရုတ်နိုင်ငံကလည်း တောင်တရုတ်ပင်လယ်အတွင်း ကျွန်းတွေ တည်ဆောက်လို့ နိုင်ငံတကာရဲ့ဝေဖန်မှုတွေခံနေရပြီး ဒေသတွင်းနိုင်ငံတွေနဲ့ မသင့်မမြတ်တွေ ဖြစ်နေတာပါ။ ဗီယက်နမ်ရဲ့ ကျွန်းတည်ဆောက်မှုတွေက ဘာကြောင့် လူသိမများပဲဖြစ်နေရသလဲဆိုတာနဲ့ ဒီလုပ်ရပ်ကြောင့် ဒေသတွင်းမှာ ဘယ်လိုရိုက်ခတ်မှုတွေရှိသလဲဆိုတာတွေနဲ့ ပတ်သက်ပြီး Ralph Jennings ရဲ့သတင်းကို ကိုကျော်အောင်လွင် ဆက်ပြောပါလိမ့်မယ်။

ရေပိုင်နက်ဆိုင်ရာ အငြင်းပွါးစရာဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ လူလုပ်ကျွန်းငယ်လေးတွေ တည်ဆောက်နေတာက တရုတ်တင်မက ဗီယက်နမ်ကပါ လုပ်နေတာပါ။ ဒါပေမဲ့လည်း တရုတ်ရဲ့ တည်ဆောက်မှုတွေကို နိုင်ငံတကာက အကြီးအကျယ် အပြစ်တင်ဝေဖန်နေပေမဲ့ ဗီယက်နမ်ရဲ့ လုပ်ရပ်ကတော့ အဝေဖန်သိပ် မခံရပါဘူး။ အဝေဖန်မခံရတဲ့အပြင် ထောက်ခံအားပေးမှုတချို့တောင် ဗီယက်နမ်က ရနေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဗီယက်နမ်ရဲ့ တည်ဆောက်မှုက တဖြေးဖြေးချင်း လုပ်နေတာရယ်၊ ခုခံကာကွယ်ရေးအတွက် လုပ်ထားတဲ့သဘော မြင်ရတာရယ်တွေကြောင့်ပါ။

တောင်တရုတ်ပင်လယ်အတွင်းမှာ ကျွန်းငယ်တွေကို ဗီယက်နမ်က တည်ဆောက်နေတာတကယ်တော့ ဆယ်စုနှစ်နဲ့ချီပြီးရှိနေပါပြီ။ ဗီယက်နမ်ကုန်းတွင်းပိုင်းနဲ့ အနီးကပ်ဆုံး ကမ်းရိုးတန်းတွေနားမှာ တည်ဆောက်နေတာပါ။ အဲဒီကျွန်းတည်ဆောက်မှုတွေမှာ စစ်တပ်နဲ့ဆိုင်တဲ့ စီမံကိန်းကြီးကြီးမားမားတွေ မရှိအောင် ဗီယက်နမ်ကရှောင်ပြီး လုပ်ပါတယ်။ နောက်တခုက ဒီ ကျွန်းတည်ဆောက်မှုတွေဟာ ဒေသတွင်း အာစီယံနိုင်ငံတွေနဲ့ ဆက်စပ်ပြီး ဗီယက်နမ်နဲ့ အပြန်အလှန် ကာကွယ်ရေးတွေအတွက် လုပ်ဆောင်နေတဲ့ အချက်တွေက တရုတ်ရဲ့ကျွန်းဆောက်လုပ်မှုတွေနဲ့ ကွာခြားမှုတွေပါပဲ။ ဗီယက်နမ်ရဲ့ ကျွန်းဆောက်လုပ်မှုတွေကို အာစီယံအဖွဲ့က ပြဿနာမရှာတာနဲ့ ပတ်သက်ပြီး စင်္ကာပူနိုင်ငံ Rajaratnam နိုင်ငံတကာလေ့လာ ရေးဌာနက တွဲဘက်ပါမောက္ခ Alan Chong က သူ့ရဲ့ အမြင်ကို ရှင်းပြပါတယ်။

"ဗီယက်နမ်ရဲ့ ကျွန်းဆောက်လုပ်မှုနဲ့ ပတ်သက်ပြီး အာစီယံနိုင်ငံတွေအကြားမှာ တင်းမာမှုတွေဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးလို့ ကျနော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာစီယံနိုင်ငံတွေအားလုံးက တောင်တရုတ်ပင်လယ်တဝိုက်မှာ ဖွံ့ဖြိုးတိုးတက်နိုင်မယ့် အခြေအနေတွေကို ဆက်ပြီး ရှိနေစေချင်လို့ပါပဲ။ ဒါဟာ အာစီယံနိုင်ငံတွေအကြားက ဘုံသဘောတူညီမှုလို့ ကျနော်ထင်ပါတယ်။ တရုတ်ရဲ့ရန်ကို အာစီယံနိုင်ငံတွေအားလုံးက စိုးရိမ်နေတာကြောင့် ဗီယက်နမ်ရဲ့အစီအစဉ်ပျက်အောင် အချင်းချင်း မလုပ်ကြပါဘူး။"

