သုံးရလွယ်ကူစေသည့် Link များ

စစ်ဘေးသင့် ပြည်သူတွေ အရေး မေ့မထားသင့်


ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေနဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတာ လေးနှစ်ပြည့်

တတိုင်းပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲနိုင်ရေး အပြီးသတ် စာချုပ်ချုပ်ဆိုနိုင်ဖို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အစိုးရကြား ကြိုးစားနေချိန်မှာပဲ နှစ်ချီပြီး စစ်ဘေးဒဏ်ကို ခါးစည်းခံနေရတဲ့ စစ်ဘေးဒဏ်သင့်ပြည်သူတွေအရေး တာဝန်ရှိသူတွေ လျစ်လျူရှုမထားကြဖို့ ဒုက္ခသည်အရေး လှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။ တိုက်ပွဲတွေပြင်းထန်နေဆဲ ကချင်၊ ကိုးကန့် စတဲ့ တိုင်းရင်းသားဒေသအချို့က စစ်ပြေးဒုက္ခသည်တွေအတွက် အသက်လုံခြုံရေး၊ ဘဝရပ်တည်ရေးတွေ အာမခံချက် မရှိတဲ့အပြင် စားနပ်ရိက္ခာ၊ဆေးဝါးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း သိရပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က တင်ပြထားပါတယ်။

နိုင်ငံတော်သမ္မတရှေ့မှောက်မှာ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ အစိုးရပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတို့ တနိုင်ငံလုံး အပစ်ရပ် စာချုပ်မူကြမ်းကို လက်မှတ်ထိုးပြီးတဲ့နောက် အပြီးသတ် လက်မှတ်ရေးထိုးနိုင်ကြရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ခေါင်းဆောင်တွေ ဒီသီတင်းပတ်ကစလို့ ကရင်ပြည်နယ် လော်ခီးလာဌာနချုပ်မှာ အကြိတ်အနယ် ဆွေးနွေး အဖြေရှာ ညှိနှိုင်းနေကြဆဲဖြစ်ပါတယ်။ ဒီလိုငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ကြိုးပမ်းနေချိန်မှာပဲ တိုင်းရင်းဒေသတချို့မှာ မြန်မာတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တို့ကြား တိုက်ပွဲတွေ ဖြစ်နေဆဲပါ။ ဒီလိုအခြေအနေမှာ ဒေသခံပြည်သူတွေဟာ စစ်ဘေးဒဏ်က လွတ်မြောက်ရေး ထွက်ပြေးတိမ်းရှောင်နေရသလို စစ်ပြေး ဒုက္ခသည်စခန်းတွေမှာ သွားရောက် ခိုလှုံ နေထိုင်နေရဆဲဖြစ်ပါတယ်။

အခုဆိုရင် ကချင်ပြည်နယ်တွင်း ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေနဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတာ လေးနှစ်ပြည့် သွားပြီဖြစ်ပါတယ်။ ကချင်လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေထဲမှာရော အစိုးရထိန်းချုပ်နယ်မြေတွေထဲက ကချင်စစ်ပြေး ဒုက္ခသည်က သိန်းချီရှိနေတဲ့ အနေအထားမှာ ဒုက္ခသည်တွေရဲ့ အနာဂတ်အရေး အဓိကတာဝန်ရှိသူတွေ လျစ်လျူရှုမထားသင့်ဘူးလို့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ကိုကျော်ဂွန်းက ပြောပါတယ်။

"အဓိက တာဝန်အရှိဆုံး အစိုးရကိုယ်တိုင် တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းနေတာရယ်၊ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ရှိနေတဲ့ ပြည်သူတွေက ဒီနို်င်ငံသားတွေပဲ ဖြစ်တဲ့အတွက် သူတို့ရဲ့အရေးဟာ ကျနော်တို့ တတိုင်းပြည်လုံးရဲ့အရေး ဖြစ်တယ်ဆိုတာ ထည့်သွင်းစဉ်းစားနိုင်ဖို့ရယ်။ နောက်ထပ်တခု အရေးကြီးဆုံးကတော့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်က အစိုးရနဲ့ လက်နက်ကိုင်တွေက ဘယ်လောက်အထိ ရှေ့ကိုပဲ သွားသွား၊ လက်မှတ်တွေပဲ ထိုးထိုး လုပ်နေ လုပ်နေ နောက်မှာ ရှိနေတဲ့ ပြည်သူတွေရဲ့ ယုံကြည်မှု မရပဲနဲ့ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ခြင်းမရှိဘဲနဲ့ ရှေ့ကိုသွားတယ်ဆိုရင် ဒီငြိမ်းချမ်းရေးဖြစ်စဉ်က ရေရှည်တည်တံ့တဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖြစ်လာမှာမဟုတ်ဘူး။"

ဒုက္ခသည်စခန်းတွေထဲမှာ ခိုလှုံနေရတာ နှစ်ရှည်ကြာလာပြီဖြစ်တဲ့ နေရပ်ရင်းကိုလည်း မပြန်နိုင်သေးတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် ဘဝအာမခံ ရပ်တည်မှုရှိဖို့ အစိုးရ၊ လွှတ်တော်နဲ့ ကချင်ပြည်နယ်အစိုးရ စတဲ့ တာဝန်ရှိသူတွေဘက်က ဒုက္ခသည်တွေရဲ့အရေး အရေးတကြီး ဆောင်ရွက်ပေးဖို့ကို ကချင်အရေးလှုပ်ရှားသူတွေက ကချင်စစ်ဘေးဒဏ်သင့် လေးနှစ်မြောက်နေ့မှာ တောင်းဆိုလိုက်ကြပါတယ်။

"လက်ရှိဒုက္ခသည်တွေရဲ့ အနေအထားက အင်မတန်မှကို စိုးရိမ်စရာ အနေအထားဖြစ်နေတယ်။ မနက်ဖြန်အတွက်ကို မသေချာတဲ့ အနေအထားနဲ့မနက်ဖြန် စစ်ပွဲဖြစ်ရင်လည်း ထပ်-တိုးလာမယ့် ဒုက္ခသည်တွေ အတွက် ဘယ်သူ့အတွက်မှ အာမခံချက်မရှိဘူးဆိုတဲ့ အနေအထားဖြစ်နေတယ်။ ဆိုတော့ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ အရေးကအစ သူတို့ရဲ့ရှင်သန်မှု၊ သူတို့ရဲ့ဘဝလုံခြုံမှုက အများကြီး ကူညီထောက်ပံ့မှု ပေးရဦးမှာ။ အဲ့တော့ ဘာကြောင့် ဒီ စစ်ပြေးဒုက္ခသည် တစ်သိန်းကျော်ရဲ့ဒုက္ခကို အစိုးရက ဒီလောက် လျစ်လျူရှုပြီးမှ ဒီကချင်ပြည်နယ်ရဲ့ သယံဇာတတွေကို အဓိက ထုတ်ယူသုံးစွဲနေတဲ့ ပြည်ထောင်စုအစိုးရက ဒီကချင်ပြည်နယ်မှာ ရှိတဲ့ ပြည်သူတွေရဲ့ အရေးကို ဘာကြောင့် လျစ်လျူရှုနေရတာလဲဆိုတဲ့ ကိစ္စက အကြီးကြီး။ ဒီစစ်ပြေးဒုက္ခသည်တွေအတွက် သီးသန့်ကို ရန်ပုံငွေအနေနဲ့ တင်ပြကြတာ ဆွေးနွေးကြတာ ဘာမှမရှိဘူး။"

ကချင်ဒေသထဲက စစ်ပြေးဒုက္ခသည်တွေအရေး ငြိမ်းချမ်းရေးလှုပ်ရှားဆောင်ရွက်နေသူတွေက တောင်းဆိုနေကြချိန်မှာပဲ ကိုးကန့်ဒေသထဲ မှာလည်း နေ့စဉ်လိုလို ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေပြင်းထန်ဆဲဖြစ်တဲ့အတွက် ကိုးကန့်ပြည်သူတွေဟာ တရုတ်-မြန်မာနယ်စပ်နဲ့ စစ်ဘေးဒဏ်လွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ပါတယ်။

တိုက်ပွဲတွေပြင်းထန်နေဆဲ ကိုးကန့်လောက်ကိုင်ဒေသထဲ စစ်ပြေးဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေး အစိုးရဘက်က စီစဉ်နေပေမဲ့ စစ်ဖြစ်နေဆဲဖြစ်တာမို့ ဒုက္ခသည်တွေရဲ့လုံခြုံရေးက စိုးရိမ်နေရဆဲပဲဖြစ်တယ်လို့ ကိုးကန့်ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

"သူတို့အတွက်ကို ကျနော် တော်တော်စိတ်မကောင်းပါဘူးခင်ဗျ။ သူတို့လည်း တော်တော်ဒုက္ခရောက်ပါတယ်။ အခုလိုအချိန်ဆို ပိုဆိုးပေါ့ဗျာ။ ပြောရမယ်ဆိုရင် အခုဆိုရင် စိုက်ပျိုးရတဲ့ ရာသီရောက်နေပါပြီ။ အဲ့တာ သူတို့ အသေအချာလည်း မလုပ်ရ။ တလောတုန်းကဆို သူတို့ လက်ဖက်ခူးတဲ့သူတို့၊ အဲ့ဒီ့ လယ်လုပ်တဲ့သူတို့ဆိုရင် ဒီဗမာ့တပ်မတော်ဘက်က တော်တော်ဒုက္ခပေးတယ်လို့ ကျနော် ကြားရပါတယ်။ အဲ့တာ တကယ်ကို စိတ်မကောင်းပါဘူး။ ကျနော်တို့က အေးအေးဆေးဆေးနဲ့ ငြိမ်းချမ်းတဲ့ လမ်းစဉ်နဲ့သွားချင်ပါတယ်။ ဒါပေမဲ့ တဘက်က အသိအမှတ်မပြုဘူးဗျ။ ကျနော်တို့ကလည်း တိုင်းရင်းသားတမျိုးဖြစ်ပါတယ်။”

လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ ကိုးကန့်၊ ကချင် တအာင်းစတဲ့ တိုင်းရင်းဒေသတွေအပြင် စစ်ရေးတင်းမာနေဆဲ ရှမ်း၊ ရခိုင်နဲ့ တအာင်း ပလောင် လို တိုင်းရင်းဒေသတွေက စစ်ပြေးဒုက္ခသည်အတွက် အသက်အန္တရာယ် လုံခြုံရေး ရေရှည်ဘဝရပ်တည်ရေးတွေ ပညာရေး၊ စီးပွားရေး ၊လူမှုရေး စတဲ့ ဘဝအာမခံချက် မရှိတဲ့အပြင် စားနပ်ရိက္ခာ၊ဆေးဝါးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း ဒုက္ခသည်အရေးကူညီ ဆောင်ရွက်နေသူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG