သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးယူနိုင်တဲ့ စစ်တပ်ကျူးလွန်မှုများ


ကချင်ဆရာမနှစ်ဦး ဈာပန။
ကချင်ဆရာမနှစ်ဦး ဈာပန။

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက် ဆွေးနွေးခန်းအစီအစဉ်မှာ တရားဥပဒေ စိုးမိုးရေး ချွတ်ခြုံကျနေတယ်လို့ ဝေဖန်ခံနေရတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်နေတဲ့ ပြစ်မှုတွေကို ဘယ်လောက်ထိ မှန်မှန်ကန်ကန် ကိုင်တွယ်အရေးယူနိုင်ပါသလဲ။ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ဘာတွေများ ဆောင်ရွက်ပေးနိုင်ပါသလဲ။ အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု ကချင် စေတနာဝန်ထမ်း ဆရာမနှစ်ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အာရှလူ့အခွင့်အရေးကောင်မရှင်က ကြေညာချက် ထုတ်ပြန်တာကို တွေ့ရပါတယ်။ အဲဒီအထဲမှာ အတိအကျတော့ မဟုတ်ဘူး။ ဒါပေမဲ့ စစ်တပ်ကိုလည်း ညွှန်းထားတဲ့သဘောလို့ ကျနော် နားလည်ပါတယ်။ ဒါဟာ စစ်တပ်ရဲ့ လက်ချက်ဖြစ်တယ်လို့ အတိအကျများ အထောက်အထားတွေ ရှိပြီလား ခင်များ။

ဦးမင်းလွင်ဦး ။ ။ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ ဒေသတွေမှာ အထူးသဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အစရှိတဲ့ ဒေသတွေမှာ ကျူးလွန်တဲ့ ပြစ်မှုတော်တော်များများမှာ စစ်တပ်က ပါဝင်ပတ်သက်နေတယ်ဆိုတာကို တော်တော်များများ တွေ့ရတယ်။ ခမရတွေရဲ့ လက်အောက်ခံ၊ တပ်သားတွေ၊ အရာရှိတွေ ကျူးလွန်တဲ့ အစဉ်အလာတွေကို တွေ့ရတာဖြစ်တယ်။ ဒါကြောင့် ဒီအမှုမှာလည်း ဖြစ်ရပ်မှန် ပေါ်ပေါက်နိုင်ဖို့အတွက် အမြန်ဆုံး စုံစမ်းစစ်ဆေးပေးဖို့အတွက် သက်ဆိုင်ရာ မြောက်ပိုင်းတိုင်း လက်အောက်မှာရှိတဲ့ ခြေမြန်တပ်ရင်းမှူးအသီးသီးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနအသီးသီးကို အမြန်ဆုံး စုံစမ်းဖော်ထုတ်ပေးဖို့ မေတ္တာရပ်ခံတာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးမင်းလွင်ဦး ပြောတဲ့စကားကို ကြည့်မယ်ဆိုရင် စစ်တပ်ရဲ့ လက်ချက်ဖြစ်တယ်ဆိုတဲ့ ဥပဒေစကားနဲ့ ပြောမယ်ဆိုရင် Circumstantial evidence တောင် မရှိသေးဘူးပေါ့။ ဦးမင်းလွင်ဦး ပြောတာ Generalization ပေါ့။ ပြည်တွင်းစစ် ဖြစ်နေတဲ့ နေရာတွေမှာ ဖြစ်နေရင် သူတို့ ပါဝင်တတ်တယ်ဆိုတဲ့ သဘောမျိုးပဲ ရှိတယ်ပေါ့။

ဦးမင်းလွင်ဦး ။ ။ ကျနော်တို့က ပြောရတဲ့ကိစ္စမှာ ဒီတမှုထဲ မကပါဘူး။ လွန်ခဲ့တဲ့ တနှစ်ခွဲလောက်က ဖြစ်ခဲ့တဲ့ ပြည်မြို့ရဲ့ နဝဒေးတံတားအောက်မှာ ဖြစ်ခဲ့တဲ့ အမှုတွေမှာလည်း စစ်သားတွေ ပါဝင်ပတ်သက်တဲ့ အမှုတွေ ရှိခဲ့တယ်ဆိုတာကို တွေ့ရတယ်။ ဒါပေမဲ့ ယနေ့ထက်တိုင် တပ်မတော်က တပ်သားတွေ၊ အရာရှိတွေ ပါဝင်ကျူးလွန်တဲ့ အဓမ္မပြုကျင့်မှုတွေကို ထိထိရောက်ရောက် အရေးယူတာကို ယနေ့ထက်တိုင် မရှိသေးဘူးဆိုတာတွေကို ကျနော်တို့ အဓိက ဇောင်းပေးဖော်ပြလိုတဲ့အတွက် တပ်မတော်စစ်ကြောင်းကို ဖော်ပြရခြင်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုတော့ အဲဒီနားမှာ စခန်းချနေတဲ့ စစ်တပ်ထဲက တပ်သား (၂၀) လောက်ကိုလည်း DNA ယူပြီးတော့ စစ်ဆေးဖို့ဆိုပြီးတော့ ခွင့်ပြုထားပါတယ်။ ဒီနေရာမှာ အမှုမှန်ပေါ်ပေါက်ရေးအတွက် စစ်တပ်ကိုယ်တိုင် ပူးပေါင်းဆောင်ရွက်လာတယ်လို့ ကျနော်တို့ အသိအမှတ် ပြုရမှာပေါ့။

ဦးမင်းလွင်ဦး ။ ။ အဲဒီလို ပြောမယ်ဆိုရင်တော့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒီလို ပြစ်မှုဆိုင်ရာ အမှုတွေနဲ့ ပတ်သက်လို့ရှိရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက တပ်မတော်နဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို စစ်တပ်ကသာ ကိုင်တွယ်ဖြေရှင်းမယ်ဆိုပြီး စစ်ခုံရုံးကို ပို့ပြီးတော့ စစ်ဆေးစီရင်တာတွေကိုပဲ ကျနော်တို့ တွေ့ရပါတယ်။ အဲဒီတော့ အရင်တုန်းကလို ဒီလိုမျိုး စစ်ဖက်နယ်ဖက် ကျူးလွန်တဲ့ပြစ်မှုတွေကို အရပ်ဖက်တရားရုံးမှာ စစ်ပြီးအပြစ်ပေးတာက လုံးဝမရှိတော့ဘူးဆိုတာကို ကျနော်တို့ တွေ့ရတယ်။ အဓမ္မပြုကျင့်မှု၊ လူသတ်မှု စတဲ့အမှုတွေအားလုံးကို စစ်ခုံရုံးကနေ စစ်ဆေးအပြစ်ပေး စီရင်နေတာတွေကို သိရတယ်။ အဲဒီလို အပြစ်ပေး စီရင်တဲ့အခါမှာလဲ ပြစ်ဒဏ်တွေက ထိရောက်တဲ့ပြစ်ဒဏ်တွေ မဟုတ်ဘဲနဲ့ နှစ်လတန်သည်မျိုး၊ သုံးလတန်သည်မျိုး ရာထူးတဆင့် လျှော့ချတာမျိုး ပြစ်ဒဏ်ပေးတယ်ဆိုတာမျိုးတွေကို တော်တော်များများ ကြားသိရပါတယ်။

ဦးကျော်ဇံသာ ။ ။ စစ်အုပ်ချုပ်ရေး ကာလတွေမှာ အရေးအခင်းကာလတွေမှာ အရပ်သားတွေကို ဖမ်းပြီးတော့ စစ်ခုံရုံးက စီရင်လိုက်တဲ့ ကိစ္စတွေကြတော့ ပြစ်ဒဏ်တွေက အတော်မြင့်မြင့်မားမား အဆမတန် ပြစ်မှုနဲ့ ပြစ်ဒဏ် မမျှလောက်အောင် ကြီးမားတဲ့ ပြစ်ဒဏ်တွေကို ချခဲ့ပါတယ်။ အခုကြတော့ သူတို့အမှုတွေကြတော့ လျှော့လျှော့ပေါ့ပေါ့ လုပ်နေတယ်ဆိုတဲ့ သဘောလား။ သူတို့ရဲ့ ဥပဒေထဲမှာ ဘယ်လိုများ ပြဌာန်းထားလို့လဲ။

ဦးမင်းလွင်ဦး ။ ။ တပ်တွင်း စစ်တရားရုံးတွေ ဖွဲ့စည်းထားတဲ့ ပုံစံမှာ ကျနော်တို့ သိရသလောက်က အကျဉ်းနည်းနဲ့ စစ်ဆေးစီရင်တာပဲ များပါတယ်။ ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ တပ်မတော်သားဖက်ကတောင်မှ ခုခံချေပနိုင်တဲ့ အခွင့်အရေး မရှိဘူးဆိုတာတွေလည်း ကြားသိရပါတယ်။ အဲဒီတော့ အကျဉ်းနည်းနဲ့ စစ်ဆေးစီရင်တာ ဖြစ်တဲ့အတွက် တပ်မတော်တရားရုံးက တပ်အတွင်းက ဘယ်လို စစ်ဆေးစီရင်တာကို ပြင်ပက ဥပဒေကျွမ်းကျင်သူတွေလည်း မသိနိုင်ပါဘူး။ ဆရာဝန်တွေလည်း သက်သေထွက်ချက် မပေးနိုင်ပါဘူး။ ဒါကြောင့် ကျနော်တို့က ဒီအမှုမှာ တပ်မတော်သားတွေ တကယ်တမ်း ပါဝင်ပတ်သတ် ကျူးလွန်နေတဲ့ ကိစ္စဖြစ်နေတယ်ဆိုရင် အရပ်ဖက်တရားရုံးကို ပြောင်းရွှေ့ပြီးတော့ ဒီအမှုကို စစ်ဆေးစီရင်ပေးဖို့ကို ကျနော်တို့က အလေးအနက်ထား တောင်းဆိုတာဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ အခု မကြာသေးခင်က လောလောလတ်လတ်ဆိုရင် ကိုပါကြီး အသတ်ခံရတဲ့ အမှုလည်း ကြုံခဲ့ရပါတယ်။ အဲဒီအမှုကို စစ်တပ်က စစ်ဆေးခဲ့သလား။ အရပ်ဖက်တရားရုံးက စစ်ဆေးသလားဆိုတာကို နည်းနည်းရှင်းပြပါ။

ဦးမင်းလွင်ဦး ။ ။ ကိုပါကြီး အမှုနဲ့ ပတ်သက်လို့ ကိုပါကြီးဇနီး မသန္တာက သေမှုသေခင်း ရဲစခန်းမှာ ဖွင့်ထားတယ်ဆိုတာကို ကျနော်တို့ သိရတယ်။ သို့သော်လဲ သေမှုသေခင်းက ဘာမှ ဆက်လက်ပြီးတော့ ဆောင်ရွက်မှု မရှိဘူးလို့ နောက်ဆုံးအခြေအနေအရ သိရပါတယ်။ ပထမတုန်းကတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်လာပြီးရင် အရေးယူပေးမယ်။ ဆက်လက် စုံစမ်းစစ်ဆေးမယ်လို့ ပြောဆိုခဲ့သော်လဲ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်လာပြီးတဲ့နောက်ပိုင်းမှာ ဒီအမှုက လုံးဝ စုံစမ်းစစ်ဆေးမှုလည်း မရှိဘူး။ ရပ်တန့်နေတဲ့ သဘောမျိုး ဖြစ်နေတယ်ဆိုတာကို ကျနော်တို့ သိရတယ်။ စစ်တပ်က ပါဝင်ပတ်သက်တဲ့ အမှုဖြစ်ခဲ့ရင်တောင်မှ ဒီ လူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ တပ်မတော်အရာရှိတွေက တပ်မတော်နယ်မြေအတွင်းမှာ သေဆုံးသွားခဲ့တဲ့ လူတယောက်ဖြစ်ခဲ့ရင် အမြန်ဆုံး သက်ဆိုင်ရာ ရဲစခန်းနဲ့ တရားရုံးကို အကြောင်းကြားရမယ်။ ဒါတွေကို မလုပ်ခဲ့တာတောင်မှ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ထောက်ပြပြောဆိုတာ မရှိဘူးဆိုတာကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုပါကြီး အမှုကိုပဲ နည်းနည်းဆက်ရမယ်ဆိုရင် ဦးမင်းလွင်ဦးက ရှေ့နေတစ်ယောက်အနေနဲ့ အခုလက်ရှိ သက်သေအထောက်အထားတွေက စစ်တပ်ရဲ့ လက်ချက်ဆိုတာ အတော်လေး ခိုင်ခိုင်လုံလုံ တွေ့ရလား။ ပြောနိုင်လား။

ဦးမင်းလွင်ဦး ။ ။ ကျနော်တို့ ကြားသိရသလောက် တော်တော်များများက စစ်တပ်ရဲ့ ခြေမြန်တပ်ရင်း တပ်သားတွေ ပါဝင်ကျူးလွန်တဲ့ ပြစ်မှုဆိုတာကို တော်တော်များများ သိရပါတယ်။ ဒါကတော့ တရားဝင် မဟုတ်သော်လဲပဲ ဒေသခံပြည်သူလူထုတွေနဲ့ သက်ဆိုင်ရာ အန်ဂျီအို အဖွဲ့အစည်းတွေ ပြောကြားပေးတဲ့ သတင်းတွေအရ တပ်မတော်သားတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာကို သိရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု ကချင်စေတနာဝန်ထမ်း ဆရာမလေးနှစ်ဦးရဲ့ အမှုကြတော့ကော မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က တစုံတရာ ဆောင်ရွက်ဖို့ ဦးမင်းလွင်ဦးတို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေအနေနဲ့ တိုက်တွန်းတာတွေ၊ တောင်းဆိုတာတွေ ရှိပါလား။

ဦးမင်းလွင်ဦး ။ ။ ကျနော်တို့ အများကြီး တောင်းဆိုခဲ့ဖူးပါတယ်။ သို့သော်လဲ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှာက သူ့ရဲ့ မူဝါဒရှိတယ်။ အဲဒီတော့ တရားစွဲဆိုရမယ့် ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ သူက ဝင်ရောက်စွက်ဖက်ခြင်း မပြုဘူး။ ဒုတိယတချက်အနေနဲ့က တရားစွဲဆိုနေရင်ဖြစ်ရင်လဲ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က တရားရုံးအပေါ်မှာ ဘာမှ လွှမ်းမိုးအာဏာပေးခြင်း မရှိဘူး။ တရားရုံးက စစ်ဆေးစီရင်ပေးတဲ့ အမှုတွေကိုလဲ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ပါဝင်ပတ်သက်မှု မရှိဘူးလို့ တိတိကျကျ ဖော်ပြထားတဲ့အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ဘယ်ကိစ္စရပ်တွေများ ဆောင်ရွက်ပေးမလဲ ဆိုတာတောင် ကျနော်တို့ တော်တော်စဉ်းစားရခက်တဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့နိုင်ငံတွေမှာ အထူးသဖြင့် ဒီမိုကရေစီ ထွန်းကားတဲ့နိုင်ငံတွေမှာ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်များသည် သူတို့နိုင်ငံရဲ့ တရားစီရင်ရေးကိစ္စမှာ ဝင်ရောက်ပြီးတော့ ဝေဖန်စွဲဖက်ပိုင်ခွင့် ရှိကြပါလား။

ဦးမင်းလွင်ဦး ။ ။ နိုင်ငံတကာမှာ ဖွဲ့ထားတဲ့ အမျိုးသား လူ့အခွင့်အရေးကော်မရှင် တော်တော်များများမှာ ကျနော်တို့ အာရှနိုင်ငံ မပါဘူးပေါ့။ အဲဒီ နိုင်ငံတော်တော်များများက လွတ်လပ်တဲ့ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့တွေ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခု ကျနော် မေးချင်တာက အခုန ဦးမင်းလွင်ဦးတို့အဖွဲ့က အာရှလူ့အခွင့်အရေး ကော်မရှင်ဆိုတော့ အာရှတိုက်က နိုင်ငံတွေမှာတော့ မဟုတ်ဘူးပေါ့ဆိုပြီး ပြောသွားတယ်။ အာရှတိုက်နိုင်ငံတွေရဲ့ လူ့အခွင့်အရေးကော်မရှင်တွေ၊ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်တွေက အနောက်တိုင်း ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတွေလောက် မမြင့်ဘူးလို့ဆိုရင် မမှားဘူးဆိုတဲ့ သဘောမျိုး ကျနော် အဓိပ္ပါယ် ကောက်ချင်ပါတယ်။ အဲဒါ မှန်ပါသလား။

ဦးမင်းလွင်ဦး ။ ။ ဟုတ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံရဲ့ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို အဲဒီ အိမ်နီးချင်းတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် နောက်မှာထားမလား၊ ရှေ့မှာထားမလား။ တန်းတူထားမလား။

ဦးမင်းလွင်ဦး ။ ။ ပြောရမယ်ဆိုရင်တော့ နောက်မှာထားရမယ့် အခြေအနေမျိုးဖြစ်တယ်။ ဥပမာအားဖြင့် ပြောရရင် ကျနော်တို့ အိမ်နီးချင်း ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကျနော်တို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ထက် သူက နည်းနည်းပိုပြီးတော့ လုပ်နိုင်သေးတဲ့ အခြေအနေမျိုး ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဒီဆရာမလေးနှစ်ယောက် ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဦးမင်းလွင်ဦးတို့က ဒီလို ကြေညာချက် ထုတ်တဲ့အပြင် ဘာများ တိုက်တွန်းဆောင်ရွက်နိုင်တဲ့ အခြေအနေ ရှိပါသလဲ။ အချင်းချင်း တွေ့ဆုံညှိနှိုင်းတာ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မယ်။ ပိုပြီးလူ့အခွင့်အရေး ထွန်းကားလာအောင် ဆိုတာမျိုး ဦးမင်းလွင်ဦးတို့ ကော်မရှင်ဖက်က ကမ်းလှမ်းတာမျိုး ရှိပါလား။

ဦးမင်းလွင်ဦး ။ ။ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းထားတဲ့ကိစ္စရပ်တွေတော့ မရှိပါဘူး။ သို့သော်လဲပဲ အခါအားလျော်စွာ ကျနော်တို့ American Center, British Council ဌာနတွေကနေ သင်တန်းတွေ ခေါ်ယူပေးပို့တဲ့ ပို့ချတဲ့အခါတွေမှာတော့ ကျနော်တို့ အာရှလူ့အခွင့်အရေး ကော်မရှင်ကနေ သွားရောက်သင်တန်းတွေ ပို့ချတယ်ဆိုတာကို သိရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နဲ့ တရားဝင်တွေ့ဆုံပြီးတော့ ညှိနှိုင်းဆောင်ရွက်ဖို့တော့ အစီအစဉ် မရှိသေးဘူးပေါ့။

ဦးမင်းလွင်ဦး ။ ။ မရှိသေးပါဘူး။ သူတို့ကတော့ ပြောတယ် ဦစိန်မြိုင်တို့ကတော့ ပြောတယ်။ သင်တန်းတွေ ဖွင့်ချင်တယ်ဆိုရင်တော့ သူတို့ကိုပြောပါ။ သူတို့ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေးမယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ ကျနော်တို့က သီရိလင်္ကာရဲ့ နမူနာကို ကောင်းကောင်းရထားတာ ဖြစ်တဲ့အတွက် ဒီ အာရှဒေသမှာ အစိုးရနဲ့ ပေါင်းပြီးတော့ လူ့အခွင့်အရေးကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာ မလွယ်သေးတဲ့ အခြေအနေမျိုး ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ ဒီကိစ္စကို ဘာမှ မပြောသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးတခု မေးချင်တာက အခု ဆရာမလေးနှစ်ယောက် ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က တစုံတရာ ဆောင်ရွက်လာနိုင်တယ်လို့ မျှော်လင့်ပါလား။ ဆောင်ရွက်လာရင် ထိရောက်မှု ရှိလိမ့်မယ်လို့ ယူဆနိုင်ပါလား။

ဦးမင်းလွင်ဦး ။ ။ ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စရပ်တွေ ဖြစ်တိုင်းဖြစ်တိုင်းမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကနေ ပြောတာကတော့ တိုင်ကြားလို့ရှိရင် ကျနော်တို့က လက်ခံဆောင်ရွက်ပေးပါတယ်။ ထိုက်သင့်တဲ့ စုံစမ်းမှုတွေ ပြုလုပ်ပါတယ်။ ဒါလောက်ပါပဲ။ ဒီထက်ပိုပြီးတော့ လုပ်တဲ့ဥစ္စာ ဘာမှ မရှိသေးပါဘူး။ ဥပမာအားဖြင့် ဘဒန်ရှောင်၊ လဖိုင်ကိုင် ဆိုတဲ့ ကချင်အမျိုးသားနှစ်ဦးကို မတရားအသင်းနဲ့ ဆောင်ရွက်တယ်ဆိုပြီးတော့ ပြစ်ဒဏ်တွေ ချမှတ်ထားတာရှိတယ်။ အဲဒီတော့ စစ်ကြောရေးမှာ ယောကျ်ားချင်း လိင်တူဆက်ဆံတဲ့ ကိစ္စရပ်တွေအထိ ချိုးဖောက်ခံရတယ်ဆိုတာတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကိုယ်တိုင်း အဲဒီလူတွေနဲ့ သွားရောက်တွေ့ဆုံပြီးတော့ သိရှိပြီးဖြစ်တယ်။ သို့သော်လဲ ယနေ့ထက်တိုင် ဒီအမှုကိုလဲ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးဘူးဆိုတာတွေကို ကျနော်တို့ သိရတယ်။ မတရားစွပ်စွဲခံပြီးတော့ ထောင်ကျခံနေရတဲ့ တရားခံနှစ်ဦးကိုလဲ အခုအချိန်အထိ ပြန်လည်လွတ်ပေးနိုင်ခြင်း မရှိသေးဘူးဆိုတာ ကျနော်တို့ တွေ့ရတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီဆရာမနှစ်ဦးကိစ္စလဲ တိုင်းကြားတယ်လို့ ကြားပြီလား။

ဦးမင်းလွင်ဦး ။ ။ ကာယကံရှင်က တိုင်ကြားတယ်ဆိုရင် အရေးယူဆောင်ရွက်ပေးမယ်လို့ ပြောတယ်။ သို့သော်လဲပဲ အဲဒီလို တိုင်ကြားလိုက်တဲ့အတွက် ဒုက္ခရောက်သွားတာတွေလည်း ရှိတယ်။ အဲဒီဥစ္စာကတော့ ကချင်ပြည်နယ်အတွင်းမှာပဲ ဖြစ်ခဲ့တဲ့ ဘရန်ရှောင်ဆိုတဲ့ ကျောင်းသူတဦးလေးရဲ့ မိဘ။ သမီးဖြစ်သူကို နယ်မြေခံတပ် အချင်းချင်း မှားယွင်းပြီး ပစ်ခတ်တဲ့အခါမှာ သေဆုံးသွားတယ်။ သေဆုံးလို့ လူ့အခွင့်အရေး ကော်မရှင်ကို တိုင်တယ်။ အဲဒီတော့ နယ်မြေခံတပ်ကနေ ဦးဘရန်ရှောင်ပေါ်မှာ အစိုးရကို မမှန်သတင်းတွေ ပေးပြီးတော့ တာဝန်ဝတ္တရား နှောက်ယှက်တယ်ဆိုတဲ့ အမှုနဲ့ တရားစွဲထားတယ်။ အခုအချိန်အထိ အဲဒီအမှုကလည်း မပြီးသေးပါဘူး။ အဲဒီတော့ တိုင်ရမယ်ဆိုလို့ရှိရင်လဲ အဲဒီလို ပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့ရတယ်။

XS
SM
MD
LG