ဗီယက်နမ်ဟာ သူတည်ဆောက်ထားတဲ့ အရေးပါတဲ့ ကျွန်း ၁၀ခုထဲက တချို့မှာ ပြီးခဲ့တဲ့၂၀၁၇ ခုနှစ်ကတည်းက တည်ဆောက်မှုတွေကို တဖြေးဖြေးချင်း ထပ်ဖြည့်ပြီး လုပ်ဆောင်နေတာလို့ အာရှပင်လယ်ရေကြောင်းဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေး အကျိုးဆောင်အဖွဲ့ရဲ့ အခုဧပြီလ ၈ရက်နေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဗီယက်နမ်ကအကြီးမားဆုံးယူထားတဲ့ Spratly ကျွန်းပေါ်မှာ ဆက်သွယ်ရေး ကိရိယာအသစ်တွေ အားကစားကွင်းတခုနဲ့ တိုးချဲ့လေယာဉ်ပြေး လမ်းကြောင်းတခုကို တည်ဆောက်နေပြီး အဲဒါက ၇၅၀မီတာကနေ မီတာ ၁၃၀၀ အထိတိုးချဲ့နေတာလို့ အမေရိကန်က မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာနကလည်း သိထားပါတယ်။

တောင်တရုတ်ပင်လယ်ထဲက ဒီ Spratly ကျွန်းစုကို ဗီယက်နမ်က သိမ်းပိုက်ထားတာ ဆယ်စုနှစ်နဲ့ချီရှိနေပြီး အဲဒီကဖွံ့ဖြိုး တိုးတက်မှုတွေကို စစ်တပ်ကထိမ်းချုပ်ပြီး လုပ်ဆောင်နေတာပါ။ အဲဒီကျွန်းမှာမြေဖို့တာတွေနဲ့ အဆောက်အဦးတချို့မှာ ဆိုလာပြားတပ်ဆင်မှုတွေလုပ်ထားတယ်လို့ ဆိုပါတယ်။ ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကို ကာကွယ်ရေးအတွက် ဒီကျွန်းတည်ဆောက်မှုတွေ လုပ်နေတာလို့ ဟိုချီမင်းတက္ကသိုလ် လူမှုသိပ္ပံဌာနရဲ့ အကြီးအကဲ Trung Nguyen ကပြောပါတယ်။

"ဒီကျွန်းတွေဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးအတွက်လို့ ဗီယက်နမ်အစိုးရက ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ တခြားရည်ရွယ်ချက်တွေနဲ့ အကြီးအကျယ်လုပ်ဆောင်တာတွေ တိုးချဲ့တာတွေ မရှိပါဘူး။ ဒီလိုကြေညာမှုနဲ့ ပတ်သက်ပြီး တခြားနိုင်ငံတွေက အကြီးအကျယ် စိတ်ဝင်တစားဖြစ်တာကို ဗီယက်နမ်အစိုးရက မလိုလားဘူးလို့ကျနော်ထင်ပါတယ်။ အဲဒါကြောင့် တိတ်တိတ်ဆိတ်ဆိတ် လုပ်နေတာ ဖြစ်ပါလိမ့်မယ်။"

တောင်တရုတ်ပင်လယ်က အငြင်းပွါးနေတဲ့ ကျွန်းတွေထဲမှာ ၉၀ ရာခိုင်နှုန်းလောက်ကို တရုတ်က သူပိုင်တယ်လို့ ပြောနေတာပါ။ ဗီယက်နမ်၊ ဘရူးနိုလ်း၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်နိုင်တွေကလည်း သူတို့ပိုင်တယ်လို့ ဆိုနေကြတာပါ။ ဗီယက်နမ်ဘက်က အခုလိုကျွန်းတည်ဆောက်မှုတွေ လုပ်နေတာကြောင့် တရုတ်အနေနဲ့ ဒီနေရာတွေကို အလွယ်တကူဖို့ မဖြစ်နိုင်တော့ဘူးလို့ အာရှပင်လယ်ရေကြောင်းဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေး အကျိုးဆောင်အဖွဲ့ရဲ့ ညွှန်ကြားရေးမှုး Gregory Polingက ဆိုပါတယ်။

ဗီယက်နမ်ရဲ့ကျွန်းတည်ဆောက်မှုတွေကို ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုကလည်း အားပေးထောက်ခံကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ တရုတ်ရဲ့ နယ်မြေချဲ့ထွင်မှုတွေကို ကန့်သတ်စေချင်လို့ပါပဲ။ ဂျပန်နဲ့ ဗီယက်နမ်အကြား ၂၀၁၄ခုနှစ်က လုပ်ထားတဲ့သဘောတူညီချက်အရ ကမ်းခြေစောင့်သင်္ဘော ၆ စီး ဗီယက်နမ်ကို ဂျပန်က လှူထားပါတယ်။ အမေရိကန် ရေတပ်သင်္ဘောတွေကလည်း တရုတ်ကို သတိပေးတဲ့အနေနဲ့ တောင်တရုတ်ပင်လယ်အတွင်း ကင်းလှည့်မှုတွေကို ပုံမှန် လုပ်နေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG