သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆန္ဒရှင် စာရင်း မှားယွင်းမှု ကြီးမားဆဲ


မဲဆန္ဒရှင် စာရင်း ကြည့်နေသူပြည်သူတဦး။ (စက်တင်ဘာ ၁၄၊ ၂၀၁၅)
မဲဆန္ဒရှင် စာရင်း ကြည့်နေသူပြည်သူတဦး။ (စက်တင်ဘာ ၁၄၊ ၂၀၁၅)

၂၀၁၅ အထွေထွေရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်စာရင်းတွေကို စက်တင်ဘာလ ၁၄ ရက်နေ့က ဒုတိယအကြိမ် ထုတ်ပြန်လိုက်တာမှာ နေရာအတော်များများမှာ အမှားအယွင်းတွေ ဆက်ပြီးဖြစ်နေတုန်းပဲဖြစ်ပါတယ်။ မဲစာရင်းအမှားတွေ ဆက်ဖြစ်နေတာဟာ ရွေးကောက်ပွဲ တရားမျှတ လွတ်လပ်မှု နဲ့ ရွေးကောက်ပွဲ ရလဒ်ရဲ့ တိုင်းရင်းသားပြည်သူလူထုတွေရဲ့ကိုယ်စားပြုမှုကို ထိခိုက်အောင် တမင် ရည်ရွယ်ချက် ရှိရှိ လုပ်နေတာဖြစ်နိုင်တယ်လို့လည်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပမယ့် ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းတွေမှာ အမှားအယွင်းတွေ အတော်များများ ဆက်ပြီးရှိနေတုန်းပဲဖြစ်တယ်လို့ မဲဆန္ဒရှင်တွေက ပြောပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့က ဒုတိယအကြိမ် ထုတ်ပြန်လိုက်တဲ့ မဲစာရင်းတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ခံတချို့က အခုလို ဗွီအိုအေကို ပြောပါတယ်။

"တနေရာနဲ့ တနေရာ မတူဘူးဗျ။ ဥပမာ ကျနော်တို့ဘက်မှာ ဆိုလို့ရှိရင်တော့ နည်းနည်းလေး မှန်တာပေါ့။ မှန်တယ်ဆိုတာ မှတ်ပုံတင် နံပတ် မှားတဲ့ ဟာလေးတွေ ပြန်မှန်သွားတာပေါ့။ ဒါပေမဲ့ ဘာပြန်မှားလဲဆိုတော့ နဂို မဲစာရင်းတုန်းကတော့ အဲ့လူ နာမည် မပါဘူးပေါ့။ ကွယ်လွန်တဲ့သူတွေ ပြန်ပါ လာတာမျိုးတွေ ရှိတယ်။ နောက်တခုက Alphabet နဲ့ စီတယ်ပြောတယ်။ အဲ့တော့ ကြည့်ရတဲ့သူတွေက ပိုပြီး ရှုပ်ထွေးသွားတာပေါ့။ "

" ဗဟန်းရဲ့ သွားကြည့်တဲ့ ဇုန်က ပြောလိုက်တယ် ဒီနေ့ ထီထိုးရမယ်တဲ့ သမီးတဲ့။ (ရယ်လျက်) ဒီနေ့ သွားကြည့်တဲ့သူတွေထဲမှာတော့ ဒီနေ့အဖို့ပေါ့ ကျန်တဲ့နေ့တွေတော့ မဟုတ်ဘူးပေါ့။ မှန်တာဆိုလို့ အမ တယောက်ပဲ ရှိတယ်ပြောလိုက်တယ် သိလား။"

" မဲစာရင်းက အခုလောလောဆည် အမှားတွေများတယ်။ တချို့ဆို တခြားအိမ်ထောင်စုထဲမှာ ရောက်နေတာတို့ နာမည်တွေ ကတော့ တော်တော် မှားတယ်။ နောက် လိင်- ကျားတွေ မ တွေလည်း မှားတယ်။ အခုထက်ထိ တချို့ဆိုလို့ရှိရင် သူများ အိမ်ထောင်စုဇယားထဲကို ရောက်နေတာ။ အခု NLD ကနေပြီးတော့ မဲစာရင်းပြင်ပေးဖို့ မဲစာရင်းနဲ့ သန်းခေါင်စာရင်း တိုက်ပေးဖို့ အဲ့လိုမျိုးတွေ NLD ကပဲ လှုပ်ရှားမှုရှိတယ်။ "

ရွေးကောက်ပွဲကျင်းပဖို့ ၁ လကျော်ကျော်လောက်ပဲ လိုနေတဲ့အချိန်မှာ မဲစာရင်းတွေ မှန်ကန်ခြင်း မရှိသေးတဲ့အတွက် မဲဆန္ဒရှင်တွေကြားမှာလည်း ရွေးကောက်ပွဲ အပေါ်မှာ စိုးရိမ်မှုတွေရှိနေပါတယ်။

အခုလို မဲစာရင်းတွေမှန်ကန်ခြင်းမရှိတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းကတော့ အခုလို ပြောပါတယ်။

" ကျနော့်အမြင်အားဖြင့်ပေါ့လေ ဒီလို မဲစာရင်းတွေ မှားယွင်းအောင် တမင်များ အကွက်ဆင် လုပ်နေသလားလို့ သံသယဖြစ်မိတယ်။ အဲ့ဒီ့ မဲစာရင်းတွေ အလွဲအမှားကို အခွင့်ကောင်းတခုအဖြစ် ဖန်တီးပြီး ရွေးကောက်ပွဲရဲ့ လွတ်လပ်ပြီး တရားမျှတမှုနဲ့ ရွေးကောက်ပွဲ ရလဒ်ရဲ့ တိုင်းရင်းသားပြည်သူလူထု အများစုကို ကိုယ်စားပြုနိုင်ခြေကို ထိခိုက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ အစီအစဉ်တကျ အကွက်ချပြီးတော့ လုပ်နေသလားလို့ သံသယဖြစ်မိပါတယ်ဗျ။"

ကိုရန်နိုင်။ ။ ဟုတ်ကဲ့ ဒီလိုသံသယဖြစ်မယ်ဆိုလည်း တော်တော်လေးကို သံသယဖြစ်စရာ အနေအထားပေါ့လေ။ ဒါပေမဲ့ သူတို့မှာ ဒေါက်တာရန်မျိုးသိန်း သုံးသပ်သလိုအပြင် တခြား Capacity ပိုင်းက လိုအပ်ချက်တွေကြောင့်များ ရော ဖြစ်နိုင်မလား။

" ကျနော့်အမြင်အားဖြင့်ပေါ့လေ ၁၉၉၀ က ကျနော်တို့ ရွေးကောက်ပွဲ လုပ်ခဲ့တယ်။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲတုန်းက တပ်မတော်အစိုးရ လက်အောက်မှာ လုပ်ခဲ့တယ်။ ဒါပေမဲ့ ကော်မရှင်ရဲ့ အနေအထားကို ကြည့်မယ်ဆိုရင်တော့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက လုပ်ခဲ့တဲ့ ကော်မရှင်က အခုကော်မရှင်ထက် ကြားနေပြီး တကယ် လွတ်လပ်ပြီးတော့ ဘက်မလိုက်တဲ့ ကော်မရှင် လို့ ပြောလို့ရတယ်။ အဲ့ဒီ့ ၁၉၉၀ တုန်းက လွန်ခဲ့တဲ့ ၂၅နှစ်တုန်းက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတုန်း ကတောင် ဒီလို မဲစာရင်းပြသနာမျိုး ကြီးကြီးမားမား တက်ခဲ့တာ မရှိပဲနဲ အခု အစိုးရသစ် ကလည်း တက်တယ်လို့ ဆို တယ်။ နောက် နိုင်ငံ တကာ အသိုင်းအဝိုင်းကလည်း နည်းလမ်းပေါင်းစုံနဲ့ နည်းပညာရော ကျွမ်းကျင်မှုရော ပံ့ပိုးပေးနေတယ်။ အထူးသဖြင့် အမေရိကန်နဲ့ ဥရောပ သမဂ္ဂကလည်းပဲ ရွေးကောက်ပွဲ ကိစ္စမှာ အထူးတလည် ပံ့ပိုးမှုတွေ လုပ်နေတယ်။ အဲ့သလို အခြေအနေအောက်မှာ ပြင်ဆင်ဆောင်ရွက်တဲ့မဲစာရင်းဟာ ဘာဖြစ်လို့ ၁၉၉၀ ကထက် ပိုပြီးတော့အသံဗလံတွေ ဆူညံနေရလဲ ဆိုတာ ကျနော် နားမလည်ဘူး။ နော် Capacity အပိုင်းက ကြည့်မယ်ဆိုလို့ရှိရင်လည်း ကျနော့်အမြင်အားဖြင့် လက်ရှိအခြေအနေဟာ ၁၉၉၀ ထက် အများကြီး အသာစီးရနေတဲ့ အနေအထားလို့ ကျနော်ကမြင်တယ်။ အဲ့လိုအနေအထားမျိုး မှာတောင်မှ ဒီလို အခြေခံမဲစာရင်းတွေကို အလွဲအမှားဖြစ်အောင် လုပ်တယ်ဆိုတာ ကျနော်ကတော့ တမင်ကို အကွက်ချ ရည်ရွယ်ပြီး အစီအစဉ်တကျနဲ့ ရွေးကောက်ပွဲ ရလဒ်နဲ့ ရွေးကောက်ပွဲရဲ့ တရားမျှတနိုင်ခြေ လျော့ပါးအောင် လုပ်တဲ့သဘောဘက်ကို ပိုပြီး အားသာတယ်လို့ ကျနော်ကမြင်ပါတယ်။"

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲရဲ့ ရလဒ်မှန်ကန်ဖို့၊ နဲ့ ဒီရွေးကောက်ပွဲ တရားမျှတ လွတ်လပ် ဖို့အတွက်ဆိုရင် မဲစာရင်းတွေ မှန်ကန်မှုရှိဖို့က အရေးကြီးတယ် လို့ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းတွေ မှန်ကန်ခြင်း မရှိသေးတာတွေ အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဘယ်လို ဆက်လုပ်သွားမလဲ ဆိုတာကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားခြင်း မရှိခဲ့ပါဘူး ။ မဲစာရင်း အမှားတွေကိုတော့ စက်တင်ဘာ ၂၇ ရက်နေ့နောက်ဆုံး ထားပြီး ပြင်ဆင်ကြ ရမှာဖြစ်ပြီး၊ မဲစာရင်းမှာ မပါသူတွေအနေနဲ့ ပုံစံ ၃ ၊ ၄၊ ၄ (ဂ) တို့နဲ့ လျှောက်ထားကြရမယ်လို့ ကော်မရှင်က ကြေညာထားပါတယ်။

XS
SM
MD
LG