သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ရေး နှင့် အစည်းအဝေး နိုင်ငံရေး


အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဖွင့်ပွဲ
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဖွင့်ပွဲ

အရပ်သားတပိုင်း ဦးသိန်းစိန်အစိုးရလက်ထက် အခမ်းအနား အဆောင်အယောင်နဲ့ အစည်းအဝေးတွေ ကျင်းပတာကို ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေမှာ မကြာခဏ ဖော်ပြကြပါတယ်။ နှစ်စဉ် အစည်းအဝေး ထောင်ချီကျင်းပတဲ့ အာဆီယံအသင်းမျာ ဥက္ကဋ္ဌ လုပ်နိုင်တာကိုလည်း တခမ်းတနား ဖော်ပြကြပါတယ်။ အစည်းအဝေးတွေ ကျင်းပတဲ့အတွက် အရပ်သားနဲ့ ဆက်ဆံရေး ကောင်းမွန်လာပေမဲ့ အာဏာရစစ်ဗိုလ် လူတန်းစားဟာ မိမိရဲ့ ရပိုင်ခွင့်နဲ့ အဆောင်အယောင်တွေကို စွန့်လွှတ်တာ မဟုတ်ပါဘူး။

၁၉၉၇ မှာ အာဆီယံအသင်းဝင် ဖြစ်လာတော့ ဗမာအစိုးရမှာ အစည်းအဝေးလုပ်ပြီး ကော်မတီဖွဲ့တဲ့ အလေ့အကျင့်နဲပ ယဉ်ပါးလာတာ (၃၅) နှစ် ရှိနေပါပြီ။ ဒါကြောင့် အစည်းအဝေး သံသရာလည်နေတဲ့ အာဆီယံအသင်းမှာ ဘယ်နေရာက ဘယ်လို စခန်းသွားရမယ်ဆိုတာကို ချက်ချင်းသဘောပေါက်သွားပါတယ်။ အမေရိကန်၊ ဥရောပနဲ့ ဆက်ဆံရေး အဆင်ပြေသွားတော့ အစည်းအဝေးတင်မကတော့ဘဲ နှီးနှောဖလှယ်ပွဲနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပပြီး စီးပွားရှာသူတွေတောင် ရှိလာပါတယ်။ ဒါမျိုးကို စင်္ကာပူမှာ လုပ်စားနေကြတာ ကြာလှပါပြီ။ ဒါတွေကြောင့် မြန်မာအစိုးရ မျက်နှာပန်းလှလာပါတယ်။

သံတမန်ရေး စာမျက်နှာတွေ အရှိန်အဟုန်ဖြင့် တိုးတက်အောင်မြင်နေသည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ စက်တင်ဘာလ (၁၁) ရက်နေ့မှာ သမ္မတရုံးက ကြေညာချက်ထုတ်ပြီး ဂုဏ်ယူလိုက်ပါတယ်။ ပြုပြင်ရေးမှာ ချီးကျူးခံရတာနဲ့ အနှစ် (၂၀) ကျော် ဆွေးနွေးဝေဖန်လာတဲ့ လူ့အခွင့်အရေးကိစ္စကို ရပ်ဆိုင်းဖို့ ကုလသမဂ္ဂကို တောင်းဆိုတဲ့အထိ ဗမာအစိုးရဟာ ပြောရဲဆိုရဲ ရှိလာပါတယ်။ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ရေးလုပ်ငန်းတွေဟာ ယုံကြည်စိတ်ချလောက်အောင် အခြေခိုင်သေးတာ မဟုတ်ဘဲ၊ အပြောများပြီး လက်တွေ့နည်းနေလို့ အာဏာရှင်ခေတ် ပြန်သွားမှာ စိုးရိမ်နေရတယ်လို့ ကုလသမဂ္ဂက ယူဆပါတယ်။ အစည်းအဝေးအစီအစဉ် လုပ်နိုင်တဲ့ အာဆီယံဥက္ကဋ္ဌရဲ့ အာဏာကို အသုံးပြုပြီး မိမိအကျိုးစီးပွားကို မြှင့်တင်ရာမှာလည်း ဗမာအစိုးရ အောင်မြင်နေတာ တွေ့ရပါတယ်။ အစည်းအဝေးနိုင်ငံရေးမှာ ကျွမ်းကျင်တာကို ပြသနေပါတယ်။

အာဆီယံဝန်ကြီးများ အစည်းအဝေးမှာ အားလုံးသဘောတူမှ ဆုံးဖြတ်နိုင်တာမို့ ဥက္ကဋ္ဌရဲ့ အခန်းကဏ္ဍဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ အာဆီယံဥက္ကဋ္ဌရဲ့ အစီအစဉ်လုပ်ပိုင်ခွင့်ကို စာရေးပြီး ဖော်ပြထားတာ မဟုတ်တဲ့အတွက် လိုသလို သုံးနိုင်တဲ့သဘော ရှိတာမို့ ဗမာအစိုးရဟာ ရိုဟင်ဂျာကိစ္စကို ဘေးဖယ်ထားနိုင်ပါတယ်။ အာဆီယံအသင်းဝင်ဖြစ်တာ (၁၇) နှစ်ရှိပြီဖြစ်လို့ အစည်းအဝေးသဘောကို နားလည်းတဲ့ မြန်မာအစိုးရဟာ အခြားအာဆီယံဥက္ကဋ္ဌတွေရဲ့ အမှားကို ရှောင်ရှားနိုင်ခဲ့တယ်လို့ ဘန်ကောက်အခြေစိုက် the Nation သတင်းစာအယ်ဒီတာ ကဝိချွန် ကီတာဗောင် က သြဂုတ်လ (၁၈) ရက်နေ့က ချီးကျူးထားပါတယ်။ ဥက္ကဋ္ဌ လုပ်သွားကြတဲ့ ကမ္ဘောဒီးယား နဲ့ ဘရူးနိုင်အစိုးရထက် မြန်မာက အများကြီးသာပါတယ်တဲ့။ တောင်တရုတ် ပင်လယ်ကိစ္စမှာ အာဆီယံအကျိုးကို မြှင့်တင်နိုင်တယ်လို့ ချီးကျူးထားပါတယ်။

တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုမှာ ဗိယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူးနိုင် နဲ့ မလေးရှားတို့ ပါဝင်နေကြပြီး အင်ဒိုနီးရှားက စိုးရိမ်ပူပန်နေပါတယ်။ အငြင်းပွားမှုမှာ မပါဝင်တဲ့ နိုင်ငံတွေကတော့ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ မြန်မာ ဖြစ်ပါတယ်။ တရုတ် ငြိုငြင်မှာ စိုးရိမ်တဲ့ ကမ္ဘောဒီးယားဟာ ရေပိုင်နက် အငြင်းပွားမှုကို ထိမ်ချန်လိုတဲ့အတွက် အာဆီယံ ကြေညာချက် မထုတ်နိုင်တဲ့ အဖြစ်ကို ရောက်သွားပါတယ်။ မြန်မာကတော့ အာဆီယံအသင်း ရပ်တည်ချက်ကို ကာကွယ်ပြီး တရုတ် စိတ်မပျက်အောင် လုပ်နိုင်တယ်လို့ တရုတ်အမျိုးသမီး သုတေသီ ယွန့်စွန်ရဲ့ စက်တင်ဘာလ စာတမ်းမှာ ဖော်ပြပါတယ်။ အပြင်းအထန် ဆွေးနွေးကြပေမယ့် နောက်ဆုံးကြေညာချက်မှာ စွပ်စွဲပြစ်တင်တာမျိုး မရှိအောင် ရှောင်ရှားနိုင်ပါတယ်။ ဘယ်သူမှ မထိခိုက်ရင် အားလုံးသဘောတူချက် ရယူနိုင်တဲ့ သဘောတရားကို ကျင့်သုံးနေပုံ ရပါတယ်။

လွန်ခဲ့တဲ့ အောက်တိုဘာလက အီတလီနိုင်ငံ မီလန်မြို့မှာ ကျင်းပခဲ့တဲ့ (၁၀) ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးမှာ သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောနိုင်တာဟာ အပယ်ခံကြီး အောင်လံထူပုံကို ပြသသလို ဖြစ်နေပါတယ်။ အာရှ-ဥရောပ အစည်းအဝေးတွေကို ဗမာစစ်အစိုးရ ကိုယ်စားလှယ် တက်ခွင့်မရတဲ့အတွက် အာဆီယံအသင်း နဲ့ ဥရောပအကြား အတော်လေး စကားများခဲ့ရပါတယ်။ ၂၀၀၄ ရောက်တော့မှ ထိပ်တန်းအရာထမ်းတွေကို ခွင့်ပြုတဲ့အတွက် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး တက်ခွင့်ရသွားပါတယ်။ ဒါပေမဲ့ အစိုးရ (သို့မဟုတ်) နိုင်ငံတော်အကြီးအကဲကိုတော့ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့ပါတယ်။

တကယ်တော့ အဖွဲ့ဝင်နိုင်ငံ (၅၀) ကျော် တက်ရောက်တဲ့ အာရှ-ဥရောပ ထိပ်သီးညီလာခံဟာ စကားဝိုင်းသာ ဖြစ်တာမို့ ဦးသိန်းစိန်အတွက် အပန်းမကြီးသလို ဖြစ်နေပါတယ်။ ပြည်တွင်းပြုပြင်ပြောင်းလဲမှုမှာ တိုင်းသူပြည်သား အကျိူးမခံစာရသေးပေမယ့် ပြည်ပဆက်ဆံရေး အများကြီး အဆင်ပြေလာပါတယ်။ အစည်းအဝေး ကျင်းပပြီး ကော်မတီဖွဲ့နိုင်တဲ့ အကျိုးကို ခံစားနေရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မဆလ ခေတ်ကလို အစည်းအဝေး သံသရာလည်ပြီး လက်တွေ့အခြေအနေ ကောင်းမွန်တိုးတက်မလာရင် ပြည်ပဆက်ဆံရေးမှာလည်း အဆင်မပြေ ဖြစ်လာနိုင်ပါတယ်။ လက်တွေ့မပါတဲ့ အစည်းအဝေး နိုင်ငံရေးဟာ အမြဲတမ်း ကျင့်သုံးလို့မရကြောင်း မြန်မာ့အခြေအနေက သက်သေပြနေပါတယ်။

XS
SM
MD
LG