Virginia Beach မြို့ မြူနီစီပယ် အဆောက်အအုံတခုမှာ သေနတ်ပစ်ခတ်မှု တခု ဖြစ်ပွားခဲ့ပြီး ၁၂ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရရှိတယ်လို့ မြို့နယ် ရဲ တပ်ဖွဲ့က ပြောပါတယ်။
သေနတ်သမားလို့ သံသယရှိသူဟာ သူ့ကိုယ်သူ သတ်သေသွားတာလား၊ ရဲတွေက ပစ်သတ်လိုက်တာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သံသယရှိသူ သေနတ်သမားဟာ မြူနီစီပယ်မှာ ရေရှည်လုပ်ကိုင်လာသူ ဝန်ထမ်းတဦးဖြစ်ပြီး ခံပြင်း ဒေါသထွက်နေသူတဦး ဖြစ်တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့အကြီးအကဲ James Cervera က ဆိုပါတယ်။ ကျည်ဆန်ထိမှန်သူတွေထဲမှာ ရဲအရာရှိတယောက်ပါဝင်ပေမယ့် အသက်ရှင်တယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာဟာ Virginia Beach မြို့ စည်ပင်လုပ်ငန်းဌာနတွေ တည်ရှိတဲ့ မြူနီစီပယ် အဆောက်အအုံ အမှတ် ၂ ဖြစ်ပါတယ်။ ဒီကနေ့ဟာ Virginia Beach သမိုင်းမှာ အဆိုးရွားဆုံး နေ့တနေ့ ဖြစ်တယ်၊ ထိခိုက် သေဆုံးရသူတွေဟာ သူတို့ရဲ့ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အိမ်နီးချင်းတွေဖြစ်တယ်လို့ မြို့တော်ဝန် Bobby Dyer က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
အဖြစ်အပျက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။