သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် ဝတပ်ဖွဲ့နဲ့တွေ့


အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် ဝတပ်ဖွဲ့နဲ့တွေ့
အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် ဝတပ်ဖွဲ့နဲ့တွေ့

မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကြောင့် နိုင်ငံတကာနဲ့ ဆက်ဆံမှုတွေ မြင့်တက်လာချိန်မှာ အစိုးရက တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း ပြေလည်မှုရအောင် ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်။ အခုနောက်ဆုံး မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) နဲ့ မြန်မာ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဝတပ်ဖွဲ့ရဲ့ ဌာနချုပ်ရှိရာ ပန်ဆန်းဒေသကို ရောက်ရှိလာခဲ့တဲ့ ဦးအောင်သောင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နဲ့ ဝခေါင်းဆောင်တွေ တွေ့ဆုံမှုအတွင်း ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေတင်မကဘဲ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေးကိစ္စတွေကိုပါ ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီအခြေအနေ အသေးစိတ်ကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအောင်သောင်းနဲ့ အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ဒေသက ဝပြည် သွေးစည်းညီညွတ်ရေး ပါတီ ဌာနချုပ် အခြေစိုက်ရာ ပန်ဆန်းမြို့ကို ရောက်ရှိခဲ့ပါတယ်။

ပန်ဆန်းဒေသခံ တစ်ယောက်ကတော့ မြန်မာအစိုးရဘက်က အဖွဲ့တစ်ဖွဲ့ဟာ ရဟတ်ယာဉ်နဲ့ ရောက်လာကြောင်းနဲ့ ပန်ဆန်းမြို့ပေါ်မှာ လုံခြုံရေး တင်းကျပ်ထားကြောင်း အခုလို ပြောပြပါတယ်။

“ဒီနေ့ကတော့ ဗမာတွေလာတယ်လေ။ ပန်ဆန်းမှာ ဟတ်စကီးနဲ့လာတာ။ ၁၀ နာရီ ၁၁ နာရီအချိန်။ ဘယ်သူတွေလာသလဲတော့ မသိသေးဘူး။ အခုလောလောဆယ် စစ်သားတွေက တအားပိတ်ထားတဲ့ အခါကျတော့ သွားလာလို့လည်း မရသေးဘူး။”

ဝတပ်ဖွဲ့တွေနဲ့နီးစပ်တဲ့ တရုတ်-မြန်မာနယ်စပ်က နိုင်ငံရေး စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ဦးအောင်သောင်းနဲ့ လူ ၂၀ လောက် ဒီနေ့ ပန်ဆန်းကို ရောက်ရှိလာတာဖြစ်တယ်လို့ ပြောပါတယ်။

ဦးအောင်သောင်းနဲ့အဖွဲ့ လာရှိရောက်တာဟာ ဒေသဖွံ့ဖြိုးရေးအတွက်လို့ ယူဆရကြောင်း ဦးအောင်ကျော်ဇော်က အခုလိုပြောပါတယ်။

“အဓိက ကတော့ ဝဘက်က ဖိတ်တာပါ။ ချစ်ကြည်ရေးသဘော ဆန်တယ်ပေါ့ဗျာ။ သူတို့လုပ်ထားတဲ့ နယ်စပ် ဖွံ့ဖြိုးရေး အခြေအနေတွေလည်း နည်းနည်း ကြည့်ချင်တယ်တူပါတယ်။ အဲဒီအခြေအနေပါ အဓိက ကတော့။ နိုင်ငံရေးကိစ္စတော့ သိပ် ပါမယ်မထင်ဘူး။ သူတို့ ဘာမှပြင်ထားတာ မရှိဘူးလေ။”

UWSA ခေါ် ဝပြည် သွေးစည်းညီညွတ်ရေးပါတီဟာ ၁၉၈၉ ခုနှစ်က ဗမာပြည် ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ မြန်မာစစ်အစိုးရက တောင်းဆိုတာကို ငြင်းပယ်ခဲ့တဲ့နောက်မှာ နှစ်ဘက်ဆက်ဆံရေး တင်းမာလာခဲ့ပါတယ်။

ဒီနှစ် စက်တင်ဘာလနဲ့ အောက်တိုဘာ လဆန်းပိုင်းမှာတော့ မြန်မာအစိုးရသစ် ကိုယ်စားလှယ်တွေနဲ့ ဝခေါင်းဆောင်တွေအကြား နှစ်ကြိမ်တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းဖို့အတွက် သဘောတူညီချက် ရရှိထားတာ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကာလက ဝနယ်အတွင်း ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် ၁၂ နေရာအတွက် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တာကြောင့် ဦးအောင်သောင်းနဲ့အဖွဲ့ လာရောက်တဲ့ခရီးစဉ်မှာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို ၀ ဒေသအတွင်း ကျင်းပနိုင်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖွယ်ရှိတယ်ဆိုတဲ့ ပြောဆိုတာတွေလည်း ရှိနေပါတယ်။ ဦးအောင်ကျော်ဇောကတော့ ဝနယ်အတွင်း ရွေးကောက်ပွဲ ကျင်းပဖို့ဟာ အချိန်ယူရမှာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“အစိုးရသတ်မှတ်ထားတဲ့မြို့နယ်တွေက ရွေးကောက်ပွဲ မလုပ်ခဲ့ရဘူး။ ဘယ်ပါတီက လာရွေးမှာလဲ။ ဗကပ နဲ့ တခြား ပါတီက လာရွေးမှာလား။ ဒါကတော့ ကျနော်ထင်တယ်။ အချိန် တချိန်ချိန် ယူကြရလိမ့်မယ်။ ကျနော် သိသလောက်ကလည်း လောလောဆယ် မမြင်သေးဘူးခင်ဗျ။”

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအရ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းကို မြို့နယ် ၆ မြို့နယ်နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုတော့ မြို့နယ် နှစ်မြို့နယ်မှာသာ ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။

ဦးအောင်သောင်းတို့ လာရောက်တဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ဝတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ် မေးမြန်းရာမှာတော့ တစ်စုံတရာ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။

မနက်ဖြန်မှာတော့ ဦးအောင်သောင်းနဲ့အဖွဲ့ဟာ အခြား အပစ်ရပ်အဖွဲ့တစ်ခုဖြစ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားအဖွဲ့ဘက်ကို ဆက်လက် ထွက်ရောက်မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စေ့စပ်ညှိနှိုင်းဖို့ ကြိုးပမ်းနေတဲ့ တချိန်တည်းမှာ အပစ်အခတ်ရပ်စဲထားတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း တွေ့ဆုံနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းကတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းဟာ အပစ်အခတ် မရပ်စဲသေးတဲ့ ကရင်အမျိုးသား အစည်းအရုံး၊ မွန်ပြည်သစ် ပါတီ စတဲ့အဖွဲ့တွေအပြင် မြန်မာ့ဒီမိုကရေစီ အင်အားစုခေါင်းဆောင်၊ ပအိုးဝ်အဖွဲ့ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG